တရုတ်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည့် သမ္မတ ရှီကျင့်ဖျင်က ရွေးကောက်ပွဲတွင် အနိုင်ရထား သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေး ယနေ့ ပေးပို့ လိုက်သည်။
အိမ်နီးချင်း တရုတ်နိုင်ငံသည် ရွေးကောက်ပွဲ ကျင်းပပြီး ၉ ရက်အကြာ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ခံ ကိုယ်စားလှယ်များ စာရင်း အပြီးသတ်ကြေညာပြီး နောက်ရက်တွင် သဝဏ်လွှာပေးပို့လိုက်ခြင်း ဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင်၏ သဝဏ်လွှာတွင် ရွေးကောက်ပွဲ အောင်မြင်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ မြန်မာ နိုင်ငံသူ နိုင်ငံသားတို့ကို ဂုဏ်ပြုကြောင်း ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုအောက်တွင် NLD ပါတီသည် နိုင်ငံတော် ကြွယ်ဝချမ်းသာရေးဟူသော လုပ်ငန်း ဖော်ဆောင်ရာ၌ ကြီးမားသည့် အောင်မြင်မှုရလိမ့်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နှင့် မြန်မာ ၂ နိုင်ငံသည် ဆွေမျိုး ပေါက်ဖော်၊ အိမ်နီးချင်းကောင်းများ ဖြစ်ကြပြီး တရုတ် – မြန်မာ၂ နိုင်ငံ သံတမန် ဆက်ဆံရေးသည်လည်း နှစ် ၇၀ ပြည့်ခဲပြီ ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားချက်အရ သိရသည်။
ထိုပြင် တရုတ်ကွန်မြူနစ်ပါတီနှင့် NLD ပါတီ ကြားဆက်ဆံရေးသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါသော အခန်း ကဏ္ဍမှ ပါဝင်ပြီး တရုတ်အနေနှင့် ပါတီနှစ်ရပ်ကြားဆက်ဆံရေး၊ ၂ နိုင်ငံကြားဆက်ဆံရေးကို အလေးထားကြောင်း ယင်း သဝဏ်လွှာတွင် ဆိုထားသည်။
မစ္စတာရှီကျင့်ဖျင်က “ကျနော့် အနေနဲ့ အဆွေတော်နှင့်အတူ ၂ ပါတီနှင့် ၂ နိုင်ငံ ဆက်ဆံရေးကို နိုင်ငံရေးရှုထောင့်မှ ဦးဆောင်လမ်းညွှန် အားဖြည့်ဆောင်ရွက်ရန် ၊ အာဏာရပါတီ အပြန်အလှန် သင်ယူဖလှယ်မှု နက်ရှိုင်းစွာဖော်ဆောင်ရန် ၊ Belt and Road နှင့် တရုတ်- မြန်မာ စီးပွားရေး စင်္ကြန် မူဘောင်အောက် ကဏ္ဍပေါင်းစုံ လက်တွေ့ဆောင်ရွက်မှု တွန်းအား ပေးရန်၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိရောက်စွာကာကွယ်ရန် ၊ ၂ နိုင်ငံအေးအတူ ပူအမျှ အသိုက် အဝန်းတည်ဆောက်ရာတွင် အောင်သီးအောင်နှံ ပိုမိုရရှိရန်နှင့် ၂ နိုင်ငံပြည်သူများ၏ ကောင်းကျိုးသယ်ပိုးရန် ဆန္ဒပြုပါ သည်” ဟု ဆိုထားသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေသည့်ကြားက ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်သည့် အပေါ် ချီးကျူးအသိအမှတ်ပြုကြောင်း မြန်မာနိုင်ငံရှိ အမေရိကန် ၊ ရုရှား ၊ ဂျပန် ၊ ဥရောပ သမဂ္ဂ (EU) ၊ ဗြိတိန် ၊ ဘရူနိုင်း ၊ ထိုင်းနှင့် ပြင်သစ် သံရုံးများက ဦးစွာ ကြေညာချက်များ ထုတ်ပြန်လိုက်ပြီးမှ တရုတ်သံရုံးက မစ္စတာရှီ၏ သဝဏ်လွှာပေးပို့သည့် သတင်းကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ China Desk တာဝန်ခံ ဒေါ်ခင်ခင်ကျော်ကြီး ကမူ တရုတ်သံရုံးက အခြားနိုင်ငံများထက် နောက်ကျကာ ရွေးကောက်ပွဲကျင်းပြီးနောက် ၉ ရက်အကြာမှ သဝဏ်လွှာ ပေးခြင်းသည် ရွေးကောက်ပွဲရလဒ် ပိုမိုသေချာသည်အထိ စောင့်ဆိုင်းသည့် သဘောဖြစ်နိုင်ကြောင်း သုံးသပ်သည်။
မစ္စတာ ရှီသည် တရုတ်သမ္မတအနေနှင့် သဝဏ်လွှာမပို့ဘဲ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး အနေနှင့် သဝဏ်လွှာပေးပို့သည့် အပေါ် ဒေါ်ခင်ခင်ကျော်ကြီးက ယခုကဲ့သို မှတ်ချက်ပေးသည်။
“အဓိကတော့ ပါတီချင်းဆက်ဆံရေးနဲ့ နိုင်ငံချင်း ဆက်ဆံရေးကို ခွဲခြားတဲ့ သဘောမျိုးရှိတာပေါ့။ အရင်ကတည်းကလည်း Line အဲဒီလိုမျိုး ဖြတ်လေ့ဖြတ်ထရှိတယ်။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည် ကို ဖိတ်ကြားတဲ့နေရာမှာ ပါတီခေါင်းဆောင်အနေနဲ့ပဲ ဖိတ်ကြားတာမျိုးရှိတယ်။ ကျမထင်တာတော့ နောက်ပိုင်း အစိုးရသစ်ဖွဲ့ပြီးတဲ့နောက်မှာမှ State to State Relation က ပြန်သွားမယ့်ပုံစံရှိပါတယ်” ဟု ဆိုသည်။
NLD ပါတီဦးဆောင်သည့် အစိုးရသစ်တက်လာပါက တရုတ်- မြန်မာဆက်ဆံရေးသည် ပြီးခဲ့သည့် အစိုးရသက်တမ်း ၅ နှစ်တာကာလကနှင့် မတူဘဲ အပြောင်းအလဲဖြစ်နိုင်သည်ဟုလည်း ၎င်းက ပြောဆိုသည်။
“အရင်ကကျတော့ တယောက်နဲ့တယောက်မျှော်လင့်ကြတယ်။ ကိုယ့်ကိုယ်ကို Impress ဖြစ်အောင်ကြိုးစားကြတယ်ပေါ့။ အခု ၂၀၂၀ မှာတော့ ၂ နိုင်ငံကြားမှာ ဘယ်သူကတော့ ဘယ်အတိုင်းအတာအထိ ဘာတွေလုပ်နိုင်တယ်။ ဘာတွေတော့ မလုပ်နိုင်ဘူး ဆိုတာတွေ ပိုပြီးသိလာပြီပေါ့။ အဲဒီအခါမှာ ၂ နိုင်ငံကြား ပိုပြီးတော့ လက်တွေ့ကျလာမယ့် ဆက်ဆံရေးဖြစ် လာမယ်လို့ သုံးသပ်ပါတယ်” ဟု ဒေါ်ခင်ခင်ကျော်ကြီးက မှတ်ချက်ပေးသည်။
တရုတ်သမ္မတ ရှီကျင်ဖျင် ယခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား နားလည်မှု စာချွန်လွှာ ၃၃ ခု လက်မှတ်ရေးထိုးခဲ့သည်။
ယင်း စာချွန်လွှာတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူ စာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင် သော သဘောတူစာချုပ် အပါအဝင် မူဆယ်–မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်း ပေးအပ် ခြင်းစာလွှာ၊ ရန်ကုန်မြို့တော် မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ရွှေလီ–မူဆယ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ် လုပ်ငန်းစဉ်များ၊ လျင်မြန် တိုးတက်စေရေး နားလည်မှု စာချွန်လွှာ၊ မန္တလေးတိုင်း ဒေသကြီးနှင့် ယူနန်ပြည်နယ်ကြား မြန်မာ့ စီးပွားရေးစင်္ကြန် ပူးတွဲ တည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့လည်း ပါဝင်သည်။
ထို့အပြင် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့် သုံးနှစ်အတွင်း တရုတ်ယွမ် လေး ဘီလီယံ (အမေရိကန် ဒေါ်လာသန်း ၆ ၀၀ ကျော်) ကူညီသွားမည်ဟုလည်း ကတိပြု ပြောဆိုခဲ့သည်။
You may also like these stories:
မြန်မာဖွံ့ဖြိုးတိုးတက်ရေး ယွမ် ၄ ဘီလီယံ ကူညီရန် တရုတ် ကတိပြု
စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်အဟုန်မပြတ် ဆောင်ရွက်ရန် တရုတ် တွန်းအားပေး
တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို
မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား
တိုင်းရင်းသားတွေကို “လက်နက်မပေးဘူး” လို့ တရုတ်ပြောကြားမှု မယုံကြည်ကြ