ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အမြင့်ကျွန်း ကျေးရွာ၌ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်က ကြိုတင်ပေးရာ မဲစာရွက်တွင် တံဆိပ်တုံး ရိုက်ပြီးသား မဲအချို့ပါသဖြင့် မဲပေးသူနှင့် မဲရုံတာဝန်ရှိသူတို့ကြား အငြင်းပွားမှု ဖြစ်စဉ်အတွက် ရပ်ကျေး တာဝန်ရှိသူတို့ကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ အရေးယူရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “အဲဒီမှာ သူတို့ဘက်ကလည်း အား နည်းချက် ရှိခဲ့တယ်။ ဒီအားနည်းချက်ကို အခြေအနေ တခု စောင့်ကြည့်ပြီး ဥပဒေကြောင်းနဲ့အညီ အရေးယူမှုတွေ ပြု လုပ်ပေးဖို့ လုပ်နေတယ်။ မကြာခင်မှာပဲ တခုခု လုပ်ဆောင်သွားဖို့ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမြင့်ကျွန်းကျေးရွာတွင် ကြိုတင်မဲပေးရာ၌ မဲမပေးရသေးသည့် မဲစာရွက် ၁၅ ရွက်တွင် ရခိုင့် ဦးဆောင်ပါတီ (AFP) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်ကိုကိုလင်း နေရာ၌ ကြိုတင်ပြီး မဲတံဆိပ်တုံး ရိုက်နှိပ်ထားခဲ့သည့် အတွက် ကြိုတင်မဲပေးခဲ့သူဦးရေ ၃၀၀ ကျော်၏ မဲများကို ပယ်ဖျက်လိုက်ကြောင်း၊ ယင်းကျေးရွာရှိ ရွေးကောက်ပွဲ ကော်မ ရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကိုလည်း တာဝန်မှ ရပ်ထားလိုက်ကြောင်း သိရသည်။
စစ်တွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစံသာအောင်က “ကျနော်တို့ စိစစ်ကြည့်တော့ ရပ်ကျေးရွေး ကော် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ နှစ်ဦးနှစ်ဖက် ပေါ့လျော့မှု ပါတယ်။ ဒါကို ပါတီတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းရေး ကော် မတီက သဘောထားအရ သူတို့ကို ယုံကြည်မှု မရှိတော့ဘူး ဆိုပြီး တာဝန်က ရပ်စဲခဲ့ပြီးတော့ နောက်လူတွေကို အသစ် ရွေးချယ်ခဲ့တယ်။ လက်ရှိမှာ သူတို့တွေကိုကျတော့ ပြည်ထောင်စုရွေးကော်ရဲ့ သဘောထားကို မေးမြန်းထား တယ်” ဟု ဆိုသည်။
အဆိုပါ အငြင်းပွားမှု ကိစ္စကြောင့် နိုဝင်ဘာလ ၆ ရက်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် ရခိုင်ပြည်နယ် အတွင်း မှာ သက်ဆိုင်ရာ ပါတီများဖြစ်ကြသော ANP၊ AFP၊ NLD၊ USDP တို့၏ မြို့နယ် တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပွဲ တခုပြုလုပ်ကာ ပါတီများ၏ သဘောတူညီချက်ဖြင့် ကျေးရွာ ရွေးကော်တာဝန်ရှိသူတို့ကို ရွေးကောက်ပွဲတာဝန်မှ ရပ်စဲ လိုက်ခြင်းဖြစ်ကြောင်းလည်း ဦးစံသာအောင်ထံမှ သိရသည်။
ယင်းနေ့က ဖြစ်စဉ်တွင် အငြင်းပွားခဲ့သည့် ကြိုတင်မဲ ဆန္ဒရှင်တို့၏ မဲများကို ပယ်ဖျက်ခဲ့ကာ ကျန်သည့် မဲဆန္ဒရှင်များ ကို နိုဝင်ဘာ ၈ ရက်က မဲပေးခွင့် ရရှိခဲ့ကြောင်းလည်း အမြင့်ကျွန်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောသန်းမောင်ထံမှ သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး အမြင့်ကျွန်းကျေးရွာမှ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိတို့ကို မည်ကဲ့သို့ အရေးယူမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
သို့သော်လည်း ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၆၀ တွင် ဆန္ဒမဲလက်မှတ် (သို့) ကြိုတင်မဲ လက်မှတ်များကို မသမာသော နည်းဖြင့် အခြားသူအားပေးခြင်းတို့ ဖြစ်ပေါ်ပါက ထောင်ဒဏ် ၁ နှစ်နှင့် ငွေဒဏ် ၁ သိန်းထိ ကျခံရမည် ဖြစ်ကြောင်း ပါရှိသည်။
အမြင့်ကျွန်း ကျေးရွာသည် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်း နယ်စပ် ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် တည်ရှိပြီး ဆန္ဒမဲ ပေးခဲ့ရှိသူ ၁၇၀၀ ခန့် ရှိခဲ့ကြောင်းလည်း သိရသည်။
အလားတူ ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ နှင့် ၃၀ ရက်များတွင် သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စု၌လည်း အသက် ၆၀ ကျော်အရွယ်များ ကြိုတင်မဲပေးကြရာ၌ မဲဆန္ဒနယ် အမှတ် ၁၁ အမျိုးသား လွှတ်တော်နေရာတွင် တခြား မဲဆန္ဒနယ်များမှ မဲလက်မှတ်များ ဖြစ်နေသည့်အတွက် မဲ ၄၀၀ ခန့် မှားယွင်းမှု ဖြစ်ပွားခဲ့သည်။
You may also like these stories:
ကြိုတင်မဲတွင် တံဆိပ်တုံး ရိုက်နှိပ်ထားခြင်းကြောင့် စစ်တွေတွင် အငြင်းပွားမှုဖြစ်နေ
ရခိုင်တွင် ANP ပါတီက ၁၅ နေရာ အနိုင်ရနေ