၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာချိန်တွင် သမဝါယမဝန်ကြီးဌာနက မိုးသီးနှံချေးငွေအဖြစ် တောင်သူလယ်သမားများထံသို့ ငွေကျပ် ၁၆၃ ဘီလီယံ ထုတ်ချေးမည်ဖြစ်ပြီး ငွေကျပ်သန်း ၆ သောင်းနီးပါးတန်ဖိုးရှိ လယ်ယာသုံး၊ လုပ်ငန်း သုံးနှင့် ရေလုပ် ငန်း သုံး ပစ္စည်းများကိုလည်း အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သမဝါယမ ဝန်ကြီး ဦးကျော် ဆန်း က မေလ ၂၃ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့်လူမှုစီးပွားမြှင့်တင်ရေး အခမ်း အနား တွင်ပြောဆိုလိုက်သည်။
သမဝါယမဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ချေးငွေမရရှိသေးသည့် တောင်သူများ အတွက် မိုးသီးနှံ ချေးငွေ အဖြစ် ကျပ်သန်းပေါင်း ၉၂၇၀၅ ဒသမ ၄၀၉ သန်းကို မိုးသီးနှံချေးငွေအဖြစ် ယခုနှစ် မေလနှင့် ဇွန်လ အတွင်း ထုတ်ချေးသွားမည်ဖြစ်ပြီး ချေးငွေရထားပြီးသူများအတွက် တိုးမြှင့်ထုတ်ချေးပေးမည့်ငွေ ကျပ်သန်းပေါင်း ၇၀၅၂၇ ဒသမ ၈၉ သန်း ထပ်မံ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ လယ်ယာသုံး၊ လုပ်ငန်းသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ အတွက် လည်း ကျပ်ငွေသန်းပေါင်း ၅၇၁၄၈ ဒသမ ၀၆ သန်းဖိုးကိုလည်း နှစ်လအတွင်း အရစ်ကျငွေချေစနစ်ဖြင့် ထပ်မံရောင်း ချပေးသွားမည်ဟု ၎င်းက ပြောဆိုသည်။
သမဝါယမဝန်ကြီးဌာနအနေဖြင့် ချေးငွေထုတ်ချေးပေးရခြင်းသည် တောင်သူများ အဓိက ကြုံတွေ့နေရသည့် အရင်းအနှီး မလုံလောက်မှုအတွက် ကူညီပံ့ပိုးရန်၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်နှင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရန်အတွက် ဖြစ်သည်ဟု ဦးကျော်ဆန်းက ဆိုသည်။
သို့ရာတွင် ချေးငွေများသည် ပြည်ပမှ ချေးငွေများဖြစ်၍ မဖြစ်မနေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ချေးငွေအတွက် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၄၀၀၊တောင်ကိုရီးယား နိုင်ငံမှ အကြွေးဝယ်ယူထားသည့် လယ်ယာ သုံးစက် ပစ္စည်း များ၊ သမဝါယမအသင်းပိုင် ပစ္စည်း များကို ဘဏ်တွင် အပေါင်ခံထားပြီး ချေးယူရရှိထားသည့် ငွေများဖြင့် စက်ပစ္စည်း များကို ပြန်လည် အရစ်အကျ ငွေချေစနစ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးစရိတ်နှင့် မွေးမြူရေးစရိတ် ချေးငွေမရသေးသည့် သမါယမအသင်း သား များ အတွက်ချေးငွေကျပ်သန်းပေါင်း ၂၇၇၄ သန်းကျော်၊ ချေးငွေရရှိပြီးသူများအတွက် တိုးမြှင့်ချေးငွေ ကျပ်သန်း ပေါင်း ၉၇၅၄ သန်းကျော် စုစုပေါင်း ၁၂ ဘီလီယံကျော်ကို အတိုးတလလျင် ၁ ကျပ် ၁၅ ပြားနှုန်းဖြင့် ထုတ်ချေးမည်ဟု ဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။
ဝန်ကြီးဦးကျော်ဆန်းသည် ယခင်စစ်အစိုးရလက်ထက်က ဗိုလ်မှူးချုပ်ရာထူးဖြင့် ပြန်ကြားရေးဝန်ကြီး၊ နိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ရာထူးရယူခဲ့သူဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ပြန်ကြား ရေး ဝန် ကြီး အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် သမဝါယမ ဝန်ကြီး အဖြစ် ပြောင်းရွှေ့ ခံခဲ့ ရသူ ဖြစ်သည်။