ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီး၂ နေရာကို လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (LNDP) မှ အနိုင် ရရှိသည်ဟု သတင်းရရှိသည်။
LNDP ပါတီ၏ ဥက္ကဋ္ဌ ဦးရွှေမင်း (ခ) ဦးဆီဖာလာလူးသည် ကချင်ပြည်နယ်၏ လီဆူ တိုင်းရင်းသားရေးရာဝန်ကြီး နေရာ၊ ဦးဂူဆာက ရှမ်းပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် NLD ပါတီကို မဲအပြတ်အသတ်ဖြင့် ကျော်တက် ကာ အနိုင် ရရှိနေခြင်း ဖြစ်သည်။
ဦးရွှေမင်းက “ကျနော်က မဲ၂ သောင်းကျော် ရထားတာပါ။ NLD ထက် မဲပေါင်း ၉၀၀၀ ကျော် များပါတယ်။ ဦးဂူဆာ က တော့ မဲ ၁၀၀၀ ကျော်လောက် အသာစီး ရထားတာလို့ ပြောပါတယ်” ဟု ဆိုသည်။
ဦးရွှေမင်းနှင့် ဦးဂူဆာ၏ မဲရလဒ်များမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) မှ အတည်ပြုထားခြင်း မရှိသေး သော်လည်း မဲရုံများမှ မဲရလဒ်များကို ရေတွက်ပြီးသည့် ရလဒ် အပေါ်တွင် အနိုင်အရှုံး တွက်ချက်ထားခြင်း ဖြစ်သည်။
ကချင်ပြည်နယ်တွင်း နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့မှ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးအတွက် မဲများ ထပ် လာရန် ရှိသော်လည်း ထိုမြို့နယ်၂ ခုမှ လာမည့်မဲများမှာ မဲ ၃၀၀၀ ကျော် ဝန်းကျင်သာ ရှိသဖြင့် NLD က ဦးရွှေမင်းကို နိုင် ခြေ မရှိတော့သည့် အခြေအနေ ဖြစ်သည်။
ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ပြည်နယ် အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးဝင်းဗိုလ်ကလည်း ကချင်ပြည်နယ်၏ လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွင် NLD က ရှုံးပြီး ဦးရွှေမင်းက အနိုင်ရသွားပြီဟု အတည်ပြု ပြောဆိုသည်။
ဦးရွှေမင်းက “ကျနော်တို့က ကိုယ့်ရဲ့ အမျိုးသားရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာက ကိုယ့်ရဲ့ လီဆူအမျိုး သား ပါတီပဲ ဖြစ်တယ်။ မိခင်ပါတီ အနိုင်ရတယ်လို့ ပြောလို့ ရပါတယ်။ ကျနော်တို့ ပါတီရဲ့ အမျိုးသားရေး လုပ်ဆောင်နိုင်မှု အားက ကျနော်တို့ လူမျိုးထဲမှာ အရေးပါဆုံး ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ရတာလို့ ပြောချင်ပါတယ်” ဟု ပြော သည်။
LNDP မှ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင်၂၉ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီး၂ နေရာနှင့် ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ် (၁) တွင်သာ အနိုင်ရရှိခြင်း ဖြစ်သည်။
LNDP ပါတီသည် ရွေးကောက်ပွဲ မတိုင်ခင်က ၎င်းတို့ ကိုယ်စားလှယ်များ ဝင်ပြိုင်သည့် နေရာအားလုံး၏ ၇၅ ရာခိုင်နှုန်း ခန့်ကို အနိုင်ရရန် မှန်းထားခဲ့သဖြင့် လက်ရှိ အနိုင်ရသည့် အခြေအနေမှာ မျှော်မှန်းထားသည့် အခြေအနေ မရသဖြင့် ဆိုး ဆိုးဝါးဝါးရလဒ် ဖြစ်ပါသည် ဟုလည်း ဦးရွှေမင်းက ပြောသည်။
LNDP သည် ၎င်းတို့ အနိုင်ရရှိပါက လီဆူလူမျိုးများ နေထိုင်သည့် ဒေသများတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်း အခက်အခဲ ရှိသည်များကို ကောင်းမွန်အောင် ဦးစားပေး ဆောင်ရွက်ပေးမည်ဟု ကတိပြုထားသည်။
LNDP သည် ကချင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားသည့် နယ်မြေများတွင် ကချင်လွတ်လပ်ရေး တပ် မတော် (KIA) က လီဆူ အမျိုးသားများကို စစ်သားသစ် စုဆောင်းခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ဖမ်းဆီးခံရပြီး ပျောက် ဆုံး နေသူများအရေးတွင် ဦးဆောင်ကာ ကန့်ကွက်ပြောဆိုခြင်း၊ ဆန္ဒပြ ဆန့်ကျင်ခြင်းများလည်း ပြုလုပ်သည့် ပါတီ ဖြစ် သည်။
You may also like these stories:
ကချင်ပြည်နယ်တွင် NLD ပါတီ ၇၄ ရာခိုင်နှုန်းကျော် အနိုင်ရ
မြစ်ကြီးနားမှာ ကချင်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မဲအသာရနေ