Election 2020

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများက မဲရရှိမှုအခြေအနေများ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အချို့ရှိ ဆန္ဒမဲများကို ရေတွက်ရာတွင် အချို့ဒေသများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီက အနိုင်ရနေပြီး အချို့ဒေသများတွင် သက်ဆိုင်ရာ ဒေသအခြေပြု တိုင်းရင်းသားနိုင်ငံ ရေးပါတီများက မဲအသာစီး အနေအထားဖြင့် ဦးဆောင်နေကြောင်း အဆိုပါနိုင်ငံရေးပါတီများထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ နာဂအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သော လေရှီး၊ လဟယ်၊ နန်းယွန်း မြို့နယ်များတွင် NLD ပါတီက အနိုင်ရရှိထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး NLD အောင်နိုင်ရေးကော်မတီ အဖွဲ့ ခေါင်းဆောင် ဒေါ်ခင်စန်းလှိုင် က ပြောကြားသည်။

ရှမ်းပြည်နယ်ရှိ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့တွင်မူ သက်ဆိုင်ရာ ဒေသအခြေပြု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) နှင့် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) တို့က ပြိုင်ဘက်ပါတီများကို မဲအသာစီးအနေအထားဖြင့် ဦးဆောင်နေကြောင်း သိရသည်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဟိုပုန်း၊ ဆီဆိုင် နှင့် ပင်လောင်းမြို့များတွင် (PNO) က မဲအပြတ်အသတ်ဖြင့် အသာစီးရနေကြောင်း PNO ဗဟိုကော်မတီဝင် စောခွန်ကျော်ဝင်းက ဧရာဝတီသို့ပြောသည်။

“ဟိုပုန်း၊ ဆီဆိုင် ၊ ပင်လောင်းက အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော်ရယ်၊ ပြည်နယ်လွှတ်တော်ရယ် အကုန်လုံးက မဲအသာနဲ့ နိုင်နေတယ်ပေါ့။ နောက်ပြီး ပြိုင်ဘက်ပါတီတွေက မဲအမီလိုက်ဖို့ မလွယ်နိုင်တဲ့ အနေအထားမှာရှိတယ်ပေါ့။ နောက်တခု လွိုင်လင် မဲဆန္ဒနယ်အမှတ် (၁) ပေါ့။ အဲဒီမှာလည်း မဲအသာနဲ့ သေချာနေပြီလို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ နမ့်ဆန်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) က မဲအသာစီးဖြင့် ဦးဆောင်နေပြီး မန်တုံ မြို့နယ်အခြေအနေကိုတော့ မသိရသေးကြောင်း ယင်းပါတီအတွင်းရေးမှူး ဦးမိုင်းအုန်းခိုင်က ပြောကြားသည်။

“နမ့်ဆန်မှာတော့ ကျနော်တို့ အားလုံးရထားတယ်။ ကျန်တဲ့မြို့နယ်တွေကတော့ အသေးစိတ် တက်မလာသေးဘူး” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲကျင်းပခွင့်ရသည့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မက်မန်းနှင့် ဟိုပန် မြို့နယ်အနက် ဟိုပန်မြို့နယ် တွင်သာ ဝ အမျိုးသားပါတီက ပြိုင်ဘက်ပါတီများထက် မဲအနည်းငယ် အသာရနေကြောင်း ဝ အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဆိုင်းပေါင်းနပ်က ပြောသည်။ မက်မန်းမြို့နယ်တွင် ရွေးကောက်ပွဲ မဲရလဒ်အခြေအနေ မည်ကဲ့သို့ဖြစ်နေသည်နှင့် ပတ် သက်၍ သီးခြားအတည်ပြုချက် မရယူနိုင်သေးပေ။

ထို့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် မထုတ်ပြန် ရသေးသဖြင့် မဲရလဒ် အသေးစိတ်ကို ဧရာဝတီက အတည်မပြုနိုင်သေးပါ။

You may also like these stories:

ပလက်ဝတွင်လည်း NLD အနိုင်ရ

ကယားပြည်နယ်တွင် NLD နေရာ ၂၀ နိုင်၊ ၁၄ နေရာရှုံးနိမ့်

Loading