နှစ်သစ်အတွက်ဆုမတောင်းခင် ၂၀၂၁ ခုနှစ်အပေါ် ကျနော့်ရဲ့ လျှပ်တပြက်အမြင်ကို အရင်ပြောပါရစေ။ အခုဆိုရင် ကမ္ဘာ့နိုင်ငံတွေဆီ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ စတင်ရောက်လာနေပါပြီ၊ ကျနော့်တို့မြန်မာနိုင်ငံမှာလည်း ရွေးကောက်ခံ အရပ်သားအစိုးရဟာ ဒုတိယသက်တမ်းကို စတင်ဖို့ ပြင်ဆင်နေပြီး အမေရိကန်ပြည်ထောင်စုကို ကြည့်မယ်ဆိုရင်လည်း “ပုံမှန်မဟုတ်” တဲ့ လက်ရှိသမ္မတက အိမ်ဖြူတော်က မကြာခင်မှာ ထွက်ခွါရတော့မှာဖြစ်ပြီး ပုံမှန်သမ္မတ (သစ်) တယောက်ဟာ သမ္မတအိမ်တော်ကို ရောက်လာတော့မှာပါ (တကမ္ဘာလုံးအတွက် စိတ်သက်သာစရာ သတင်းပါ)။
အားလုံး မင်္ဂလာနှစ်သစ်ဖြစ်ကြပါစေ။
၂၀၂၁ ခုနှစ်ကို လှမ်းမျှော်ကြည့်လိုက်ရင် ကျနော်အထက်မှာပြောခဲ့တဲ့အချက်သုံးချက်က ဒီနှစ်ထဲမှာ အဓိကကျတဲ့ ဖြစ်ပေါ်တိုးတက်မှုတွေ ဖြစ်လာမှာပါ။ ဒါတွေက ကျနော်တို့ လူသားတွေအနေနဲ့ ၂၀၂၀ ပြည့်နှစ်မှာ အကောင်းဆုံး လုပ်နိုင်ခဲ့တဲ့အရာတွေထဲက တချို့ဖြစ်ပါတယ်။
တခုကတော့ အန္တရာယ်ကြီးလှတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကနေ လူသားထုကို ကယ်တင်တာ (တကမ္ဘာလုံးအတွက်)၊ နိုင်ငံရေးအသိရှိရှိနဲ့ မှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ် ဆက်ရပ်တည်နိုင်ခြင်း (မြန်မာနိုင်ငံအတွက်) နဲ့ ပုံမှန် နိုင်ငံရေး အခြေအနေကို ပြန်ရောက်အောင် ပြောင်းလဲခြင်း (အမေရိကန် ပြည်ထောင်စုအတွက်) တို့ပဲဖြစ်ပါတယ်။
ဒါတွေဟာ ၂၀၂၀ ပြည့်နှစ်မှာ စွမ်းဆောင်နိုင်ခဲ့တာတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ခက်ခဲတဲ့ နှစ်တနှစ်ဖြစ်ခဲ့ပြီး မကြာသေးခင် နှစ်တွေထဲမှာဆို အဆိုးဆုံးတွေကြုံခဲ့ရတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့သာ လေ့လာသင်ယူချင်စိတ် ရှိတယ်ဆိုရင် အဆိုးဆုံး အတွေ့အကြုံတွေဟာ ဘဝမှာ အကောင်းဆုံး သင်ခန်းစာတွေကို ပေးပါတယ်။
အသေအပျောက်များစေတဲ့ ကူးစက်မြန်ကပ်ရောဂါဟာ ပြည်သူတွေရဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ စိတ်ပိုင်းဖြတ်မှုကို မတားဆီးနိုင်ဘူးဆိုတာကို ကမ္ဘာက ၂၀၂၀ မှာ သက်သေပြလိုက်ပါတယ်။ ၂၀၂၀ ခုနှစ်ကို ကျနော်တို့ ဘယ်လိုကျော်ဖြတ်နိုင်ခဲ့ကြပါသလဲ။ ကျနော်တို့တွေဟာ စိတ်ရှည်ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ အကောင်းမြင်ခြင်း၊ ယုံကြည်မှုခိုင်မာခြင်း၊ တာဝန်သိခြင်း၊ စာနာခြင်းနဲ့ လိုက်လျောညီထွေ ပြောင်းလဲနေထိုင်ခြင်း စတာတွေနဲ့ ကျော်ဖြတ်ခဲ့တာလို့ ယုံကြည်ပါတယ်။
ကျနော်တို့ဟာ အိမ်ထဲမှာပဲ ရက်ရှည်ပိတ်လှောင်နေကြရတယ်။ ခရီးသွားလာခွင့်တွေ ကန့်သတ်ပိတ်ဆို့ခံရတယ်။ ကမ္ဘာတဝန်းက လူတွေဟာ ဘယ်တော့အဆုံးသတ်မယ်ဆိုတာ မသိရတဲ့ ညအမှောင်ထဲမှာ လျှောက်လှမ်းနေခဲ့ကြရတယ်။ ဒါနဲ့ဆက်စပ်ပြီး ပြီးခဲ့တဲ့မေလ ကိုဗစ်ပထမလှိုင်းအတွင်းမှာ ကျနော်ရေးခဲ့တဲ့ ဆောင်းပါးတပုဒ်က ( တိုက်ပိတ်ခံ တန်ဖိုးကို COVID-19 ကာလအတွင်း ပြန်ပြောင်းသတိရခြင်း ) စာသားအချို့ကိုပြန် သတိရမိပါတယ်။
“ကျနော်တို့ အခုလုပ်ရမှာကတော့ ဘယ်လောက်ပဲမှောင်နေနေ ဆက်လျှောက်နေဖို့ပါပဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ အာရုံမှန်းဆမှုတွေနဲ့ ခိုင်မာတဲ့ သန္နိဌာန်တွေနဲ့ပေါ့။ အနှေးနဲ့ အမြန်ဆိုသလို ညအမှောင်ဟာ ကုန်လွန်ပြီး နေ့သစ်ကိုရောက်လာမှာပါ။ ဒီညအမှောင်ကို ကောင်းကောင်းကျော်ဖြတ်နိုင်ပြီး အခြေအနေတွေ ပုံမှန်ပြန်ဖြစ်တဲ့အခါ နေ့သစ်ကို မြင်တွေ့ကြရမှာပါ။”
အခုတော့ ကာကွယ်ဆေးတွေဟာ ရောက်လာတော့မှာဖြစ်လို့ ကျနော်တို့ဟာ အလင်းရောင်ကိုစမြင်နေရပါပြီ။
အမေရိကန်မှာလည်း မဲဆန္ဒရှင်တွေဟာ စိတ်ပျက်အရှက်ရစရာ ထရမ့်အစိုးရကို ဆန့်ကျင်ဆန္ဒမဲပေးပြီး ဖြုတ်ချလိုက်ပါပြီ။ ၂၀၁၆ ခုနှစ်က သူတို့မှားခဲ့တဲ့အမှားကို ပြန်ပြင်ဆင်နိုင်ခဲ့တာပါပဲ။ မနှစ်က ကျနော် ကြိုတင်ခန့်မှန်း ရေးခဲ့သလို (မညီမျှမှုတွေနဲ့ ရောဂါပိုးကူးစက်မှုတွေက အမေရိကန်ကို အားမကျစေပါ ) ၂၀၂၀ ရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူတွေက ထရမ့်ကို ပြန်မရွေးချယ်ဖူးဆိုရင် အမေရိကန်ဒီမိုကရေစီဟာ အရင်လိုပြန်လည်ပြီး ဆွဲဆောင်မှုရှိလာမယ်လို့ ယုံကြည်ပါတယ်။
မြန်မာပြည်သူတွေကလည်း ၂၀၂၀ ခုနှစ်မှာ ကိုဗစ်-၁၉ ကြောင့် ကိုယ့်အိမ်ထဲက သိပ်မထွက်ရပေမယ့် ရွေးကောက်ပွဲနဲ့အတူ မြန်မာ့ဒီမိုကရေစီပြပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ နောက်ထပ်ခြေလှမ်းတခုကို လှမ်းခဲ့ကြပါတယ်။
မဲပေးခွင့်ရှိသူပေါင်း ၃၈ သန်းအနက် အများစုဟာ ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကနေ အရပ်သားအုပ်ချုပ်ရေးကို ပြောင်းလဲနေတဲ့ လက်ရှိနိုင်ငံရေး အသွင်ကူးပြောင်းမှု ရှေ့ဆက်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ တခဲနက် မဲထွက်ပေးခဲ့ကြပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က နောက်ထပ် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းဟာ အမှန်တကယ်တော့ မြန်မာပြည်သူတွေရဲ့ အောင်ပွဲပါ။
ရွေးကောက်ပွဲရလဒ်ကို ကြီးမားတဲ့ အောင်မြင်မှုအဖြစ် အများစုကမြင်ကြပါတယ်။ အဲ့လိုသာမဖြစ်ခဲ့ရင် စိတ်ပျက်စရာတွေ ပြန်ကြုံရဖို့ရှိပါတယ်။ အခုတော့ ပြည်သူတွေဟာ အာဏာအလွဲသုံးစားလုပ်ပြီး စိတ်ထင်တိုင်းကြဲခဲ့ကြတဲ့သူတွေ အာဏာပြန်ရအောင်ကြိုးပမ်းနေမှုကို ဒီမိုကရေစီနည်းလမ်းနဲ့ ဆက်လက်တားဆီးနိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရရဲ့ လာမယ့် သက်တမ်းဟာ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သား အစိုးရတရပ်ရဲ့ ဒုတိယအကြိမ်သာဖြစ်ပါတယ်။ ဒီဖွံ့ဖြိုးတိုးတက်မှုက ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အခုချိန်ထိတော့ အနှောင့်အယှက်မရှိ လည်ပတ်နေခဲ့တယ်ဆိုတာကို ပြသပါတယ်။
၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှုတွေ စခဲ့တဲ့ အချိန်မှာ အကောင်းမြင်မှုတွေ ရှိခဲ့ပေမယ့် စိုးရိမ်ပူပန်မှုတွေလည်း ရောထွေးနေပါတယ်။ ဘယ်အချိန်မဆို အရင်စနစ်ဟောင်းနဲ့ ၎င်းရဲ့ ဒီမိုကရေစီဆန့်ကျင်ရေး အုပ်စုတွေက ပြန်လာပြီး ပြုပြင်ပြောင်းလဲမှုက နောက်ကြောင်းပြန်လှည့်သွားနိုင်တယ်ဆိုတဲ့ ခံစားချက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ရှိနေခဲ့ကြပါတယ်။
ဒီမိုကရေစီအင်အားစုတခုဖြစ်တဲ့ NLD ရဲ့ ရွေးကောက်ပွဲအောင်ပွဲတွေက ပြည်သူလူထုရဲ့ အဲ့ဒီစိုးရိမ်ပူပန်မှုတွေကို သက်သာစေခဲ့ပါတယ်။ NLD ဟာ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာလည်း မဲအပြတ်အသတ်နဲ့နိုင်ခဲ့ပါတယ်။
အခုတော့ လွန်ခဲ့တဲ့ နှစ်ငါးဆယ် စစ်အစိုးရလက်ထက် (၁၉၆၂ – ၂၀၁၁) က အိမ်မက်ဆိုးတွေနဲ့ယှဉ်လိုက်မယ်ဆိုရင် တိုင်းပြည်ကနိုင်ငံရေးအရ အတိုင်းအတာတခုအထိတည်ငြိမ်မှုကို ခံစားနေရပါပြီ။ တနည်းအားဖြင့် စစ်အစိုးရအောက်မှာ မရှိတော့ဘဲ ပါတီစုံဒီမိုကရေစီ ရွေးကောက်စနစ်အောက်ကို ရောက်လာနေတာပါ။
၂၀၂၀ မှာ ဘယ်ကိုမှ ခရီးမထွက်နိုင်ခဲ့ကြပေမယ့် နိုဝင်ဘာလရွေးကောက်ပွဲကို ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ နိုင်ငံရေးခရီးကို ပိုပေါက်အောင် ခရီးနှင်နိုင်ခဲ့ကြပါတယ်။ မြန်မာပြည်သူတွေ နိုင်ငံသား တာဝန်ကျေပါတယ်။
ဒါပေမယ့် ဒီနှစ်မှာလည်းပဲ ၂၀၂၀ ခုနှစ်နဲ့ အရင်နှစ်တွေကလို ကျနော်တို့ တွေ့မြင်နေကျ စိန်ခေါ်မှုတွေအပြင် မမျှော်မှန်းထားတဲ့ပြသနာတွေကိုလည်း တွေ့ကြုံရနိုင်ပါတယ်။
အခုကတော့ NLD ရဲ့ အလှည့်ရောက်ပါပြီ။ ပြည်သူတွေက ယုံကြည်ပြီး သူတို့အတွက် ဆက်လက်တာဝန်ထမ်းဆောင်ဖို့ NLD ကို ရွေးချယ်တာဝန်ပေးလိုက်ကြပါပြီ။ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အောက်ခြေအထိ ပါတီတခုလုံးက သစ္စာရှိရှိနဲ့ ပြည်သူတွေအတွက် မြှပ်နှံပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
နိုင်ငံရေး အချောင်သမားတွေ သာမက အကျင့်ပျက်ခြစားတဲ့၊ စွမ်းဆောင်ရည်မပြည့်တဲ့ ဝန်ကြီးတွေ အစိုးရအရာရှိတွေ လက်ရှိ NLD အစိုးရမှာ ကျနော်တို့တွေ့ခဲ့ပါတယ်။ အဲဒီလို တာဝန်မဲ့ပြီး အသိဉာဏ်နည်းတဲ့ ကြောင်တောင်တောင် အာဏာပိုင်တွေနဲ့ သူတို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေ၊ မဟုတ်တရုတ်ပြောဆိုမှုတွေကို သည်းမခံနိုင်လောက်အောင်ကို ပြည်သူတွေ တော်တော်ဒဏ်ခံခဲ့ရပါတယ်။
ဒါပေမယ့် နိုင်ငံကို စီမံအုပ်ချုပ်တဲ့ အတွေ့အကြုံမရှိသေးတဲ့ ပထမဆုံးအရပ်သားအစိုးရဖြစ်တယ်၊ နောက်ပြီး ဆယ်စုနှစ်များစွာ ဖျက်ဆီးခံထားရတဲ့နိုင်ငံကို ပြုပြင်ဖို့ အင်မတန် ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေရတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူတွေက နားလည်မှုပေးပြီး စိတ်ရှည်ခဲ့ကြပါတယ်။
ဒါကြောင့် လာမယ့် ဒုတိယသက်တမ်းမှာတော့ ပြည်သူလူထုရဲ့ မျှော်မှန်းချက်တွေဟာ ပိုမြင့်မားနိုင်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျတဲ့ မျှော်မှန်းချက်တွေ ဖြစ်မှာပါ။ အာဏာရပါတီနဲ့ လက်ရှိအစိုးရရဲ့ ထိပ်ဆုံး ခေါင်းဆောင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရသစ်အတွက် လူရွေးချယ်မှုတွေကို အားလုံးက စိတ်ဝင်တစားစောင့်ကြည့်နေပါတယ်။
လာမယ့်သက်တမ်းမှာ လူမှန်နေရာမှန် ရွေးချယ်ခန့်အပ်ခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် အရေးပါတဲ့ အစဖြစ်ပါလိမ့်မယ်။ အဲ့ဒီအတွက် ပထမသက်တမ်းကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကလည်း အများကြီးပါ။ NLD အနေနဲ့ “လူရွေးမှားတဲ့ အားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြင်ဖို့လို” ( လူရွေးမှားတဲ့ အားနည်းချက်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပြင်ဖို့လို ) ဆိုတဲ့ ကျနော့်ဆောင်းပါးမှာ အကြံပေးခဲ့သလို အလားတူအမှားတွေကို ထပ်မမှားဖို့ လိုပါတယ်။
ဒီရက်ပိုင်းတွေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေက အစိုးရအသစ်အတွက် ဝန်ကြီးနေရာတွေနဲ့ ဝန်ကြီးချုပ်နေရာတွေ ခန့်အပ်မှုအတွက် လူရွေးချယ်စိစစ်မှုတွေကို လုပ်နေကြတာကို ကျနော်တို့ ကြားရပါတယ်။ ဒီအကြိမ်မှာတော့ ပထမသက်တမ်းကလို မဲဆန္ဒရှင်ပြည်သူတွေ စိတ်ပျက်စေမယ့်သူတွေ မရွေးချယ်မိဖို့ မျှော်လင့်နေမိပါတယ်။
၂၀၂၁ ခုနှစ်ဟာ နောက် ၅ နှစ်တာကာလအတွင်း နိုင်ငံအတွက် နောက်တဆင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအတွက် အစ ကနဦးနှစ်ပါ။ အခုတကြိမ် ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို ထပ်မံအနိုင်ရခြင်းနဲ့အတူ NLD ဟာ ပြည်သူလူထုကို ပထမဦးစားပေး မျက်နှာမူ စဉ်းစားတဲ့ နည်းလမ်းတွေ မဟာဗျူဟာတွေ ချမှတ်ဖို့ လိုအပ်ပါတယ်။
ဆက်ဖြေရှင်းရမယ့် ပြသနာဟောင်းတွေကလည်း ရှိပါတယ်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ရပ်ဆိုင်းပြီး ထာဝရ ငြိမ်းချမ်းရေးရဖို့၊ နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခွင့်ထူးတွေကို လျှော့ချဖို့အတွက် ဒီမိုကရေစီမကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့နဲ့ ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ပြီး ပြည်သူတွေအတွက် ကာကွယ်ဆေးရရှိဖို့စတာတွေအပြင် တခြားပြသနာတွေပေါ့။
နိုင်ငံရေးအရပြောရရင် အခက်ခဲဆုံးကိစ္စကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ၂၀၁၉ ခုနှစ်မှာရေးခဲ့တဲ့ “နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည် ( နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု အဆုံးသတ်ရန် နှစ် ၃၀ ကြာနိုင်သည်) ဆိုတဲ့ ဆောင်းပါးမှာ သုံးသပ်ခဲ့သလိုပါပဲ။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျနော့်အမြင်က ပြောင်းလဲခြင်းမရှိပါဘူး။ တပ်မတော်ခေါင်းဆောင်ပိုင်းက သူတို့စစ်တန်းလျားကို အပြီးပြန်ဖို့ ဆန္ဒမရှိသရွေ့ အခြေအနေတွေကတော့ အနည်းနဲ့အများဆိုသလို အတူတူပဲဖြစ်နေမှာပါ။
ဒါပေမယ့် အပြုသဘောဆောင်တဲ့ လက္ခဏာတွေလည်း ရှိနေပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်သူတွေအကြား တွေ့ဆုံဆွေးနွေးတာတွေ ပိုလုပ်ဆောင်လာတာကြောင့် ဒီလိုသာဆက်သွားဖြစ်မယ်ဆိုရင် အချိန်တခုမှာ တိုးတက်မှုတွေဖြစ်လာနိုင်ပါတယ်။
ရှေ့လာမယ့် ၅ နှစ်ဟာ ရွေးကောက်ခံ အရပ်သားအစိုးရအနေနဲ့ တိုင်းပြည်မှာ အမြစ်တွယ်နေတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖို့နဲ့ စီးပွားရေးနဲ့ လူမှုနယ်ပယ်တွေမှာ ပိုမိုတိုးတက်လာအောင်လုပ်ဖို့အတွက် အခွင့်အလမ်းပါပဲ။ ကျနော်တို့နိုင်ငံအတွက် အခုအချိန်ဟာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးကာလပါပဲ။ ကျနော်တို့တွေဟာ ပျက်စီးနေတဲ့နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ဖို့ကို ဆက်လက်အာရုံစိုက်ရမှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်က ကျနော်တို့ကို အငိုက်ဝင်တိုက်ခဲ့သလိုပဲ အခုနှစ်မှာလည်း ဘယ်လိုပြသနာသစ်တွေ ပေါ်လာနိုင်မယ်ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် အဆိုးဆုံးအတွက် ပြင်ဆင်ရင်း အကောင်းဆုံးကို မျှော်လင့်ဖို့ပဲရှိပါတယ်။ ကျနော်တို့ လူသားတွေရဲ့ ခွန်အား၊ စွမ်းရည်တွေနဲ့ ၂၀၂၁ ခုနှစ်မှာ ပြဿနာသစ်၊ ပြဿနာအဟောင်း၊ အကောင်း အဆိုး အားလုံးကို အတူ ရင်ဆိုင်ကြပါစို့။
( Kyaw Zwa Moe ၏ A Quick Peek Into 2021 ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
လူကုန်ကူးဂိုဏ်းများ၊ အစိုးရများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ကိုဗစ်ကာလဆိုး
မြန်မာ့တပ်မတော်နှင့် ပေါင်းပြီး စီးပွားရေးလုပ်ခြင်း
ထိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ချန်ထားမရနိုင်