စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၏ မဲရလဒ်များကို ပြန်လည် စိစစ် သုံးသပ်ပေးရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်များက ကန့်ကွက်စာတင်ထားကြောင်း မင်းကင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မင်းကင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ ဦးတင်ဝင်းက “စာကိုလက်ခံထားပြီးတော့ ခရိုင်ကို တင်ထား တယ်။ ပြည်ခိုင်ဖြိုးပါတီကနေပြီး ဒီလိုတင်သွင်းလာတာ ရှိတယ်။ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို ညွှန်ကြား ချက်ကို စောင့်နေတာပါ။ သူတို့တင်ထားတာက ဘယ်မဲရုံ၊ ဘယ်မဲရုံဆိုပြီးလည်း မဟုတ်ဘူး။ မဲရုံအချို့မှာတဲ့ မဲရလဒ် ကြိုတင်မဲ များဟာ သူတို့စိတ်ထဲမှာ မှန်ကန်တယ်လို့ မယူဆဘူးဆိုပြီး တင်ထားတာ”ဟု ပြောသည်။
ကန့်ကွက်စာ တင်သူများမှာ မင်းကင်းမြို့နယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မြင့်၊ တိုင်းဒေသကြီး (၁) တွင် ဝင်ပြိုင်သည့် ဦးဇော်မိုးလွင်နှင့် တိုင်းဒေ သကြီး (၂) တွင် ဝင်ပြိုင်သည့် ဒေါက်တာဆန်းဝင်းတို့ ဖြစ်သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မင်းကင်းမြို့နယ်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် တိုင်းဒေသကြီး အမှတ်၂ ကိုယ်စားလှယ် နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် နေရာအားလုံး ရှုံးနိမ့်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားကြောင်း သိရသည်။
သို့ဖြစ်ရာ ယင်းသို့ အနိုင်ရရှိခြင်းသည် မဲစာရင်းကောက်ယူခြင်းနှင့် ခိုင်လုံမဲ၊ ပယ်မဲများ သတ်မှတ်ခြင်းတို့တွင် မသမာမှုများ ရှိနေခြင်းကြောင့် ကန့်ကွက်စာ တင်ရခြင်းဖြစ်ကြောင်း လက်ရှိ မင်းကင်းမြို့နယ် အမှတ် ၂ တိုင်းဒေသကြီး ကိုယ်စားလှယ် လည်းဖြစ်ပြီး ယခုရွေးကောက်ပွဲတွင်ပါ ပြန်လည်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာဆန်းဝင်းက ပြောသည်။
“ပြည်ခိုင်ဖြိုးကို မဲပေးမယ့် လူဆိုရင် မဲစာရင်းထဲမှာ မပါဖို့အတွက် နည်းမျိုးစုံနဲ့ ကန့်ထားတယ်။ NLD ကိုမဲပေးမယ့် လူဆိုရင် မဲစာရင်းထဲမှာ မပါထိုက်သော်လည်း မပါ ပါအောင်ထည့်တယ်။ ကြိုတင်မဲတွေ ကောက်ယူတဲ့ အခါမှာလည်း အမှန်တကယ် ဥပဒေအရ ပြဋ္ဌာန်းထားတဲ့ အချက်အလက်တွေကို ကျော်လွန်ပြီး NLD မဲတွေဆိုရင် ခိုင်လုံမဲ ဖြစ်အောင်လုပ်တယ်။ ပြည်ခိုင် ဖြိုးမဲတွေဆိုရင် သူ့ရဲ့ ဥပဒေ အတိုင်းပဲ ပယ်မဲတွေ ဖြစ်အောင်လုပ်တယ်”ဟု ၎င်းက ပြောသည်။
ထိုကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကန့်ကွက်စာ တင်ထားသော်လည်း မဲရလဒ် စိစစ်ကြေညာခြင်း များကို အများပြည်သူရှေ့တွင် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် အချက်အလက်များမှာ မှားယွင်းနိုင်ခြေ မရှိကြောင်း မင်းကင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဥက္ကဋ္ဌ ဦးတင်ဝင်းက ရှင်းပြသည်။
ဆက်လက်ပြီး ၎င်းက “ဒါတွေကလည်း ပြည်သူတွေ အားလုံး၊ ကိုယ်စားလှယ်တွေရှေ့မှာ ရေတွက်ရတာ ဖြစ်တယ်။ မဲလက်မှတ်တွေပြပြီးတော့ ဆောင်ရွက်ရတာ ဖြစ်တော့ ကျနော်တို့ အနေနဲ့ကတော့ တကယ်တမ်း တိတိကျကျ စစ်ဆေး မယ် ဆိုရင်လည်း မှားယွင်းနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ရွေးကောက်ပွဲဖြစ်စဉ်တလျောက် အငြင်းပွားစရာ မြောက်မြားစွာရှိခဲ့သည့်အပြင် ယခုအချိန်အထိလည်း ရှိနေဆဲဖြစ်ရာ ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ပါတီအဖွဲ့ခွဲများထံ အရောက်ပို့ပေးရန် မေတ္တာရပ်ခံကြောင်းကို ယနေ့ တွင်ပြောသည်။
“ဥပဒေနဲ့ အညီဖြစ်တဲ့ မျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျနော်တို့က ဥပဒေနဲ့ အညီ ဆက်ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုလိုချင်တဲ့ ရလဒ်ဖြစ်အောင် ကျနော်တို့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ၎င်းက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် မဲရုံအရေအတွက် ၁၃၃ ရုံရှိပြီး မဲပေးသူဦးရေ ရှစ်သောင်းကျော်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားသည်။
မင်းကင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ (UBP) တို့က ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။
You may also like these stories:
စစ်တွေ မဲသမာမှု ရွေးကော်တာဝန်ရှိသူများကို အရေးယူရန် လုပ်ဆောင်နေ
ရွေးကောက်ပွဲကာလ မသမာမှု ၂၂ မှု အရေးယူထား
ကော့မှူးတွင် ဒေါ်အောင်ဆန်းစုကြည် မဲအပြတ်အသတ်ဖြင့် အနိုင်ရ