Election 2020

လွှတ်တော်အသီးသီးတွင် အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုနှုန်း မြင့်လာ

Want create site? Find Free WordPress Themes and plugins.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ကြေညာသော၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော် အသီးသီးတွင် အမျိုးသမီး ပါဝင်မှုနှုန်း မြင့်တက်လာကြောင်း သိရသည်။

ရွေးချယ် တင်မြှောက်ခံရသော လွှတ်တော် အရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး အရေအတွက် စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများ ဖြစ်ကြောင်း ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ် သည့် ဖန်တီးအိမ် အဖွဲ့ကလည်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၃၁၅၊ အမျိုး သား လွှတ်တော် မဲဆန္ဒနယ် ၁၆၁၊ ပြည်နယ်/တိုင်း လွှတ်တော် မဲဆန္ဒနယ် ၆၁၂၊ တိုင်း/ပြည်နယ် တိုင်းရင်းသား လူမျိုးမဲ ဆန္ဒနယ်၂၉၊ စုစုပေါင်း မဲဆန္ဒနယ် ၁၁၁၇ နယ်အတွက် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရွေးချယ်ခံရသူ ၁၁၁၇ ဦးအနက် အမျိုးသား လွှတ်တော်အတွက်၂၅ ဦး၊ ပြည်သူ့လွှတ်တော် အတွက် ၅၃ ဦး၊ တိုင်း/ပြည် နယ် လွှတ်တော်အတွက် ၁၁၆ ဦး၊ စုစုပေါင်း အမျိုးသမီး ကိုယ်စားလှယ် ၁၉၄ ဦး ရွေးချယ်ခံရပြီး၂၀၁၅ နှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖန်တီးအိမ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က ဧရာဝတီကို ပြောသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးချယ် တင်မြှောက်ခံရသည့် ကိုယ်စားလှယ်ပေါင်း ၁၁၅၀ ဦးအနက် အမျိုးသမီး ကိုယ်စားလှယ် ၁၅၂ ဦး (၁၃ ရာခိုင်နှုန်း) ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

ဒေါ်ခင်လေးငယ်က “ဒီလို ဖြည်းဖြည်းမှန်မှန်နဲ့ အရည်အချင်း ပြည့်ဝတဲ့ အမျိုးသမီးတွေ ပိုများလာတာကို လက်ခံပါတယ်။ ဒါပေမယ့် ဒီထက်နည်းနည်း အရှိန်ပိုတော့ မြန်ချင်တာပေါ့။ အခုလို ၅ နှစ်ကြာမှ တခါ ၃/၄ ရာ ခိုင်နှုန်းလောက်ပဲ တိုးတယ် ဆိုတော့လေ။ သို့သော် နောက်ပြန်ပြီးတော့ လျော့မသွားဘူး။ တိုးတက်လာတဲ့ အတွက်တော့ ကြိုဆိုပါတယ်။ ကျေနပ်ပါ တယ်” ဟု ဆိုသည်။

၂၀၂၀ တွင် အမျိုးသမီး အရေအတွက် များလာရုံသာမက အရည်အချင်း ပြည့်ဝသည့် လူငယ်အမျိုးသမီးများလည်း များ လာကြောင်း၊ တချို့ဆိုလျှင် အရပ်ဘက် အဖွဲ့အစည်းမှ အမျိုးသမီးများ၊ နိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ ပြည်နယ်/တိုင်း အလိုက် ဒေသအရေး ကိစ္စများကို စိတ်ပါဝင်စားသူများ ပါဝင်လာသည်ကို တွေ့ရသဖြင့် လာမည့် လွှတ်တော်တွင် တကယ် အလုပ် လုပ်မည့်သူများ ပိုများလာမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောသည်။

ဒေါ်ခင်လေးငယ်က “နိုင်ငံရေးမှာ အမျိုးသမီးတွေ ပါဖို့ အဓိက ရည်ရွယ်ချက်က အမျိုးသမီးတွေရဲ့ အမျိုးသားတွေနဲ့ သဘာဝအရကို မတူတဲ့ စဉ်းစားချက်တွေ၊ ရင်ဆိုင်ဖြတ်သန်း၊ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေ စသဖြင့် ဒါမျိုးတွေကိုပါ နိုင်ငံ တည်ဆောက်တဲ့ နေရာမှာ၊ ကဏ္ဍစုံမှာ အသုံးပြုချင်တာ။ ဒါကြောင့် အမျိုးသမီး အခွင့်အရေးတွေ လုပ်ဖို့အတွက် အမျိုး သားတွေကလည်း ပူးပေါင်း ပါဝင်ပေးပါ။ အမျိုးသမီးတွေရဲ့ စွမ်းရည်ကိုလည်းပဲ ကဏ္ဍစုံမှာ အသုံးချပေးပါ” ဟု ဆိုသည်။

ပဉ္စမ မဏ္ဍိုင် (The Fifth Pillar) အဖွဲ့ Program Director ဦးနေဝင်းနိုင်ကလည်း၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ များသည် အမျိုးသမီး၊ လူငယ် ပါဝင်မှု ရာခိုင်နှုန်းများကို ၎င်းတို့၏ အောင်နိုင်ရေး ဗျူဟာ၌ ထည့်သွင်း ရေးဆွဲလာသလို ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင်လည်း ပိုမိုထည့်သွင်းလာခြင်းသည် ထူးခြားချက် တခုဖြစ်ပြီး ကောင်းမွန်သည့် ပြောင်းလဲမှုဖြစ်ကြောင်း မှတ်ချက်ပြုသည်။

“အစဉ်အလာအားဖြင့် လူငယ်တွေကို ဘာမှ မလုပ်တတ်ဘူး။ အမျိုးသမီးတွေကို အိမ်တွင်းရေးကိစ္စနဲ့ပဲ သတ်မှတ်ပြီးရှိနေတဲ့ ဒီလူ့ အဖွဲ့အစည်းမှာ အခု လူငယ်တွေ၊ အမျိုးသမီးတွေ ရွေးကောက်ခံရတာက ပြောင်းလဲမှုတခု ဖြစ်လာတယ်။ လွှတ်တော် ထဲ ရောက်သွားတဲ့ အမျိုးသမီးတွေ၊ လူငယ်တွေက လုပ်နိုင်တဲ့ အင်အားကြီးတယ် ဆိုတာကို ဒီ ၅ နှစ်မှာ ကောင်းကောင်း ပြလိုက်မယ်ဆိုရင် လာမယ့်၂၀၂၅ မှာ အမျိုးသမီးတွေရဲ့ပါဝင်မှု ဒီထက် ပိုတိုးလာနိုင်တယ်။ လူငယ်တွေကိုလည်း ဘာမှ မသိဘူးဆိုတဲ့ အထင်မြင်သေးတဲ့ ကိစ္စမျိုးတွေက လျော့ပါးသွားနိုင်တဲ့ သဘောရှိတယ်” ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ စုစည်းဖော်ပြပေးနေသည့် Election & Democracy အဖွဲ့၏ ထုတ်ပြန်မှုများအ ရ ပြည်ထောင်စုလွှတ်တော်၌သာမက တိုင်း/ပြည်နယ် လွှတ်တော်အသီးသီး၏ အမျိုးသမီးပါဝင်မှုနှုန်းမှာလည်း ၁၈ ရာခိုင် နှုန်းခန့် ရှိလာပြီး၂၀၁၅ ထက် ၆ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရသည်။

ကယားပြည်နယ် လွှတ်တော်ဆိုလျှင် ယခင် သက်တမ်းနှစ်ခုစလုံး ရွေးကောက်ခံ အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှု မရှိခဲ့ရာမှ လာမည့် လွှတ်တော်အသစ်၌ အမျိုးသမီး ကိုယ်စားလှယ်များ စတင် ပါဝင်နိုင်တော့မည် ဖြစ်သည်။

နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာသည်နှင့်အမျှ အမျိုးသမီးတို့၏ ခံစားခွင့်၊ လက်ရှိအခြေအနေများကို ဥပဒေ လမ်း ကြောင်းဖြင့် ပိုမိုပြောနိုင်မည်ဟု ယုံကြည်ကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို လည်း ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)မှ အနိုင်ရရှိထားသည့် ဒေါ်အယ်ဗလင်းက ပြောသည်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ အမျိုးသမီး ကိုယ်စားလှယ်များ ပိုမိုပါဝင်လာရေးနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများကို အဓိက တိုက်တွန်း နှိုးဆော်နေရပြီး ပါတီများ အနေဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ မည်မျှရာခိုင်နှုန်း အထိ ထည့်ရမည်ဟူသော မူဝါဒမျိုးရှိလာသည့်အခါ ယခုထက် ပိုများသော အမျိုးသမီး ကိုယ်စားလှယ်များ လွှတ်တော်ထဲ ရောက်လာမည်ဟု အမျိုးသမီးအရေး ဆောင်ရွက်နေသူများက ထောက်ပြလျက်ရှိသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လွှတ်တော်တွင်း အမျိုးသမီး ပါဝင်နှုန်းသည် အာဆီယံဒေသတွင်း လွှတ်တော်များနှင့် နှိုင်းယှဉ်ကြည့် ပါက အနည်းဆုံး ဖြစ်နေပြီး၂၀၁၉ စစ်တမ်းအရ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ပါဝင်နှုန်း ၁၁ ရာခိုင်နှုန်းကျော်သာ ရှိကြောင်း သိရသည်။

You may also like these stories:

၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀၀ ကျော် တိုးလာ

လွှတ်တော်ဝင်မယ့် အမျိုးသမီးကိုယ်စားလှယ်များ အသံ

၂၀၂၀ ရွေးကောက်ပွဲတွင် NLD အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်နှုန်း တိုးလာ

Did you find apk for android? You can find new Free Android Games and apps.
Loading