Election 2020

ကြံ့ခိုင်ရေးပါတီ၏ ရွေးကောက်ပွဲ ပြန်ကျင်းပရန် တောင်းဆိုမှု တပ်သဘောထား မပါ

၂၀၂၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိသဖြင့် တပ်မတော်နှင့် ပူးပေါင်း၍ ရွေးကောက်ပွဲအသစ်တခု ကျင်းပပေးရန် ကြံ့ခိုင်ရေးပါတီ၏ တောင်းဆိုမှုတွင် တပ်မတော်၏ သဘောထား မပါဝင်ကြောင်း တပ်မတော်၏ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

မနေ့က ရန်ကုန်မြို့ တွင် ပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေးပါတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် လွတ်လပ်ပြီး တရားမျှတ၍ ဘက်လိုက်မှုကင်းသည့် မတရားသည့် နည်းလမ်းဖြင့် မဲဆွယ်မှုကင်းသည့် ရွေးကောက်ပွဲဖြစ်ရန် UEC သည် တပ်မတော်နှင့် ပူး ပေါင်းပြီး စည်းကမ်းတကျဖြစ်သည့် ရွေးကောက်ပွဲတခုအား အမြန်ဆုံး ပြန်လည်ကျင်းပပေးရန် တောင်းဆိုသည်ဟု ဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ညှိနှိုင်းထားတာ မရှိဘူး။ တပ်မတော်ရဲ့ သဘောထားလည်း မဟုတ်ဘူး”ဟု တပ်မတော်မှ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ပြောပြီးသား ဖြစ်သဖြင့် သီးသန့် ထပ်ပြောရန်လည်း မရှိကြောင်း ၎င်းက ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံရမည် ဖြစ်ပြီး ငြင်းပယ်၍ မရကြောင်း ရွေးကောက်ပွဲ ကျင်းပသည့်နေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောဆိုခဲ့သည်။

သို့သော် ကြံ့ခိုင်ရေးပါတီ ဦးဆောင်သော ပါတီ ၁၆ ခု၏ မနေ့က ထုတ်ပြန်ခဲ့သည့် သဘောထား ကြေညာချက်တွင် ၂၀၂၀ ရွေးကောက်ပွဲ အခြေအနေများကို စုံစမ်းရန် လွတ်လပ်သော ကော်မရှင်တခု ၇ ရက်အတွင်း ဖွဲ့ စည်းရန် တောင်းဆိုထား
သည်။

မဲရလဒ်များကို တရားဝင် စိစစ်နေဆဲ ဖြစ်၍ ၎င်းတို့အနေဖြင့် ပုံစံ – ၁၉ ကို လက်မှတ်ထိုးမည် မဟုတ်ကြောင်းလည်း ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ တောင်းဆိုမှုသည် လက်တွေ့ မကျဘဲ တကယ်ဖြစ်မြောက်အောင် အကောင်အထည် ဖော်နိုင်မည် မ ထင်ကြောင်း၊ ၎င်းတို့ပါတီသည် တပ်မတော်နှင့် နီးစပ်သဖြင့် ယခုတကြိမ်တွင်လည်း ရှုံးနိမ့်ခြင်း ဖြစ်ကြောင်း ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

“လူထုက မဲပေးတဲ့အခါ အချက် ၃ ချက်နဲ့ ပေးတယ်။ ပထမတခုက အမုန်းတရားပေါ့။ ဖြစ်ပျက်ခံစားခဲ့ရတဲ့ အပေါ်မှာ မကျေနပ်လို့ Hate Vote တွေပေါ့။ နောက်တခုက အကြောက်တရားဗျ။ တပ်ချုပ်နဲ့ ဦးသန်းဌေး ပြောတာတွေကို နား ထောင်ပြီး ကြောက်လို့။ နောက်ဆုံးကတော့ ယုံကြည်ကိုးစားမှုပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံတာ။ အဲ ၃ ချက်နဲ့ မဲပေးသွားတာပဲ”ဟု ဦးခင်မောင်ဇော်က ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC)၏ လုပ်မှားကိုင်မှား ဆောင်ရွက်ချက် များအပေါ် လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက တာဝန်ခံရမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့သဖြင့် မြန်မာ့နိုင်ငံရေး အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရသေးသည်။

ယခု မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းမှာ ၁၉၆၀ ဝန်းကျင်က ရွေးကောက်ပွဲတွင် တည်မြဲ (ဖဆပလ) နှင့် သန့်ရှင်း (ဖ ဆပလ)တို့ အားပြိုင်ကြရာ တပ်မတော်က ထိုစဉ်က တည်မြဲကို ထောက်ခံခဲ့သော်လည်း ရွေးကောက်ပွဲတွင် သန့်ရှင်းက အနိုင်ရခဲ့သလို ယခုအခါ NLD နှင့် ကြံ့ခိုင်ရေးတွင် တပ်မတော်က ကြံ့ခိုင်ရေးကို ထောက်ခံသော်လည်း NLD ကသာ အနိုင်ရရှိနေကြောင်း သုံးသပ်ကြသည်။

NLD ပါတီသည် ၂၀၁၂ ခုနှစ်တွင် လွှတ်တော် နိုင်ငံရေး လမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး နောက်ပိုင်း ကြားဖြတ် ရွေးကောက်ပွဲဝင်ရာ ၄၅ နေရာ၌ ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ၇၉ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ၎င်းတို့ ပါတီတခုတည်းဖြင့် အစိုးရဖွဲ့ နိုင် သည့် ထိုင်ခုံ ၃၂၂ နေရာကျော်သည့် အခြေအနေအထိ အနိုင်ရရှိထားပြီး ရာခိုင်နှုန်းအားဖြင့် ၈၃ ရာခိုင်နှုန်းကျော် အနိုင်ရ ရှိခဲ့ပြီး ဖြစ်သည်။

You may also like these stories:

မြန်မာ့ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာမှ ချီးကျူးအသိအမှတ်ပြု

NLD ဘာကြောင့် သောင်ပြို ကမ်းပြို နိုင်ခဲ့သလဲ

ကန်ကြီးထောင့်မြို့နယ်တွင် NLD ပါတီဝင်တဦး အသတ်ခံရ

Loading