ကချင်ပြည်နယ်တွင် ဒေသခံ ကချင်ပါတီများကို မဲအပြတ်အသတ် ကျော်တက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက တပြည်နယ်လုံး၏ ကိုယ်စားလှယ်ဦးရေ ၇၄ ရာခိုင်နှုန်းကျော်ကို အနိုင်ရရှိထားပြီဟု သတင်းရရှိသည်။
ကချင်ပြည်နယ်၊ NLD ၏ ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်က “မဲရေတွက်ဖို့က နောင်မွန် တနေရာ ပဲ ကျန်တယ်။ ဒါတောင် နောင်မွန်မှာ ကျနော်တို့က ပြည်နယ် ၁ မှာ နိုင်ထားပြီ။ ၂ မှာ ရှုံးတယ်။ ပြည်သူ့အတွက် မဲရေတာ စောင့်နေတာ။ လက်ရှိအချိန်ထိ တပြည်နယ်လုံးမှာ ရာခိုင်နှုန်းနဲ့ တွက်ရင် ကျနော်တို့ ၇၄.၂ ရာခိုင်နှုန်း နိုင်ထားပါပြီ” ဟု ပြော သည်။
ကချင်ပြည်နယ်၏ မြို့နယ် ၁၈ မြို့နယ်အတွက် ပြည်နယ်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ ၊ ပြည်နယ်လွှတ်တော်အတွက် ၃၆ နေရာနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ နေရာ၊ စုစုပေါင်း ကိုယ်စားလှယ်နေရာ ၇၀ အတွက် နိုင်ငံရေးပါတီ ၁၂ ခု၊ တသီးပုဂ္ဂလ တို့မှ ကိုယ်စားလှယ်လောင်း ၄၀၀ ကျော်က ဝင်ရောက် ယှဉ်ပြိုင်ထားသည်။
NLD ပါတီက ပြည်သူ့လွှတ်တော် ၁၈ နေရာတွင် ၁၂ နေရာ အနိုင်ရပြီး ၅ နေရာ ရှုံးထားသည်။
နောင်မွန်မြို့နယ်ရှိ ပြည်သူ့ လွှတ်တော်မဲမှာ ရေတွက်နေဆဲ ဖြစ်သဖြင့် အနိုင်အရှုံး မပြတ်သေးသည့် အခြေအနေတွင် ရှိသည်။
NLD ပါတီမှ ရှုံးနိမ့်ထားသည့် ၅ နေရာအနက် ဆွမ်ပရာဘွမ်၊ ချီဖွေ၊ မံံစီနှင့် ခေါင်လန်ဖူးတို့၏ ပြည်သူ့လွှတ်တော်နေရာများ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ်များက အနိုင်ရရှိထားပြီး ကျန် ၁ နေရာဖြစ်သည့် အင်ဂျန်းယန်မြို့နယ်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က အနိုင် ရရှိထားသည်။
အမျိုးသား လွှတ်တော် ၁၂ နေရာတွင် NLD က ၁၀ နေရာ၊ ဒီမိုကရေစီပါသစ် (ကချင်) က ၁ နေရာ အနိုင်ရထားပြီး ကျန် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာ မဲရေတွက်နေဆဲ ဖြစ်သည်။
ကချင်ပြည်နယ်၏ တိုင်းရင်းသားရေးရာ ဝန်ကြီး ၄ နေရာနှင့် ပတ်သက်၍လည်း ဦးဝင်းဗိုလ်က “တိုင်းရင်းသားရေးရာဝန် ကြီးနေရာ ဗမာရေးရာ၊ ရဝမ်ရေးရာ၊ ရှမ်းရေရာမှာလည်း ကျနာ်တို့ မဲအပြတ်အသတ် နိုင်တယ်။ လီဆူရေးရာမှာတော့ ရှုံး တယ်” ဟု ပြောသည်။
NLD ရှုံးနိမ့်ခဲ့သည့် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် အနိုင်ရရှိသူမှာ လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်း ဖြစ်သည်။
ဦးရွှေမင်းက “အခု နောက်ဆုံး မဲရေတွက်ထားတာက ကျနော့်နောက်က ဒုတိယ လိုက်တဲ့ အဖွဲ့ချုပ်ပါတီထက် ကျနော်က မဲ ၉၀၀၀ ကျော် များတယ်။ ကျန်တာက နောင်မွန်နဲ့ ခေါင်လန်ဖူးပဲ။ အဲဒီက အလွန်ဆုံးရှိရင်တောင် မဲက ၄၀၀၀ ပဲ။ ဒါတောင် အဲဒီ ဒေသမှာ ကျနော့်ကို ထောက်ခံသူတွေ ရှိတယ်” ဟု ပြောသည်။
ကချင်ပြည်နယ် ပြည်နယ် လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၆ နေရာတွင်လည်း NLD ပါတီမှ ၂၄ နေရာ အနိုင်ရရှိ ထားပြီ ဖြစ်သည်ဟု သိရသည်။
ကျန် ၁၁ နေရာအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄ နေရာ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီက ၃ နေရာ၊ ဒီမိုကရေစီပါတီသစ် (ကချင်) က ၁ နေရာ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီက ၁ နေရာ၊ တသီးပုဂ္ဂလ ဒေါ်ဂျာ ဆိုင်းခေါန်က ၁ နေရာ အနိုင်ရထားပြီး ကျန် ၁ နေရာ ဖြစ်သည့် ဆော့လော် မဲဆန္ဒနယ်(၂) မှာ မဲရလဒ် အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အထက်ပါ အနိုင်ရသည့် မဲရလဒ်များမှာ သက်ဆိုင်ရာမြို့နယ်အလိုက် မဲရုံများတွင် အပြီးသတ် မဲရေတွက်ပြီးသည့်အပေါ် တွင် နိုင်ငံရေးပါတီများက အနိုင်အရှုံး ပြောဆိုနေကြခြင်း ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအရ မြို့နယ်အလိုက် မဲရလဒ်များကို မြို့နယ်၊ ပြည်နယ်ရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရုံးများမှ စိစစ်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံသို့ တင်ပြရမည် ဖြစ်သည်။
UEC က ထပ်မံ စိစစ်ပြီး မဲရလဒ်အများဆုံး ရထားသည့် ကိုယ်စားလှယ်အမည်ကို အနိုင်ရရှိကြောင်း ကြေညာမှသာ တရား ဝင် အနိုင်ရရှိသူ ဖြစ်မည် ဖြစ်သည်။
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၏ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က “ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ မန်စီ အဲဒီမြို့နယ်တွေအတွက်က တင်ပြထားပြီးပါပြီ။ ကျန်တာတွေ ထပ်ရောက်လာတာတွေကတော့ ကျနော်တို့ အခု ထပ် စိစစ်နေပါတယ်။ ဒီညနေလောက်တော့ ထပ်တင်ပြမယ့်ထဲ ပါမှာပါ” ဟု ပြောသည်။
မိုးကောင်း၊ ရွှေကူ၊ မိုးမောက်၊ ဝိုင်းမော်၊ တနိုင်း၊ ဖားကန့် မြို့နယ်များမှာ မဲရလဒ်များမှာ ကချင်ပြည်နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၏ လက်ထဲတွင် လက်ရှိ စိစစ်နေဆဲ ဖြစ်ပြီး ယနေ့ ညနေပိုင်းတွင် UEC ထံသို့ ပေးပို့နိုင်ရန် စီစဉ်နေ သည်ဟု သိရသည်။
ကချင်ပြည်နယ်တွင်း ဝေးလံခေါင်ဖျားသည့် ဒေသများဖြစ်သည့် ဆော့လော်၊ ခေါင်လန်ဖူး၊ နောင်မွန်မြို့နယ်တို့မှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့် မဲရလဒ်များ စုစည်းပြီး အဆင့်ဆင့်စိစစ်ရန် ၈ ရက်ခန့် ကြာမြင့်နိုင်သည်ဟုလည်း ဦးထွန်း အောင်ခိုင်က ပြောသည်။
You may also like these stories:
ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ
ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်
ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် NLD အနိုင်ရဟုဆို
https://burma.irrawaddy.com/election-2020/2020/11/09/233088.html ကယားပြည်နယ်တွင် NLD နေရာ ၂၀ နိုင်၊ ၁၄ နေရာရှုံးနိမ့်