Election 2020

ဧရာဝတီတိုင်း၌ မဲ ၂ ကြိမ်ပေးသူနှင့် ကိုယ်စားမဲပေးသူ ၁၃ ဦးကို အမှုဖွင့်ထား

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လူတစ်ဦးတည်းနေရာ ၂ ခုတွင် မဲနှစ်ကြိမ် ပေးခဲ့သူ ၁၀ ဦးနှင့် ကိုယ်စားမဲပေးသူ ၃ ဦးတို့ကို ရွေးကောက်ပွဲဥပဒေဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုဖွင့်လှစ် တရားစွဲဆိုထားသည်။

တဦးတည်းမှ မဲနှစ်ကြိမ်ပေးသည့် ဖြစ်စဉ်များမှာ မအူပင်မြို့နယ်တွင် ၄ မှု၊ အင်္ဂပူမြို့နယ်တွင် ၂ မှု၊ ကန်ကြီးထောင့်၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ကျောင်းကုန်းနှင့် လပွတ္တာမြို့နယ်တို့တွင် ၁ မှုစီ ဖြစ်ပွားခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က “မဲကတကြိမ်ပဲပေးရမယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းထဲမှာပါမှ ပေးရမယ်။ အဲ့ဒါတော့ လူတိုင်းသိမယ်ထင်တယ်။ အခုလာပေးတဲ့ သူတွေဟာ မသိလို့ မဲပေးမိတယ်ဆိုတာ မဖြစ်နိုင်ဘူး။ အဲ့ဒါကြောင့် ရဲစခန်းကို တိုင်လိုက်တယ်။ တိုင်တဲ့အခါ ရဲစခန်းကလည်း ဒါကိုအမှုဖွင့်လိုက်တယ်”ဟု ဧရာဝတီကို ပြောသည်။

တစ်ဦးတည်းမဲနှစ်ကြိမ်ပေးခဲ့သဖြင့် အမှုဖွင့်ခဲ့သူများတွင် ကျောင်းဆရာတစ်ဦးနှင့် ဆရာမတစ်ဦး အပါအဝင် အမျိုးသား ၄ ဦး အမျိုးသမီး ၆ ဦးတို့ပါဝင်သည်။ အများစုမှာ အသက် ၆၀ ကျော်အရွယ် သက်ကြီးမဲဆန္ဒရှင်များဖြစ်ပြီး ကြိုတင်မဲပေးရာတွင် ဖြစ်ပွားခဲ့မှု ၈ မှုအထိ ပါဝင်နေကြောင်း သိရသည်။

ဧရာဝတီတိုင်း၌ ၂၀၂၀ ရွေးကောက်ပွဲတွင် တဦးတည်းနေရာ ၂ ခုတွင် မဲနှစ်ခါပေးခဲ့မှု ၁၀ ခုအပြင် အခြားသူ ကိုယ်စား အယောင်ဆောင် မဲပေးသူ ၃ ဦးမှာလည်း အမှုဖွင့်ခံခဲ့ရသည်။ ကိုယ်စားမဲပေးသဖြင့် အမှုဖွင့်ခံရသူ ၃ ဦးတွင် အသက် ၁၆ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးပါဝင်နေကြောင်း ဧရာဝတီတိုင်းကော်မရှင်ထံမှ သိရသည်။

မြန်အောင်မြို့နယ်တွင် ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်နေသည့် အစ်မဖြစ်သူကိုယ်စား အသက် ၁၆ နှစ်အရွယ် ညီမဖြစ်သူက သွားရောက်မဲပေးခဲ့ပြီး လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာတွင် မိခင်အလုပ်များနေသဖြင့် ၁၆နှစ် အရွယ် သမီးက ကိုယ်စား သွားရောက် မဲပေးခြင်းဖြစ်သည်။

တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအောင်မြင့်က”၂၀၁၅ တုန်း ကလည်း ဒါမျိုးဖြစ်ဖူးတယ်။ အမေလုပ်တဲ့ သူက ထမင်းချက်နေတုန်း သမီးက သူ့စလစ်ပြားယူပြီး မဲသွားပေးတာ။ အမေလုပ်တဲ့သူသိပြီး မဲရုံလိုက်သွားတော့ မဲနှစ်မဲက ပေးပြီးနေပြီ။ နောက်ဆုံး မဲတမဲ ပေးခါနီးကျမှ အမေက အဲ့လို လုပ်လို့မရဘူးဆိုတာ လိုက်ပြောမှ သိခဲ့တယ်”ဟု ပြောသည်။

ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျုံတုံးတမံကျေးရွာတွင်လည်း ဒေါ်ဌေးဆိုသူ အမျိုးသမီး ကိုယ်စားအခြား အမျိုးသမီး တဦးမှ သွားရောက်မဲပေးမှုဖြစ်ပွားခဲ့ပြီး အမျိုးသားလွှတ်တော် မဲပေးခါနီးမှ မဲရုံတာဝန်ရှိသူမှ ဒေါ်ဌေးမဟုတ်ကြောင်း သိပြီး လိမ်လည်မဲပေးမှုဖြင့် အမှု့ဖွင့်ခံခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ထို့ပြင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ပုလဲအောင်မြေရပ်ကွက်တွင် ကိုဝင်းမင်းဦးဆိုသူမှာ မဲရုံကိုလာပြီး ပြည်သူလွှတ်တော်မဲကို လျို့ဝှက်ဆန္ဒပြုသည့်နေရာ၌ တံဆိပ်တုုံးထု မဲပေးပြီးပြန်ထွက်လာစဉ် လက်ထဲရှိမဲကို ဆုတ်ဖြဲ ခဲ့သဖြင့် ရဲစခန်း၌ အမှုဖွင့်ခံထားရကြောင်း သိရသည်။

ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က”မဲလက်မှတ်ကို ဘာဖြစ်လို့ဖြဲလဲ အကြမ်းဖျင်းမေးကြည့်တော့ မဲလက်မှတ်ထုတ်ပေးတဲ့ ဆရာမတွေက မဲစာရွက်ကိုပေးတဲ့အခါ ပေတံလေးနဲ့ ဆွဲဖြဲပြီးတော့ သူကိုပေးတယ်။ သူကလည်းမဲပုံးထဲ ထည့်တဲ့အခါ အဲ့ဒီမဲကိုဖြဲပြီး ထည့်ရမယ်လို့ ယူဆပြီးတော့ ဖြဲတယ်တဲ့။ အဲ့ဒါတော့ သူ့အပြောပေါ့”ဟု ပြောသည်။

ပုသိမ်မြို့ရှိ အမှတ် ၄ ရပ်ကွက်တွင်လည်း ကြိုတင်မဲပေးရာတွင် မဲရုံသို့ ကိုယ်ပိုင်တံဆိပ်တုံး ယူဆောင်လာကာ မဲပေးခဲ့သူ ကြံ့ခိုင်ရေးပါတီဝင် ဦးထွန်းမြင့်(ခ) ဂျူးနီအား မဲရုံတာဝန်ရှိသူများက ပုသိမ်မြို့၊ နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမှုဖွင့်တာကတော့ ပါတီတွေရဲ့ မဲရုံကိုယ်စားလှယ်တွေ၊ မဲရုံတာဝန်ရှိသူတွေက တရားလိုပြုလုပ် အမှုဖွင့်ထားကြတာ ဖြစ်ပါတယ်။ အဲဒီအမှုတွေထဲမှာ တချို့အမှုတွေက တရားစွဲတင်ပြီးဖြစ်သလို ကျန်အမှုတွေလည်း အမြန်ဆုံး တရားရုံးကို တင်ပို့ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။

ယခုလို မဲဆန္ဒရှင်များအမှုဖွင့်အရေးယူခံရခြင်းမှာ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက် အဖွဲ့အစည်းများက မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ အားနည်းခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဧရာဝတီတိုင်း၌ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့သည့် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ – HRDP က ပြောသည်။

HRDP အဖွဲ့ ရွေးကောက်ပွဲစောင့်ကြည့်ရေး ဧရာဝတီတိုင်းတာဝန်ခံ ဦးသက်လွင်က“မဲဆန္ဒရှင်တွေ အမှုဖွင့် တရားစွဲ ခံရတဲ့ ဖြစ်စဉ်တွေ မြင်တွေ့ရတာ စိတ်မကောင်းပါဘူး။ ဒါက ကော်မရှင်ရော၊ နိုင်ငံရေးပါတီတွေရော၊ အရပ်ဘက် အဖွဲ့အစည်းတွေရော မဲဆန္ဒရှင် ပညာပေးလုပ်ငန်းတွေ အားနည်းခြင်းရဲ့ အကျိုးဆက်ကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ တုန်းက မဲဆန္ဒရှင် ပညာပေးမှု အားကောင်းခဲ့တော့ အခုလောက် အခြေအနေမဆိုးဘူး။ ၂၀၂၀ မှာက ကိုဗစ်ရောဂါ ဖြစ်လိုက်တော့ ပညာပေးလုပ်ငန်းတွေ ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် အခုလိုတွေ ဖြစ်လာတာလို့ ယူဆပါတယ်”ဟု ပြောသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက် ပွဲတွင် အခြားသူကိုယ်စား အယောင်ဆောင် မဲပေးခြင်း၊ လူတစ်ဦးတည်း မဲ ၂ ကြိမ်ပေးခြင်း၊ ဆန္ဒမဲ လက်မှတ်ကို ရည် ရွယ်ချက်ရှိရှိဖြင့် ဆုတ်ဖြဲခြင်းစသည့်လုပ်ရပ်များကျူးလွန်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်၁သိန်း ထက် မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံးဖြစ်စေ ပြဌာန်းထားသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ ၆ ဒဿမ ၂ သန်းကျော် နေထိုင်ပြီး တတိုင်းလုံးတွင် မဲရုံပေါင်း ၅၇၄၈ ရုံရှိကာ မဲပေးနိုင်သူပေါင်း ၄ ဒဿမ ၆၈ သန်းကျော်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading