Election 2020

မြန်မာ့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာမှ ချီးကျူးအသိအမှတ်ပြု

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသည့်ကြားက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်သည့် အပေါ် ချီးကျူးအသိအမှတ်ပြုကြောင်း အနောက်နိုင်ငံအချို့နှင့် အာရှနိုင်ငံအချို့က ကြေညာချက် များထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရှိ အမေရိကန် ၊ ရုရှား ၊ ဂျပန် ၊ ဥရောပ သမဂ္ဂ (EU) နှင့် ဗြိတိန်သံရုံးများက ရွေးကောက်ပွဲကျင်းပပြီး နောက်တရက်ဖြစ်သည့် နိုဝင်ဘာ ၉ ရက်မှ စတင်ကာ ကြေညာချက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အမေရိကန်သံရုံးက ထုတ်ပြန်သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို၏ ကြေညာချက်တွင် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲသည် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ချိန်မှစ၍ ဒုတိယအကြိမ် ပြိုင်ဆိုင်ရသော အမျိုးသား ရွေးကောက် ပွဲကြီးအဖြစ် အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုသည်ဟု ဖော်ပြထားသည်။

ကိုဗစ်–၁၉ ကပ်ရောဂါ စိန်ခေါ်မှုကြားက ရွေးကောက်ပွဲဖြစ်မြောက်ရေး ကြိုးပမ်းအားထုတ်ခဲ့ကြသူအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုသည်ဟုလည်း ဆိုထားသည်။

သို့သော် ရွေးကောက်ခံ မဟုတ်သည့် တပ်ကိုယ်စားလှယ်များကို လွှတ်တော်အတွင်းနေရာ ပေးထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေခြင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသည့် မွတ်စလင်များ မဲပေးခွင့်မရမှုနှင့် ပြည်နယ် နှင့် တိုင်းအချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ခြင်း၊ နိုင်ငံသားဖြစ်မှု လျှောက်ထားရာတွင် တဖက်သက်ဆုံးဖြတ်ခြင်းနှင့် ကိုယ်စားလှယ်လောင်းအချို့ကို ရွေးကောက်ပွဲမဝင်ရန် ပယ်ဖျက်ခြင်းတို့ကြောင့် ဒီမိုကရေစီနည်းလမ်းကျ အရပ်သား အစိုးရ တရပ် အကောင်အထည်ဖော်ရေးတွင် အတားအဆီးဖြစ်လာမည်ကို စိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသည်။

ထို့အပြင် အားလုံးပါဝင်နိုင်သော စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ နိုင်ငံတဝန်း ထာဝရတည်တံ့သော ငြိမ်းချမ်းရေး အောင်မြင်မှု၊ လူ့အခွင့်အရေးနှင့် အားလုံး၏ အခြေခံကျသော လွတ်လပ်ခွင့်အပေါ် လေးစားတန်ဖိုးထားမှု မြှင့်တင်ရေးတို့၌ အစိုးရသစ် နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

EU ကလည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့သည့်အပေါ် ချီးကျူးကြောင်း ကြေညာချက် ထုတ်ပြန် ထားပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အရင်ကတည်းကပင် ထောက်ခံခဲ့ကြောင်း ဆိုထားသည်။

သို့သော်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသည့် မွတ်ဆလင်များ အပါအဝင် မြန်မာနိုင်ငံ အတွင်းရှိ လူနည်းစုများအားလုံး နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း EU က ဆိုသည်။

ဗြိတိန်၊ ဂျပန်နှင့် ရုရှား သံရုံးတို့ကလည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်သည့် အပေါ်ဝမ်းမြောက်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရုရှားသံရုံးက အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ဟု ဆိုထားပြီး ဂျပန်သံရုံးကမူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်းများကို အစွမ်းကုန်ပံ့ပိုးသွား မည်ဟု ဆိုထားသည်။

ရွေးကောက်ပွဲမကျင်းပမီ ကာလများက မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှုရှိမည်မဟုတ်ဟု ကြိုတင်ဟောကိန်းထုတ်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပခဲ့ပြီးနောက်တွင် နိုင်ငံကြီးများက ဂုဏ်ပြုချီးကျုးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အထူးသဖြင့် အနောက်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဟု ဆိုသူများနှင့် အစိုးရမဟုတ်သော အရပ် ဘက်အဖွဲ့များက ရခိုင်ပြည်နယ်မြောက်ပိုင်းမှ နေရပ်စွန့်ခွာသွားသည့် မွတ်စလင် ၂ သိန်း မဲပေးခွင့် မရသည့် အခြေအနေ၊ မွတ်စလင် ကိုယ်စားလှယ်လောင်းအချို့ စာရင်းမှ ပယ်ဖျက်ခံရသည့် အခြေအနေနှင့် တိုင်းနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် အခြေအနေတို့ကို ထောက်ပြကာ စွပ်စွဲပြောဆိုခဲ့ကြခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၈ရက်နံနက်က ရန်ကုန်တိုင်းအတွင်း မဲပေးကြသူများ (အောင်ကျော်ထက်၊ ဧရာဝတီ)

ထို့သို့စွပ်စွဲခဲ့ကြသည့်အထဲတွင် Burma UK Campaign အဖွဲ့နှင့် Fortify Rights အဖွဲ့တိုသည် အတော်ပင်တက်ကြွခဲ့ ကြောင်းကို ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ရေးသားချက်များအရ သိရသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani ကလည်း နိုင်ငံသားဖြစ်မှုကို ခွဲခြားဆက်ဆံ ထားသော ရွေးကောက်ပွဲဆိုင်ရာဥပဒေမျာအရ ကျင်းပမည့် မြန်မာ့နိုင်ငံ၏ ရွေးကောက်ပွဲသည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကိုအန္တရာယ်ရှိစေနိုင်သည်ဟု ဝေဖန်ပြောဆိုဖူးသည်။

အလားတူ Foreign Policy မဂ္ဂဇင်း ဝက်ဘ်ဆိုဒ်တွင်လည်း မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲသည် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်လိမ့်မည် မဟုတ်ဟုပင် အောက်တိုဘာလ ၂၇ ရက်က ရေသားခဲ့သေးသည်။

ယခုအခါ အထွေထွေရွေးကောက်ပွဲ ပြီးသွားသည့် လက်ရှိကာလတွင် ထိုကဲ့သို့ဝေဖန်သံများ မကြားရဘဲ ချီးကျူး ဂုဏ်ပြု စကားများသာမက အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း ထုတ်ပြန်ချက်များသာ တွေ့နေရခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မဲရုံအချို့၌ မွတ်စလင် မဲဆန္ဒရှင် ၃၀၀ ကျော်တို့က လာရောက် မဲပေးခဲ့ကြသည်။

မြန်မာနိုင်ငံ အစ္စလာမ် ဓမ္မဗိမ္မာန် အကြီးအကဲ ဟာဂျီဦးအေးလွင်ကမူ နေရပ်စွန့်ခွာသွားသည့် မွတ်စလင်များ မဲပေးခွင့် မရသည့်ကိစ္စ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လက်ရှိ နေထိုင်နေသည့် မွတ်စလင်ဘာသာဝင်အချို့ မဲပေးခွင့်မရသည့် ကိစ္စတို့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အကြပ်အတည်းတွေ့စေရန် ဆောင်ရွက်ထားသည့် အတိတ်ကာလက ဆိုးမွေများဖြစ်နိုင်ကြောင်း ပြောကြားသည်။

“သူတို့လက်ထက်တုန်းကတော့ White Card ပေးပြီးဝင်ပြိုင်ခွင့်ပေးတယ်။ အခုကျတော့ နေ့ချင်းညချင်းမှာ ဝိုင်းဖွတဲ့ အခါကျတော့ နိုင်ငံမဲ့ဖြစ်သွားတယ်။ ဒါတွေအားလုံးကြောင့် NLD ကိုပဲ လက်ညှိုးထိုးလို့မရဘူး” ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသည့် မွတ်စလင်များ ကိစ္စ၊ ကိုယ်စားလှယ်လောင်းအချို့ ကိုယ်စားလှယ်အဖြစ် ပယ် ဖျက်ခံရသည့် ကိစ္စ၊ တိုင်းနှင့်ပြည်နယ် အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်ကိစ္စနှင့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က နိုင်ငံရေးပါတီများအပေါ် ဆင်ဆာဖြတ်သည့် ကိစ္စများကိုသာ ကြည့်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သည် အရည်အသွေးပြည့်မီမှုမရှိဟု ပြော၍မရကြောင်း ဟာဂျီဦးအေးလွင်ကဆိုသည်။

“အဲဒီ အချက်တွေက ဆက်စပ်မှုမရှိဘူးလို့ထင်ပါတယ်။ သို့သော်လည်း အဲဒါအားလုံးသည် အမွေဆိုးတခုကို ရင်ဝယ်ပိုက်ပြီး ရတဲ့ အစိုးရရဲ့ စိန်ခေါ်ချက်ပဲ။ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အပေါ်မှာ တစုံတရာ အသိအမှတ်ပြုပါတယ်။ အောင်မြင်တယ်လို့ ပြောချင်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း အထွေထွေရွေးကောက်ပွဲ လွတ်လပ်မျှတမှုမရှိ ဆိုသည့် စွပ်စွဲချက်များ သည် မျှတမှုမရှိသည့် တဖက်သက်စွပ်စွဲချက်များသာ ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) အားပေးထောက်ခံကြသူများ ပါတီရုံးချုပ်ရှေ့၌ အောင်ပွဲခံနေစဉ် (ထက်ဝေ၊ ဧရာဝတီ)

“တရားမမျှတတဲ့ အမြင်တွေဖြစ်ပါတယ်။ ဒီခုနစ်သိန်းကိစ္စကို ကျနော်တို့တိုင်းပြည်က လက်မခံဘူးလို့လည်း ပြောနေတာ မဟုတ်ဘူး။ ပြန်လွှတ်ဖို့ ပြောနေတာ။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်မလွှတ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကို ပိုပြီးအပြစ်တင်သင့် တယ်။ အဲဒါ ဒီကိစ္စ တရားခံလုပ်ကြဦးမယ်ဆိုရင်လည်း ကျနော်တို့နဲ့ အဲဒီနိုင်ငံတွေအကြား သဘောထားအမြင် မတူတာပဲ လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

တိုင်းနှင့် ပြည်နယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နေရာများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲ ဖြစ်စဉ်တခုလုံးကို ခြုံကြည့်ပါက လွတ်လပ်မျှတသည်ဟု ပြောနိုင်ကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

“ပြောမယ်ဆိုရင် လူ ၁ သန်းကျော်လောက်မဲပေးခွင့်ဆုံးရှံးတာတွေရှိပါတယ်။ ဒီလိုလျော့တာကတော့ ပြည်တွင်းစစ် ပြဿနာ၊ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ပြဿနာမပြီးသေးဘူးဆိုတာကို ဖော်ပြတာပေါ့။ အဲဒါ အစိုးရကိုချည်း အပြစ်တင် လို့တော့ မရပါဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲက တရားမမျှတပါဘူး ပြောတာကတော့ အတော်တော့ တဖက်စောင်းနင်း နိုင်တဲ့ကောက်ချက်ပါပဲ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီကိုယ်စားပြုကာ ပန်းပဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရထားသည့် ဦးစည်သူမောင်ကလည်း ကြိုတင်မဲတွင် ရွေးကောက်ပွဲ ကော်မရှင်၏ အားနည်းချက်များရှိသော် လည်း ကြီးကြီးမားမား ပြဿနာများ ပေါ်ပေါက်ခြင်းမရှိဘဲ ရွေးကောက်ပွဲ ပြီးသွားကြောင်း ဆိုသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သည့် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ပြဿနာကြီးကြီးမားမား တစုံတရာမရှိဘဲ ပြီးစီးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာပြည် နိုင်ငံရေးနှင့် တိုင်းရင်းသား အရေး အကြောင်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့သူ သတင်းစာဆရာ ဘာတေးလ်လစ်တနာက တိုင်းရင်းသား ဒေသတချို့တွင် ပယ်ဖျက်မှုများ ဖျက်သိမ်းမှုများ ရှိသော်လည်း မြန်မာပြည် ရွေးကောက်ပွဲသည် အမေရိကန် ရွေးကောက်ပွဲထက် အများကြီး လွတ်လပ်ပြီး၊ ဒီမိုကရေစီ ပိုကျကြောင်း၊ ပိုပြီးပါဝင်မှု ရှိကြောင်း သုံးသပ်သည်။

ထို့အပြင် အမေရိကန် ရွေးကောက်ပွဲသည် လူအများစုရဲ့ ပေါ်ပြူလာမဲက မဆုံးဖြတ်ပဲ ထူးထူးဆန်းဆန်း စနစ်တခုဖြစ်သည့် Electoral College က ဘယ်သူ သမ္မတဖြစ်မည်ကို ဆုံးဖြတ်နေခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်က ဟီလာရီကလင်တန်မှာ ဒေါ်နယ်ထရမ့်ထက် မဲသုံးသန်းပိုရသော်လည်း ရွေးကောက်ပွဲတွင် ရှုံးခဲ့ကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။

You may also like these stories:

တောင်ကုတ်မှာ NLD ပါတီ ဘာကြောင့် ရွေးကောက်ပွဲရှုံးသလဲ

မန္တလေးတိုင်းတွင် ရွေးကောက်ပွဲ ရှုံးခဲ့သည့် နေရာအားလုံး NLD ပြန်အနိုင်ရ

ကန်ကြီးထောင့်မြို့နယ်တွင် NLD ပါတီဝင်တဦး အသတ်ခံရ

Loading