ရွေးကောက်ပွဲတွင် တပ်မတော်သားများနှင့် မိသားစုဝင်များအား လွတ်လပ်စွာ မဲပေးနိုင်ကြောင်း ပြောထားပြီဖြစ်သဖြင့် ၎င်းတို့ဆန္ဒအရ မဲပေးမှုများအား ဘာမှ ထပ်လုပ်စရာမရှိကြောင်း တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့ မှ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောသည်။
ယခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအား မဲပေးမှုကြောင့် မကွေးတိုင်းအခြေစိုက် တပ်မ ၈၈ အနေဖြင့် အရေးယူခံတော့မည်ဖြစ်ကြောင်း သတင်း၊ ဗီဒီယိုဖိုင်များ ပျံ့နှံ့နေမှုနှင့် ပတ်သက်ပြီး မေးမြန်း ချက်အပေါ် ၎င်းက ဖြေကြားထားခြင်းဖြစ်သည်။
ဗိုလ်ချုပ် ဇော်မင်းထွန်းက “၂၀၁၅ တုန်းကလည်း ဒီလောက်ရှိပါတယ်။ ဘယ်သူက လုပ်ကြံလဲတော့မသိဘူး၊ တပ် မ ၈၈ က ရှေ့တန်းမှာထွက်နေတဲ့တပ်၊ တပ်မ ၈၈ အတွက် သီးသန့်မဲရုံမရှိဘူး။ အရပ်ဘက်နဲ့တွဲပေးထားတဲ့ မဲရုံ တွေကြီးပဲ။ တပ်မတော်သား မိသားစုဝင်တွေရော၊ စစ်သည်ရဲဘော်တွေရော လွတ်လပ်စွာ မဲပေးခွင့်ပြုထားတဲ့ အတွက်ကြောင့်မလို့ သီးခြားတော့ ပြောစရာမရှိပါဘူး” ဟု ပြောသည်။
တပ်မတော်မဲရုံများအား ယခင်ရွေးကောက်ပွဲများတွင် တပ်တွင်း၌သာ ထားရှိခဲ့သော်လည်း ယခုနှစ်တွင် ပထမ ဆုံးအကြိမ်အဖြစ် တပ်ဧရိယာပြင်ပတွင် ထားရှိကာ မဲပေးစေခဲ့ခြင်းဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် တပ်မဲရုံ စုစုပေါင်း ၆၃၂ ရုံရှိကြောင်း သိရသည်။
တပ်မတော် မဲရုံအများစု၏ ရလဒ်များအနေဖြင့်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) က အများဆုံး ရရှိသည်ကိုတွေ့ရသည်။
NLD ပါတီအနေဖြင့် တပ်မတော်သား၊ မိသားစုဝင်များထံမှာ ထောက်ခံမဲပေးမှု ရရှိခြင်းပတ်သက်ပြီး ပွင့်လင်းလွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲပေး သဘောဆောင်ပြီး တပ်မတော်အနေဖြင့် ပြည်သူဆန္ဒအတိုင်း ရွေးချယ်ခဲ့သည့် အစိုးရ၏ မူဝါဒများအတိုင်း တိတိကျကျ လိုက်နာကျင့်သုံးပါက အချိန်တိုအတွင်း ပြည်သူများ၏ မေတ္တာအား အချိန်တိုအတွင်းရရှိလာမည်ဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောသည်။
ဒေါက်တာမျိုးညွှန့်က “တပ်မတော်ဟာ NLD ကို ဆန့်ကျင်တဲ့ သဘောထားမရှိဘူးလို့ ယုံကြည်မှတ်ယူခဲ့ပါတယ်၊ အခုကျတော့ တပ်မတော်သားမဲတွေ တွေ့လာရတယ်ဆိုတာကတော့ မဲပေးခြင်းဟာ လျှို့ဝှက်မဲပေးခြင်းသဘော ပိုပြီးဆန်လာတဲ့အတွက် အခုလို တွေ့လာရတာလို့ ယူဆပါတယ်။ လျှို့ဝှက်မဲဆန္ဒပေးတဲ့ အခြေအနေမျိုးမှာ တပ်မ တော်သားတွေက မိမိတို့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းထုတ်ဖော်ရဲမှာပါ” ဟု ပြောသည်။
ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော် ဇေယျသီရိမြို့နယ်အတွင်းရှိ တပ်မတော်သားများနှင့် မိသားစုဝင် များ သီးသန့်မဲရုံများဖြစ်သည့် အနော်ရထာမဲရုံ ၁၂ ရုံနှင့် ကျန်စစ်သားမဲရုံ ၄ ရုံ၊ စုစုပေါင်း ၁၆ မဲရုံ ၁၆ ရုံတွင် NLD အနေဖြင့် ၈၉၂ မဲရရှိခဲ့ကြောင်း သိရသည်။
ယင်းအထဲတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဲထည့်ခဲ့သည့် အနော်ရထာ မဲရုံအမှတ် ၁ တွင်ပင် NLD ပါတီအနေဖြင့် ၁၄ မဲရရှိခဲ့သည်ကို တွေ့ရသည်။
NLD ပါတီ၏ နေပြည်တော် ဥက္ကဋ္ဌ ဦးမင်းသူက “ဟိုဘက် (ကြံ့ခိုင်ရေးပါတီ) ကတော့ ရာဂဏန်းကြီးဖြစ်ပေမယ့် ကျ နော်တို့ကိုထည့်တဲ့မဲတွေ၊ ဒါဟာ တပ်မတော်သားတွေကို ကျနော်တို့ ကျေးဇူးတင်ရတဲ့ အနေအထားပေါ့လေ။ အဲ့ဒါ ကိုလည်း ကျနော်တို့ လေးလေးနက်နက် တန်ဖိုးထားပါတယ်” ဟု ပြောသည်။
ဇေယျာသီရိမြို့နယ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး) ဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက် ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်ဖြစ်ပြီး ကော်မရှင်အဖွဲ့ခွဲ၏ ပုံစံ-၁၉ ပါ စာရင်းအရ ဦးသန်းဌေးအနေဖြင့် ၃၅၃၀၉ မဲရရှိ ပြီး ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်း ဦးမိုးဆွေက ၃၀၄၉၇ မဲ ရရှိခဲ့ကာ ၄၈၁၂ မဲအသာဖြင့် ဦးသန်းဌေး က အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ တပ်မတော်သားနှင့် မိသားစုဝင်များ မဲပေးရသည့် မဲရုံအချို့တွင် NLD ပါတီ မဲရရှိမှုတိုးတက်လာသည့် အနေအထားရှိပြီး တပ်မတော်သား၊ မိသားစုဝင်များ၏ မဲများသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကောင်းမွန်သည့် ရလဒ်များဖြစ်ကြောင်း ယခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားထပ်မံအနိုင်ရခဲ့သည့် မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး အောင်ဝင်းက ပြောသည်။
ဦးအောင်ဝင်းက “တပ်မဲရုံ သီးသန့်တော့ မရှိဘူး၊ သန္ဓေပင်အုပ်စု၊ သံတံတားမဲရုံကတော့ တပ်က ၉၀ ရာခိုင်နှုန်း လောက်ရှိတယ်၊ ပြည်သူက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ဒီမှာ မဲ ၂၅၀ လောက်ရတယ်။ ၂၀၁၅ တုန်းက တမဲ မှမရဘူး” ဟု ပြောသည်။
ယင်းအပြင် မကွေးတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်သားများနှင့် မိသားစုဝင်များထံမှလည်း NLD မှ မဲရရှိမှု များ ရှိခဲ့ပြီး အချို့မဲရုံများတွင် အနိုင်ရခဲ့ကြောင်း မကွေးတိုင်းဒေသကြီး NLD ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဝင် ဦးကျော်ဌေးက ဧရာဝတီသို့ပြောသည်။
၎င်းက “ကျနော်တို့ မကွေးမှာလည်း တပ်မဲရုံတွေကနေ မဲရတာတွေရှိပါတယ်၊ တပ်မတော်သားတွေ သွားရောက်မဲပေးတဲ့ မဲရုံက နိုင်တယ်၊ တပ်မတော်သား မိသားစုဝင်တွေဆီက မဲရတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ ၁၂ ရပ်ကွက်ရှိ တပ်မတော်မဲရုံတရုံဖြစ်သည့် မဲရုံအမှတ် ၇ တွင်လည်း ကြံ့ခိုင်ရေးပါတီ က ၁၅၈၉ မဲရရှိခဲ့ပြီး NLD ပါတီက ၇၅ မဲနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ၈ မဲရရှိခဲ့ ကြောင်းလည်း SNLD ၏ မဲရုံကိုယ်စားလှယ်ထံက သိရှိရသည်။
You may also like these stories:
တောင်ကုတ်မှာ NLD ပါတီ ဘာကြောင့် ရွေးကောက်ပွဲရှုံးသလဲ
မန္တလေးတိုင်းတွင် ရွေးကောက်ပွဲ ရှုံးခဲ့သည့် နေရာအားလုံး NLD ပြန်အနိုင်ရ
ကန်ကြီးထောင့်မြို့နယ်တွင် NLD ပါတီဝင်တဦး အသတ်ခံရ