တိုင်းရင်းသား လက်နက်ကိုင် ရ ဖွဲ့ ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အောင်မြင်မှုကို ဂုဏ်ပြုကြောင်း သဝဏ်လွှာ တစောင်ကို ပေးပို့လိုက်သည်ဟု သတင်းရရှိသည်။
သဝဏ်လွှာ ပေးပို့သည့် ရက်စွဲမှာ နိုဝင်ဘာ ၁၈ ရက်ဟု သဝဏ်လွှာတွင် ဖော်ပြထားသော်လည်း FPNCC ၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ နေ့လယ်ပိုင်းကမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
သဝဏ်လွှာတွင် FPNCC အဖွဲ့ဝင်များ ဖြစ်သည့် ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ဝ ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ(၄)၏ ငြိမ်းချမ်းရေးနှင့် စည်းလုံး ညီညွတ်ရေး ကော်မတီ (NDAA)၊ ရှမ်း ပြည် တိုးတက်ရေးပါတီ (SSPP)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှု အမျိုးသားပါတီ (MNDAA) ၊ ပလောင်ပြည်နယ် လွတ် မြောက်ရေးတပ်ဦး (PSLF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့က အထူး ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း ရေးသားထား ပြီး တန်းတူညီမျှရေး၊ အမျိုးသား ရင်ကြားစေ့ရေး တို့ကို ဖော်ဆောင်ရာတွင် ပူးပေါင်းပါမည်ဟုလည်း ဖော်ပြထားသည်။
ထို့ပြင် အစိုးရက ကတိပြုထားသည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဒေသများရှိ စီးပွားရေး၊ ပညာရေး၊ ဆေးကုသရေးနှင့် ကျန်းမာရေးများ တိုးတက်အောင် ဖော်ဆောင်ရေး၊ လူနေမှု အဆင့်အတန်း မြှင့်တင်ရေး လုပ်ငန်းများတွင်လည်း အစိုးရနှင့် FPNCC က ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒပြုပါမည် ဟုလည်း ရေးသားထားသည်။
FPNCC သည်၂၀၁ရ ခုနှစ် ဖေဖော်ဝါရီတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် ရ ဖွဲ့က နိုင်ငံရေး မဟာမိတ် ကော် မတီ တခုအဖြစ် ဖွဲ့စည်းလိုက်သည့် ကော်မတီ ဖြစ်သည်။
UWSP က ဥက္ကဋ္ဌ၊ KIO က ဒု ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ကျန်အဖွဲ့များက အတွင်းရေးမှူး အဖွဲ့ဝင်များအဖြစ် ပါဝင်ထား သည့် FPNCC သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ငြင်းဆိုပြီး NCA ထက် ပိုမိုပြည့်စုံသည့် အပစ်ရပ် စာချုပ်သစ်တစောင်ကို ဆွေးနွေးပေးရန် တောင်းဆိုထားသည်။
FPNCC အဖွဲ့ဝင် ရ ဖွဲ့ အနက် UWSA နှင့် NDAA စစ်အစိုးရ လက်ထက် ၁၉၈၉ ခုနှစ်ကတည်းက အပစ်ရပ်စာချုပ်များ ချုပ်ဆိုထားပြီး ယနေ့ထိ သေနတ်ပြန်ပေါက်ခြင်း မရှိသည့် တပ်ဖွဲ့များ ဖြစ်သည်။
၎င်းတို့၂ ဖွဲ့သည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် သဘောတူစာချုပ်များကို လည်း ထပ်မံ ချုပ်ဆိုထားသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ တရုတ်နယ်စပ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်းမြို့နယ် ၆ မြို့နယ်ကို ခရိုင် ၂ ခု ခွဲကာ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားပြီး ထို နယ်မြေ အားလုံးနီးပါးကို UWSA က အုပ်ချုပ်လျက် ရှိသည်။
UWSA က ၎င်းတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ်မှ ဝ ပြည်နယ်အဖြစ် ဥပဒေအရ တရားဝင် တိုးမြှင့်သတ်မှတ် ပေးရေးကို တစိုက်မတ်မတ် တောင်းဆိုလျက်ရှိကာ အစိုးရဘက်မှ အသိအမှတ် မပြုသော်လည်း ၎င်းတို့ ဒေသတွင်း အုပ်ချုပ်ရေးပိုင်းနှင့် ဌာနဆိုင်ရာသုံး ရုံးစာများတွင် ဝ ပြည်နယ်၊ ဝ ပြည်နယ် အစိုးရဟု သုံးနှုန်းလျက် ရှိသည်။
NDAA သည် ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလား၊ နမ့်ပန်း၊ ဆီလူးဒေသ ၃ ခုကို အုပ်ချုပ်ခွင့် ရထားပြီး ထိုဒေသများကို အစိုးရက အထူးဒေသ (၄) ဟု သတ်မှတ် ပေးထားသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားဝင် ပြဋ္ဌာန်းပေးထား ခြင်း မရှိသည့် ၎င်းတို့ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ဥပဒေအရ သတ်မှတ်ပေးရန် တောင်းဆိုလျက်ရှိသည့် အဖွဲ့ အစည်း ဖြစ်သည်။
SSPP သည် အစိုးရနှင့် NCA ထိုးရန် ညှိနှိုင်းနေသော်လည်း တဖက်တွင် FPNCC တွင်လည်း ပါဝင်လျက် ရှိသည်။
ကျန် ၄ ဖွဲ့ ဖြစ်သည့် KIA ၊ MNDAA ၊ TNLA နှင့် AA သည် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့အဖြစ် စစ်ရေး၊ နိုင်ငံရေး မဟာမိတ် ဖွဲ့ထားပြီး အစိုးရနှင့် ပဏာမ အပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။
You may also like these stories:
တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ
ဝန်ကြီးချုပ်နေရာမျိုး တိုင်းရင်းသားပါတီတွေ ပေးမယ်ဆိုရင် NLD အပေါ် ယုံကြည်လာလိမ့်မယ်