NLD ပါတီသည် ရခိုင်တောင်ပိုင်းမြို့ နယ်များ ဖြစ်သည့် တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် စသည့် ၃ မြို့နယ်တွင် အမျိုးသား အနိုင်မရသော်လည်း လက်ရှိ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု ဝင်ရောက် ယှဉ်ပြိုင်သည့် ဂွ မြို့နယ်နှင့် သံတွဲမြို့နယ်တို့ တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။
NLD ပါတီမှ သံတွဲမြို့နယ် မဲဆန္ဒ နယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနိုင်ကြွေအေးက “တောင်ကုတ်နဲ့ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်မှာတော့ ANP ပါတီက အနိုင်ရတယ်လို့ ပြောပါတယ်။ သံတွဲ နဲ့ ဂွမှာကတော့ ကျနော်တို့ ပါတီက နေရာ အားလုံး နိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်တောင်ပိုင်းများတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ပါတီများမှာ ANP ၊ ရခိုင့် ဦးဆောင်ပါတီ ၊ အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ် ပါတီ(NLD)၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တို့ အဓိက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းလည်း ဖြစ်သည်။
တောင်ကုတ် မဲဆန္ဒနယ် အမှတ် (၂) တွင် ဝင်ရောက် ယှဉ်ပြိုင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)ပါတီ ကိုယ်စား လှယ်လောင်း ဒေါက်တာ တင်မာအောင် ကတော့ ၎င်း အနိုင်ရခြင်း မရှိဘဲ ရခိုင်အမျိုးသား ပါတီက အနိုင်ရရှိသွားခဲ့ ကြောင်း ပြောသည်။
သံတွဲခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်သိန်းက “အကြမ်းဖျင်းအားဖြင့်အားတော့ သံတွဲနဲ့ ဂွမှာ NLD နိုင်ပါ တယ်။ တောင်ကုတ်မှာတော့ ANP က နိုင်တယ်လို့ ပြောတယ်။ အဖြေကတော့ ထွက်သင့်သလောက် ထွက်ပြီးပေ့ါ။ အခု ကတော့ ပုံစံ (၉) ဆိုတာ အဲဒါတွေကို ဖြည့်စွက် လုပ်နေတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကာလတွင် ရခိုင်ပြည်နယ် တောင်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် စသည့် မြို့နယ်များတွင် NLD ပါတီက နေရာ အားလုံး အနိုင်ရရှိခဲ့ကာ ရခိုင်ဒေသတွင်း ပါတီများက တဦး တယောက်မျှ အနိုင် ရရှိခဲ့ခြင်း မရှိပေ။
ရခိုင်ပြည်နယ်တွင် NLD ပါတီ အမာခံဖြစ်သည့် တောင်ကုတ်မြို့နယ်၌လည်း ကျေးရွာအုပ်စု ၅၀ ကျော် ရွေးကောက်ပွဲ ပယ်ဖျက် စာရင်းတွင် ပါဝင်သွားသည့်အတွက် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) နေရာမှာလည်း ရွေးကောက်ပွဲ ကျင်းပ နိုင်ခြင်း မရှိသလို NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည့် ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချော တို့မှာလည်း ဖမ်းဆီးခံနေရပြီး လက်ရှိ အချိန်အထိ ပြန်လွတ်လာခြင်း မရှိသေးပါ။
You may also like these stories:
ရခိုင်တွင် ANP ပါတီက ၁၅ နေရာ အနိုင်ရနေ
ရွေးကောက်ပွဲ နီးကပ်လာချိန် တောင်ကုတ်မှ NLD အမတ်လောင်း ၃ ဦး ပြန်မလွတ်သေး