ဧရာဝတီတိုင်း ဒေသကြီးရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၉၀ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အမတ်လောင်းများက ပြိုင်ဘက်များကို မဲအရေအတွက် အပြတ် အသတ်ဖြင့် အနိုင်ရခဲ့ကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ပြည်သူ့ လွှတ်တော် ၂၆ နေရာ၊ အမျိုးသား လွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီး လွှတ်တော် ၅၂ နေရာ၊ ကရင်နှင့် ရခိုင်တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်တို့ အပါအဝင် မဲဆန္ဒနယ် ၉၂ ခုတွင် နိုဝင်ဘာ လ ၈ ရက်က ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။
ကရင်နှင့် ရခိုင် တိုင်းရင်းသားရေးရာ မဲဆန္ဒနယ်၂ ခုမှ လွဲ၍ ကျန်မဲဆန္ဒနယ် ၉၀ တွင် NLD ပါတီ အမတ်လောင်းများ က အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်လောင်းများကို မဲအရေအတွက် သောင်းနှင့် ချီ၍ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီ အောင်နိုင်ရေး အဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး NLD ပါတီ အောင်နိုင်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နီနီမိုးက “ဧရာဝတီတိုင်းမှာ မြို့နယ်
၂၆ မြို့နယ်က နေရာအားလုံးမှာ ကျမတို့ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေ အနိုင်ရရှိခဲ့ပါတယ်။ နေရာအားဖြင့် ပြည်သူ့ လွှတ်တော် ၂၆ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော် ၅၂ နေရာ အနိုင်ရရှိပါ တယ်။ အခုလက်ရှိ မြို့နယ် ၆ ခုက မဲစာရင်း အတိအကျ ထွက်ပါပြီ။ တခြားသော မြို့နယ်များကလည်း မဲရလဒ်တွေ အပြီးသတ် ဆောင်ရွက်နေကြပါပြီ” ဟု ပြောသည်။
လက်ရှိတွင် ဟင်္သာတ၊ အင်္ဂပူ၊ မြန်အောင်၊ လေးမျက်နှာ၊ ညောင်တုန်းနှင့် မြောင်းမြမြို့နယ်တို့၏ မဲစာရင်းများ အတိအ ကျ ထွက်ပေါ်ထားပြီး အဆိုပါ မဲရလဒ်များအရ NLD ပါတီအမတ်လောင်းများမှာ မဲအရေအတွက် ၁ သောင်းမှ ၅ သောင်းအထိ ကွာခြား၍ ပြိုင်ဘက်ပါတီ ကြံ့ခိုင်ရေးအမတ်များကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မဲရလဒ်များအရ အင်္ဂပူမြို့နယ်တွင် NLD ပါတီ၏ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ကြံ့ခိုင်ရေးပါတီမှ ဝန်ကြီး ချုပ်ဟောင်း ဦးသိန်းအောင်ကို မဲအရေအတွက် ၁ သောင်း ၅ ထောင်ခန့်ဖြင့် အနိုင်ရရှိခဲ့သလို မြန်အောင်မြို့နယ်တွင် NLD ပါတီ၏ လက်ရှိ ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ အမတ်လောင်းကို မဲအရေအတွက် ၃ သောင်း အကွာဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်း NLD ပါတီ အောင်နိုင်ရေး အဖွဲ့ဝင် ဦးမျိုးသန့်က “၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရမှုဟာ ၂၀၁၅ ရွေး ကောက်ပွဲထက် မဲဆန္ဒနယ် ပိုများသလို မဲအရေအတွက် အသာရမှုဟာလည်း အပြတ်အသတ် ကွာခြားတာ တွေ့ရ ပါတယ်။၂၀၁၅ တုန်းက ကျနော်တို့ ရှုံးနိမ့်ခဲ့တဲ့ မဲဆန္ဒနယ်အားလုံးဟာ လက်ရှိ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်လည် အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
NLD ပါတီမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ် ၉၂ နေရာအနက် ပြည်သူ့လွှတ်တော် ၂၅ နေရာ၊
အမျိုးသားလွှတ်တော် ၁၂ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၂၃ နေရာ၊ ကရင်နှင့်ရခိုင် တိုင်းရင်းသားရေးရာ မဲ ဆန္ဒ နယ်များ အပါအဝင် မဲဆန္ဒနယ် ၈၈ နေရာ အနိုင်ရရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့် ၉၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်း ဖြစ် သည်။
လက်ရှိ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၉၀ အနိုင်ရထားသည့်အတွက် NLD ပါတီမှာ ဧရာဝတီတိုင်း တခုလုံးရှိ မဲဆန္ဒနယ်အားလုံး၏ ၉၈ ရာခိုင်နှုန်း အနိုင်ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် ကို အနိုင်ရရှိ