Election 2020

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲ ရှုံးခဲ့သည့် နေရာအားလုံး NLD ပြန်အနိုင်ရ

Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က ရှုံးနိမ့်ခဲ့သည့် မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်မြို့နယ်ရှိ တိုင်းလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အားလုံးတွင် ပြန်လည် အနိုင် ရရှိခဲ့ကြောင်း သိရသည်။

သို့သော် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများက ယင်းရလဒ်ကို လက်မခံသေးဘဲ ရွေးကောက်ပွဲ မသမာမှုများ ရှိ သည်ဟုဆိုကာ ကော်မရှင်ထံ တိုင်ကြားခြင်း၊ ပုံစံ – ၁၉ ကို လက်မှတ်မထိုးသေးဘဲ မဲစာရင်းများ ပြန်လည် စစ်ဆေးပေးရန် တောင်းဆိုခြင်းများ ပြုလုပ်လျက်ရှိသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ မဲထွက်ပေးခဲ့ကြပြီး ပါတီ အပေါ်တွင် ပြည်သူလူထု၏ နားလည်မှု၊ အမြင်မှန်လာမှု တို့ကြောင့် ယခင် ရှုံးခဲ့သည့် နေရာများတွင် ယခုလို ပြန်အနိုင်ရရှိခြင်း ဖြစ်ကြောင်း NLD ပါတီ မန္တလေးတိုင်း ရွေးကောက်
ပွဲ အောင်နိုင်ရေးအဖွဲ့ ခေါင်းဆောင် ဦးတင်ကိုကိုက ပြောသည်။

ဦးတင်ကိုကိုက“၂၀၁၅ တုန်းက ဝါဒမှိုင်းတိုက်တဲ့အပေါ်မှာ ပြည်သူတွေ မျက်စိလည် သွားတာ ဖြစ်ကောင်း ဖြစ်မှာပါ။ အဓိ ကကတော့ ပြည်သူက သဘောပေါက် နားလည်ပြီးတော့ NLD အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ၅ နှစ်သက်တမ်းအတွင်း ဆောင်ရွက်မှုတွေကို နားလည်လာတဲ့အတွက် ပြည်သူက ပြန်ပြီး အားပေးထောက်ခံတာပေါ့။ အဓိကက ဒါပါပဲ”ဟု ပြော
သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းအတွင်းရှိ စုစုပေါင်း မဲဆန္ဒနယ် ၁၀၅ ခုတွင် NLD ပါတီ ၉၁ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၃ နေရာနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၁ နေရာ အနိုင် ရရှိခဲ့သော်လည်း ၂၀၂၀ ရွေး ကောက်ပွဲတွင် NLD က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် မိတ္ထီလာမြို့နယ်ရှိ မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီက ပြန် လည် အနိုင်ရှိခဲ့ကြောင်း၊ သို့သော် ပြိုင်ဆိုင်မှု ပြင်းထန်သဖြင့် အပြန်အလှန် ကန့်ကွက်မှုများ ရှိနိုင်ကြောင်း မိတ္ထီလာ မြို့နယ် NLD ဥက္ကဌ ဒေါက်တာ ဝင်းစိုးဦးက ပြောသည်။

ဒေါက်တာ ဝင်းစိုးဦးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ မောင်သင်းကို ပြည်သူ့ လွှတ် တော် မဲဆန္ဒနယ်တွင် မဲ ၃၇၀၀၀ ကျော်ဖြင့် ရှုံးနိမ့်ခဲ့သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ဘက်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဆင့်စိုးက မဲ ၁၀၃၈၄၇ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီဘက်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက မဲ ၉၁၅၆၉ ရရှိထားသည်။

ဒေါက်တာ ဝင်းစိုးဦးက“မဲအရည်အတွက်က ပြည်သူမှာ ၁၂၅၀၀ ဝန်းကျင် ကွာတယ်။ အမျိုးသားလည်း အဲလောက်ပဲ။ မလှိုင်နဲ့ ပေါင်းလိုက်ရင် အမျိုးသား လွှတ်တော် အမှတ် ၇ လို့ သတ်မှတ်တာဆိုတော့ ပေါင်းလိုက်ရင် ၅ သောင်း နီးပါး လောက် ပြတ်သွားတယ်။ တိုင်း ၁ က တပ်မတော်များတဲ့ နေရာဆိုတော့ မဲထောင်ဂဏ္ဍန်းလောက်ပဲ ပြတ်တယ်။ တိုင်း ၂ ကတော့ အရပ်သား များတဲ့အတွက် ၁ သောင်းကျော် ပြတ်တယ်”ဟု ပြောသည်။

၎င်းက ဆက်၍ “အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်ရှုံးခဲ့တဲ့ ၄ နေရာစလုံး အကုန်ပြန်နိုင်တယ်။ လွှတ်တော် ကိုယ်စား လှယ် နေရာအားလုံး ပြန်နိုင်သွားပါတယ်”ဟု ပြောသည်။

ကြံ့ခိုင်ရေးပါတီက ဒေါက်တာ မောင်သင်းကမူ ၎င်းအနေဖြင့် လက်ရှိ အခြေအနေများအပေါ် အသေးစိတ် မပြောနိုင်သေး သော်လည်း ပုံစံ-၁၉ ကိုမူ လက်မှတ်ထိုးမည် မဟုတ်ကြောင်း ဆိုသည်။

မိတ္ထီလာ အပါအဝင် ယင်းနေရာများသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးသော နေရာများ ဖြစ်ပြီး အမျိုး သားရေးဟု တံဆိပ်တပ်ခံရသော မျိုးချစ်များ ရှိသဖြင့် ကြံ့ခိုင်ရေးပါတီ အားကောင်းသည့် နေရာများ ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီက ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေး အနိုင်ရရှိခဲ့သည့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေလည်း ယခုတကြိမ်တွင် ဦးသောင်အေးသည် မဲ ၇၄၀၀၀ ကျော် ရရှိခဲ့ပြီး NLD ပါတီမှ ဒေါက်တာ ဝင်း မောင်က မဲ ၉၈၀၀၀ ကျော် ရရှိသဖြင့် မဲ ၂၀၀၀၀ ကျော် ကွာဟချက်ဖြင့် NLD ဘက်က အနိုင်ရရှိထားသည်။

လူမရှိဘဲ မဲစာရင်းတွင် ပါဝင်နေခြင်း၊ အသက် ၁၈ နှစ် မပြည့်ဘဲ မဲပေးခွင့်ရခဲ့ခြင်း၊ ပွဲရုံ အလုပ်ရုံပိုင်ရှင်တချို့ ငွေပေး၍ NLD ပါတီသို့ မဲထည့်ခိုင်းခြင်း စသည့် ဖြစ်စဉ်များ အပါအဝင် ရွေးကောက်ပွဲနှင့် ပတ်သက်သော မသမာမှုများ ရှိနေသဖြင့် ရွေး ကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြမှုများ ပြုလုပ်ထားကြောင်း ကြံ့ခိုင်ရေးပါတီမှ ပျော်ဘွယ်မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

“အခြေအနေတွေက မျိုးစုံပဲ။ ကန့်ကွက်မှုတွေ လုပ်နေရတယ်။ အဲဒါကြောင့်လည်း တို့က ပုံစံ-၁၉ ကို လက်မှတ်မထိုးပေး သေးတာ။ ဒါတွေကိုတော့ သူတို့ ပြန်ရှင်းပေးဖို့ လိုတယ်”ဟု ဦးသောင်းအေးက ပြောသည်။

ဦးသောင်းအေးသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲ ၈၂၀၀၀ ကျော် ရရှိခဲ့ပြီး ၎င်းနှင့် ပြိုင်ဆိုင်ခဲ့သူ NLD ပါတီမှ ဦးကျော်စိုး ဆိုသူမှာ ထိုစဉ်က မဲ ၅၇၀၀၀ ကျော် ရရှိခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် တိုင်းလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နေရာအားလုံးတွင် NLD ပါတီက အနိုင်ရရှိသည်။

ရမည်းသင်းမြို့နယ်တွင်လည်း NLD ပါတီက လွှတ်တော် နေရာအားလုံးကို အနိုင်ရရှိခဲ့သော်လည်း ကြံ့ခိုင်ရေးပါတီက ပုံစံ – ၁၉ ကို လက်မှတ်ထိုးမပေးကြောင်း၊ ထို့ပြင် ကြံ့ခိုင်ရေးဘက်က ပြန်အနိုင်ရပြီဟု သတင်းများလည်း ပြန်လွှင့်နေကြောင်း NLD ပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦးက ပြောသည်။

“ကျနော်နေရာ နယ်မြေ ၁ က ကြံ့ခိုင်ရေးက ၁၀ နှစ် ဆက်တိုက် ရထားတဲ့ နယ်မြေလေ။ အခုမှ ကျနော်တို့က ပြန်နိုင်တာ။ ကျနော်က လက်ရှိ တာဝန်က နယ်မြေ ၂ ရဲ့ ကိုယ်စားလှယ်။ နယ်မြေ ၁ မှာ လာပြိုင်ရတာ။ အဲဒီတော့ နိုင်ပေမယ့် မဲက တော့ မပြတ်ဘူး။ ကျနော်တို့က ပုံစံ-၁၉ လက်မှတ်ထိုးပြီးပါပြီ။ ခရိုင် UEC ရုံးမှာလည်း ရလဒ်တွေ ကပ်ထားပါတယ်”ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရမည်းသင်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲ တရားမဲ့ ပြု ကျင့်သည်ဟုဆိုကာ တိုင်ကြားမှုများအရ ထိုစဉ်က ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နှင့် အခြားသူတဦးတို့မှာ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခံခဲ့ရသည်။

ထိုစဉ်က ဗိုလ်ချုပ်ဟောင်း ဦးကိုကိုနိုင်မှာ မဲ ၇၁၉၂၇ မဲ ရရှိခဲ့ပြီး NLD ပါတီမှ ဦးထွန်းထွန်းဝင်းမှာ ၅၄၇၄၃ မဲ ရရှိခဲ့သည်။
ယခုတကြိမ်တွင် ဦးထွန်းထွန်းဝင်းသည် မဲ ၇၈၃၉၄ ရရှိခဲ့ပြီး ကြံ့ခိုင်ရေးပါတီမှ ပြိုင်ဘက် ဦးညွှန့်ဆောင်မှာ မဲ ၇၁၇၇၁ ရရှိခဲ့သည်။

ဦးညွှန့်ဆောင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ကော်မရှင်သို့ တင်ပြနေရသဖြင့် ဖုန်းလက်ခံ ဖြေကြားပေးနိုင်ခြင်း မရှိသေးကြောင်း တုံ့ပြန် ပြောကြားသည်။

သာစည်မြို့နယ်တွင်လည်း တိုင်းလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး NLD ပါတီမှ ပြည်သူ့လွှတ်တော်တွင် ဦးကျော်သီဟ၊ အမျိုးသား လွှတ်တော်တွင် ဦးအောင်သူတို့က အနိုင်ရရှိကြောင်း ၎င်းတို့ပါတီဘက်မှ ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းတွင် လက်ရှိ အာဏာရပါတီ NLD၊ အတိုက်အခံ ကြံ့ခိုင်ရေး ပါတီ အပါအဝင် အခြားနိုင်ငံရေး ပါတီပေါင်း ၂၀ တို့က ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခဲ့ကြသော်လည်း အင်အားကြီး ပါတီ ၂ ခုကြားတွင်သာ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက ပြည်သူ့လွှတ်တော် ၂၅၅၊ အမျိုးသား လွှတ်တော် ၁၃၅ နေရာ၊ ပြည်ထောင်စု လွှတ်တော်တွင် နေရာ ၃၉၀ ဖြင့် ၇၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာ၊ အမျိုးသား လွှတ်တော် ၁၄၀ နေရာ၊ ပြည်ထောင်စု လွှတ်တော်တွင် ၃၉၈ နေရာ စုစုပေါင်း ၈၃ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

You may also like these stories:

ပြည်သူ့လွှတ်တော်နေရာအတွက် ရှမ်းပြည်နယ်ရှိ မြို့ ၁၂ မြို့တွင် SNLD အနိုင်ရ

ဂွနှင့် သံတွဲမြို့နယ်များတွင် NLD မဲပြတ်နိုင်

ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ် ၁၄ နေရာတွင် NLD အနိုင်ရဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading