Election 2020

ကယားပြည်နယ်တွင် NLD နေရာ ၂၀ နိုင်၊ ၁၄ နေရာရှုံးနိမ့်

Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၏ မဲဆန္ဒနယ် ၃၄ နေရာအနက် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က နေရာ ၂၀ သာ အနိုင်ရရှိကြောင်း ကယားပြည်နယ်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ထံမှ သိရသည်။

လွိုင်ကော်၊ ဒီမော့ဆိုနှင့် ဖားဆောင်းမြို့နယ်တို့တွင် မဲဆန္ဒနယ် ၁၅ နေရာစလုံး အနိုင်ရရှိပြီး၊ မယ်စဲ့မြို့နယ်တွင် ၄ နေရာ၊ ဗမာတိုင်းရင်းသားရေးရာ ၁ နေရာ အနိုင်ရရှိသဖြင့် စုစုပေါင်း နေရာ ၂၀ အနိုင်ရရှိကြောင်း၊ ဘောလခဲ၊ ဖရူဆိုနှင့် ရှားတော မြို့နယ်တို့မှ မဲဆန္ဒနယ် ၁၄ နေရာစလုံးတွင် ရှုံးသွားကြောင်း NLD ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဦးပြည့်ဖြိုးအောင်က ဧရာဝတီကို အတည်ပြု ပြောဆိုသည်။

လူဦးရေ ၃ သိန်းကျော်သာရှိသည့် ကယားပြည်နယ်တွင် ခရိုင် ၂ ခု၊ မြို့နယ်ပေါင်း ၇ ခုရှိပြီး ရွေးကောက်ပွဲ အခင်းအကျင်း အရ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၄ နေရာနှင့် ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၃၄ နေရာ ရှိသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အဆိုပါ မဲဆန္ဒနယ် ၃၄ နေရာအနက် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ၇ နေရာနှင့် တသီးပုဂ္ဂလ ၁ နေရာ အနိုင်ရရှိ ထားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အရ NLD သည် ၎င်း အနိုင်ရရှိထားသည့် ၂၆ နေရာအနက် နေရာ ၂၀ သာ ပြန် လည် အနိုင်ရရှိသဖြင့် ၆ နေရာ လက်လွတ်ဆုံးရှုံးသွားသည့် အခြေအနေ ဖြစ်သည်။

အဆိုပါနေရာများကို ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီဖြစ်သော ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က ၈ နေရာ ရယူသွားနိုင်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၆ နေရာ အနိုင်ရထားကြောင်း သိရသည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က တရားဝင် မကြေညာသေးသော်လည်း မဲရုံရလဒ်ကို စောင့်ကြည့်နေသည့် ကရင်နီ လူငယ်အဖွဲ့၏ မဲစုပေါင်းချက်ရလဒ်များအရ ပြည်နယ်၏ ၃၄ နေရာအနက် ဖရူဆိုတွင် ၅ နေရာ၊ ရှားတောတွင် ၃ နေရာ စုစုပေါင်း ၈ နေရာ အနိုင်ရရှိထားကြောင်း KySDP အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ဧရာဝတီကို ပြောသည်။

“လက်ရှိရနေတဲ့ အနေအထားကို ဘယ်လိုမှ မကျေနပ်နိုင်ပါဘူး။ ကျနော်တို့က ၇၅ ရာခိုင်နှုန်းအထက် အနိုင်ရရှိဖို့ မျှော်မှန်း ထားတာဖြစ်တယ်။ ကြိုးလည်းကြိုးစားနေပေမယ့် ဒီလိုဖြစ်သွားတယ်ပေါ့။ ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတာမှာ ပါတီ အ နေနဲ့ တချို့နေရာမှာ လိုအပ်ချက်တွေ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

KySDP သည် ၂၀၁၅ တွင် ဝင်ပြိုင်ပြီး ရှုံးခဲ့သည့် ကယားလူမျိုးစုဒီမိုကရေစီပါတီနှင့် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ (ကယား ပြည်နယ်)နှစ်ခု ပေါင်းစည်းထားခြင်းဖြစ်ပြီး ၂၀၂၀ တွင် ကယန်းအမျိုးသားပါတီ (KNP)နှင့် မဟာမိတ်ပြုကာ မဲဆန္ဒနယ် ၃၄ နေရာကို အတူခွဲဝေ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ခူးသဲရယ်က “နောက်တဖက်က ပြည်သူလူထုရဲ့ နိုင်ငံရေးနားလည်သိရှိမှုက အားနည်းနေသေးတယ်ဆိုတာ ပိုပြီးတော့မှ ပေါ်လွင်တာပေါ့။ ပြည်သူလူထုကို အပြစ်တင်တာတော့ မဟုတ်ဘူး။ လက်ရှိ အခြေအနေအရ ပြည်သူလူထုအမြင်မှာ တိုင်း ရင်းသားနိုင်ငံရေး အားကောင်းလာဖို့ ဆိုတဲ့နေရာမှာ သိပ်မနားလည်သေးတာ ဖြစ်တယ်” ဟု သုံးသပ်သည်။

ကိုဗစ်ဖြစ်နေသည့် ကာလတွင် လက်ရှိအစိုးရ တာဝန်ယူထားသည့် NLD ပါတီက စည်းရုံးရေး ကာလအတွင်း ငွေကြေး၊ ပစ္စည်းများ လိုက်လံ ထောက်ပံ့ခြင်းမျိုး ရှိသည့်အခါ ပါတီက ထောက်ပံ့သလား၊ နိုင်ငံတော်အစိုးရတရပ်က ထောက်ပံ့သ လားဟူ၍ ပြည်သူလူထုက နားမလည်ဘဲ ၎င်းတို့အား ထောက်ပံ့ပေးသည့်အတွက် မဲပေးရမည်ဟူသော အမြင်ဖြင့် NLD ကို မဲထည့်သည့် အနေအထားမျိုးလည်း သုံးသပ်မိကြောင်း ၎င်းက ရှင်းပြသည်။

KySDP အနေဖြင့် မျှော်လင့်ထားသည့် အခြေအနေ မရရှိခဲ့သော်လည်း ၂၀၁၅ နှင့် နှိုင်းယှဉ်ပါက သုညရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကျော်ထိ ရရှိမှု၊ လွှတ်တော်သုံးရပ်စလုံး၌ အနိုင်ရရှိမှု အခြေအနေကို ကြည့်ခြင်းအားဖြင့် အတော်လေး အားရ ကြောင်း ကယားရွေးကောက်ပွဲ အခြေအနေကို လေ့လာစောင့်ကြည့်နေသည့် ကိုကျော်ထင်အောင်က မှတ်ချက်ပြုသည်။

“NLD အနေနဲ့ စိတ်အေးလက်အေး မဲဆွယ်စရာမလိုဘဲ နေရာစုံ နိုင်သွားနိုင်မယ့် အခင်းအကျင်းတခုကို စီမံခန့်ခွဲမှု အ လွဲတွေ၊ ဒီတိုင်းရင်းသား တန်းတူရေးတွေနဲ့ ရိုးရာဓလေ့အပိုင်းတွေအပြင် ဗိုလ်ချုပ်ကြေးရုပ်လို မလိုလားအပ်တဲ့ ကိစ္စမျိုးတွေ ကို လုပ်ဆောင်ခဲ့မှုကြောင့် ဆုံးရှုံးခဲ့ရတယ်” ဟုလည်း ၎င်းက သုံးသပ်ပြောဆိုသည်။

ကယားပြည်နယ်ဝန်ကြီးချုပ်ဟောင်းဖြစ်သလို NLD ပါတီ ကိုယ်စားပြု၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်သည့် ဦးအယ်လ်ဖောင်းရှိုကလည်း ထောက်ခံမှုနှုန်း ၇၄ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

“အားနည်းချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး ပေးအပ်လာတဲ့ တာဝန်ပေါ်မှာ တာဝန်ကျေပွန်သည်ထက် ကျေပွန်အောင် စေတနာ၊ မေတ္တာအပြည့်နဲ့ ထမ်းရွက်သွားမယ်လို့ ကတိပြုပါတယ်”ဟု ဦးအယလ်ဖောင်းရှိုက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ယနေ့ ရေးသားဖော်ပြထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ် မဲဆန္ဒနယ် ၃၄ နေရာအနက် နိုင်ငံရေးပါတီ ၁၂ ပါတီ၊ တသီးပုဂ္ဂလ ၁၃ ဦး အပါအဝင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၂၃၈ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ကယားပြည်နယ်တွင် မဲပေးခွင့်ရှိသူပေါင်း ၂၀၇၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၂၃၃ ရုံရှိကာ မဲရလဒ်များကိုမူ ပြည်နယ်ကော် မရှင်မှ ယနေ့ညနေပိုင်း သို့မဟုတ် နိုဝင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းလောက်မှ တရားဝင် ထုတ်ပြန်ကြေညာဖွယ် ရှိကြောင်း သိရသည်။

You may also like these stories:

NLD ကို ချစ်လို့ပြောတယ် မှတ်

ပွဲဆူခဲ့သည့် စစ်ကိုင်းတွင် NLD တိုင်းလုံးကျွတ်အနိုင်ရ

NLD က ချင်းပြည်နယ်မှာ အကုန်လုံးနီးပါး အောင်နေပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading