ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပါက ကန့်ကွက်ရန် မရှိပါဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)က ဧရာဝတီကို ပြောသည်။
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် လက်နက်ကိုင် ပဋိပက္ခများနှင့် မလုံခြုံ သည့် နယ်မြေများကို မကျင်းပဘဲ ချန်လှပ်ခဲ့ရာ မိုင်းကိုင်မြို့နယ်သည်လည်း တမြို့နယ်လုံး ချန်လှပ်ခံခဲ့ရသည်။
RCSS ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက “ကျနော်တို့ ထုတ်ပြန်ထားသလိုပါပဲခင်ဗျ။ ကျနော်တို့က နိုင်ငံရေးပါတီကို ကန့်ကွက်တာလည်း မရှိဘူး။ ဟိုတဖွဲ့ဒီတဖွဲ့ကို ထောက်ခံတာလည်း မရှိဘူး။ ကြားနေပါပဲ။ ကျနော်တို့နယ်မြေကို လာမယ် ဆိုရင်ပဲ ဆက်ဆံရေးရုံးကို ဆက်သွယ်ပါ ဒီလောက်ပါပဲ။ ကျနော်တို့က ကန့်ကွက်တာတွေ ဘာတွေ မရှိပါဘူး”ဟု ပြော သည်။
နိုဝင်ဘာ ၂ ရက်တွင် ရက္ခိုင်စစ်တပ် (AA) က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် နယ်မြေများကို ဒီဇင်ဘာ ၃၁ ရက် မတိုင် မီ ရွေးကောက်ပွဲ ပြန်ကျင်းပပေးရန် တောင်းဆိုရာ တပ်မတော်ဘက်က ကြိုဆိုထောက်ခံကြောင်း ပြောပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မြို့နယ်များအပြင် မိုင်းကိုင်မြို့နယ်ကိုလည်း ရွေးကောက်ပွဲ ပြန်ကျင်းပရာတွင် ပါဝင်နိုင်ရန် ဆောင်ရွက်ပါ မည်ဟု ပြောဆိုထားသည်။
ထို့ကြောင့် RCSS ၏ သဘောထားကို မေးမြန်းရာ ဗိုလ်မှူးခမ်းစံက မိုင်းကိုင်တွင် ရွေးကောက်ပွဲ ပြန်ကျင်းပမည် ဆိုပါက ၎င်းတို့ အဖွဲ့အစည်းက ကန့်ကွက်ရန် မရှိပါဟု ဖြေဆိုခြင်း ဖြစ်သည်။
ဗိုလ်မှူးခမ်းစံက “ကျနော်တို့က ရွေးကောက်ပွဲ မတိုင်ခင်က ထုတ်ပြန်ကြေညာချက် တခု ထုတ်ထားတာ ရှိတယ်။ ကျနော် တို့ လူထုရဲ့သဘောထားပါပဲ။ လူထုက ဘယ်ပါတီကို ပေးမယ်ဆိုတာ လူထု သဘောထားပဲ။ ပါတီတွေလည်း လွတ်လွတ် လပ်လပ် သွားလို့ ရတယ်။ ဒါပေမယ့် ကျနော်တို့ ထိန်းချုပ်တဲ့ နယ်မြေထဲ ဝင်မယ်ဆိုရင်တော့ ဆက်ဆံရေးရုံးကို အကြောင်း ကြားဖို့ပါပဲ ခင်ဗျ” ဟု ထပ်မံ ပြောဆိုသည်။
နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲ မကျင်းပမီ တလအလိုတွင် မိုင်းကိုင်မြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးကြရာ တအန်းအမျိုးသားပါတီ (TNP) က RCSS ကြောင့် မဲဆွယ်စည်းရုံးရေး လုပ်မရ ဟုဆိုကာ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်သို့ တိုင်ကြားစာများ ပေးပို့ခဲ့သည်။
တိုင်စာ၂စောင် ပို့ခဲ့ပြီး တစောင်မှာ TNP ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲ မဝင်ရန်၊ ဝင်ပြိုင်ပါက ဒေသခံ တအန်း လူမျိုးများ အသက်ဘေးနှင့် ရင်ဆိုင်ရမည်ဟု ခြိမ်းခြောက်ခံရသည်ကို တိုင်ကြားသည့်စာ ဖြစ်ပြီး နောက်ထပ် တိုင်စာမှာ မဲဆွယ် စည်းရုံးလာသည့် TNP ကိုယ်စားလှယ်လောင်းများကို ရွာအတွင်း လက်ခံပါက ရွာသူကြီးများ ဒဏ်ငွေ ၁၀ သိန်း ပေးရမည် ဟူသည့် အကြောင်းကို တိုင်ခြင်း ဖြစ်သည်။
RCSS သည် အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်ကတည်းက လက်မှတ်ထိုးထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းတွင် တပ်မတော်နှင့်လည်း စစ်ရေးတင်းမာခြင်း၊ ပဋိပက္ခဖြစ်ပွားခြင်းများ မရှိပါ။
မိုင်းကိုင်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) အပါအဝင် နိုင်ငံ ရေးပါတီ ၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာ အခြားပါတီများမှာ ပြဿနာ တစုံတရာ မကြုံရဘဲ TNP တပါတီတည်းသာ RCSS နှင့် မပြေမလည်ဖြစ်ပြီး တိုင်စာများ ပေးပို့ခြင်း ဖြစ်သည်။
အောက်တိုဘာ ပထမပတ်တွင် TNP က ကိုယ်စားလှယ်လောင်းများ ကျေးရွာများဘက်သို့ မဲဆွယ်စည်းရုံးရေးဆင်းရာ RCSS တပ်ဖွဲ့များက လမ်းများ ပိတ်ဆို့ထားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်ဟု ဆိုကာ ကျေးရွာများအတွင်း အဝင်မခံ သဖြင့် TNP က မဲဆွယ်စည်းရုံးမှု အားလုံးကို ရပ်ဆိုင်းခဲ့ရသည်။
TNP ၏ တိုင်ကြားစာများမှာ စွပ်စွဲချက် သက်သက်သာ ဖြစ်ပြီး RCSS အနေဖြင့် ပါတီတခုကို ဦးတည်ကာ နှောင့်ယှက်ခြင်း မရှိကြောင်း၊ အောက်ခြေတွင် သွားလာရာ၌ အကြောင်းကြားခြင်း၊ အောက်ခြေတပ်ဖွဲ့များနှင့် ပြေလည်အောင် မညှိနှိုင်း ခြင်းတို့ကြောင့်သာ မပြေမလည် ဖြစ်ရခြင်း ဖြစ်နိုင်သည်ဟု RCSS ၏ ပြောရေးဆိုခွင့်ရှိသူများက ပြန်လည် တုံ့ပြန်ထား သည်။
ထို့နောက် အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ရွေးကောက်ပွဲ မကျင်းပနိုင် သည့် နယ်မြေများ ကြေငြာရာ မိုင်းကိုင်မြို့နယ်တခုလုံး ပါဝင်ခဲ့ပြီး RCSS ကြောင့် ပယ်ဖျက်ရခြင်း ဖြစ်သည်ဟု အာဏာပိုင် များက ပြောဆိုထားသည်။
တပ်မတော်ဘက်မှ ဒီဇင်ဘာလမကုန်ခင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များနှင့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရန် ပြောဆိုထားပြီး ရခိုင်ပြည်နယ်တွင်လည်း AA နှင့် တိုက်ခိုက်ခြင်းများကို ရပ်ဆိုင်းထားသည်။
တပ်မတော်နှင့် AA ကြား ပဋိပက္ခများကို ရပ်တန့်စေရန် ကြားဝင်ညှိနှိုင်းပေးသည့် ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကလည်း နိုဝင်ဘာ၂၈ ရက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ သွားရောက်ပြီး ရခိုင်ပါတီများနှင့် တွေ့ဆုံကာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ရေး ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။
ထို့ကြောင့် မိုင်းကိုင်မြို့နယ်တွင်လည်း ရွေးကောက်ပွဲ ပြန်ကျင်းပရန် ပြင်ဆင်မှုများ ရှိမရှိ မေးမြန်းရာ လွိုင်လင်ခရိုင်၊ ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးသန်းတင်က UEC က တစုံတရာ ပြောလာခြင်း မရှိသေးသည့်အပြင် ရွေးကောက် ပွဲ ပြန်ကျင်းပ၊ မကျင်းပကိုလည်း မသိရှိရသေးပါဟု ပြောသည်။
မိုင်းကိုင်မြို့နယ်၏ TNP ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်က “ကျနော်တို့က မဲဆွယ်စည်းရုံးရေး ကာလတုန်းက တရွာမှကို မဲဆွယ်စည်း ရုံးရေး မဆင်းခဲ့ရဘူး။ ရုတ်တရက် ပြန်လုပ်မယ် ဆိုရင်တော့ ကျနော်တို့ ပါတီက လက်မခံဘူး။ အကယ်၍ ၁ နှစ်ကျော်၊ ၂ နှစ်ကြာမှ ပြန်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ လက်ခံမယ်။ ကျနော်တို့လည်း ပြည်သူလူထုက မဲပေးချင်တာ ပေးလို့ ရ မယ်။ မဲဆွယ်စည်းရုံးတာလည်း အဆင်ပြေလိမ့်မယ်” ဟု ဆိုသည်။
ဒီဇင်ဘာ မကုန်ခင် ကာလတွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက TNP အနေဖြင့် ကန့်ကွက်ပါမည်ဟု ဦးမိုင်းနုမ်ဟန်က ပြောသည်။
ဆက်လက်ပြီး ၎င်းက “အကယ်၍ ပြန်လည်ကျင်းပမယ့် အခြေအနေရှိရင် ကျနော်တို့ TNP နဲ့ ရွာက လူထုတွေကို အစိုးရနဲ့ တပ်မတော်ပိုင်းက လုံခြုံရေး ယူပေးမှ အဆင်ပြေပါလိမ့်မယ်။ရွေးကောက်ပွဲ ကျင်းပရင်တော့ ကျနော်တို့ ပြန်ဝင်ပါမယ်။ ဒါပေမယ့် ပထမတုန်းကလို မဖြစ်ရအောင် လုံခြုံရေးပိုင်းကို တာဝန်ယူပေးမှတော့ အဆင်ပြေမှာပါ” ဟုလည်း ဆိုသည်။
TNP သည် UEC က ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်း ကြေညာစဉ်ကလည်း UEC ၏ ဆုံးဖြတ်ချက်ကို ထောက်ခံ ခဲ့သည်။
ထိုစဉ်က မိုင်းကိုင်မြို့နယ်အခြေစိုက် SNLD ၊NLD ၊SNDP ၊USDP ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်လောင်းများ နှင့် ဒေသခံ ၁ သောင်းကျော်တို့က ရွေးကောက်ပွဲ ကျင်းပပေးရန် လက်မှတ်ထိုးကာ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့် သို့ တင်ပြခဲ့သည်။
နိုဝင်ဘာ ၈ ရက်က ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မြို့နယ်များကို ရွေးကောက်ပွဲ ပြန်ကျင်းပခြင်း ပြုမပြုမှာ ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ကသာ ဆုံးဖြတ်ခွင့်၊ ကျင်းပခွင့် ရှိသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်ကျင်းပခြင်း ရှိမရှိကို ယခုအချိန်ထိ UEC မှ တစုံ တရာ ကြေညာခြင်း၊ ပြောဆိုခြင်း မရှိသေးပါ။
You may also like these stories:
လူထု မဲပေးခွင့် ဆုံးရှုံးခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြောင့်ဟု တပ်မတော်ပြော
မြို့နယ် ၆ ခုကို ပြန်သုံးသပ်ပေးရန် TNP ပါတီက UEC ထံတင်ပြ
ကျောက်မဲက ကျေးရွာအုပ်စု ၁၂ စုကို ရွေးကောက်ပွဲကျင်းပပေးရန် တောင်းဆိုမည်
လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ