အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားလှယ်လောင်းများ ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ်၌ မဲဆွယ် စည်းရုံးရာတွင် ဟန့်တား နှောင့်ယှက်မှုများတွေ့ကြုံရခြင်းနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ဥပဒေအရ တရားရင်ဆိုင်ရန် ပြင်ဆင်လျက် ရှိကြောင်း NLD က ပြောသည်။
“မဲဆွယ် ကာလအတွင်း ရောက်အောင်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ ဥပဒေ အထောက်အကူပြုအဖွဲ့နဲ့ တိုင်ပင်ပြီးလည်း ရွေးကောက် ပွဲ ဆိုင်ရာ ပြစ်မှုပြစ်ဒဏ် ပုဒ်မ – ၅၇ အရ ငြိစွန်းမှုရှိမရှိ အထောက်အထားတွေရှာပြီး ဥပဒေအရ ရင်ဆိုင်ဖို့လည်း ရှိပါတယ်”ဟု ယနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ NLD ပါတီ ကိုကိုးကျွန်းမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ထွေးက ဧရာဝတီ ကို ပြောပြသည်။
ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၇ တွင် မည်သူမဆို ရွေးကောက်ပွဲများတွင် လူပုဂ္ဂိုလ်တဦး၏ မဲပေးပိုင်ခွင့်နှင့် ရွေးကောက်တင်မြှောက် ပိုင်ခွင့် တို့ကို ကျင့်သုံးခြင်း မပြုနိုင်စေရန် အကြမ်းဖက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ မလျော်သြဇာ သုံးခြင်း၊ လိမ်လည် လှည့်ဖြားခြင်း၊ လာဘ်ပေးခြင်း (သို့) လာဘ်ယူခြင်းတို့ကို ပြုလုပ်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား တနှစ်ထက် မပိုသော ထောင် ဒဏ် ကိုဖြစ်စေ၊ ကျပ် ၁ သိန်းထက် မပိုသော ငွေဒဏ်ကိုဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
တရားဝင် မဲဆွယ်ခွင့်ပြုခဲ့သည့်နေ့မှ ရက်ပေါင်း ၃၀ ကျော်သည်အထိ NLD ကိုယ်စားလှယ်လောင်းများသည် ကိုကိုးကျွန်း မဲဆန္ဒနယ် တွင် မဲဆွယ်စည်းရုံးခွင့် မရဘဲ ခရီးစဉ် ဖျက်သိမ်းရမှုများ ရှိခဲ့ပြီး ကိုကိုးကျွန်း လေယာဉ်ခရီးစဉ်များ၌လည်း လိုက်ပါခွင့် မရခဲ့ကြောင်း NLD ကိုယ်စားလှယ်လောင်းများက ပြောသည်။
သို့သော် ကိုကိုးကျွန်းသို့ အောက်တိုဘာ ၁ ရက်တွင် NLD ပါတီမှ သွားရောက်မည့် လူပုဂ္ဂိုလ် ၆ ဦးအား ပိတ်ပင် တားဆီးထားခြင်း လုံးဝမရှိဘဲ သင့်လျော်သည့် အစီအစဉ်ဖြင့်သာ သွားရောက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက အကြောင်းပြန်ထားသည်ဟု သိရသည်။
NLD ပါတီ၏ ကိုးကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက“ကျနော်တို့ မဲဆွယ်ဖို့ ဟန့်တား နှောင့်ယှက် တာတွေ ရှိနေပါတယ်။ သွားမယ့် ခရီးစဉ်တွေကို အကြောင်းမရှိဘဲ ဖျက်ပစ်ခဲ့ပါတယ်။ သူတို့ ပိတ်ပင်တားဆီးထားလို့ ပိတ်ပင် တားဆီးထားခြင်း မရှိဘူးလို့ ပြောတာပါ”ဟု ပြောဆိုသည်။
NLD ကိုယ်စားလှယ်လောင်းများသည် ကိုကိုးကျွန်းမြို့နယ်သို့ သွားရောက်ခွင့်အတွက် အောက်တိုဘာ ၁၁ ရက်က သက်ဆိုင်ရာဌာန ၅ ခုသို့ တင်ပြထားကြောင်းနှင့် တန်ချိန် ၄၅၀ ကျော်ပါ ကမ်းရိုးတန်းသွား ကုန်တင်စက်လှေ တစင်းကို ငှားရမ်းထားသည်ဟု လည်း ဦးဝင်းမင်း က ပြောသည်။
ယခင်က နိုင်ငံရေး အမှုဖြင့် တသက်တကျွန်းပြစ်ဒဏ် ကျခံရသူများအား ပို့ဆောင်ထိန်းသိမ်းခဲ့သည့် ကိုကိုးကျွန်းသည် စစ်အစိုးရ လက် ထက် ၁၉၇၄-၇၆ ခုနှစ် ဝန်းကျင်တွင် ကွမ်းခြံကုန်းမြို့နယ်ခွဲ အဖြစ်မှ မြို့နယ်အဆင့်သို့ တိုးမြှင့်ခဲ့သည့် ဒေသတခုဖြစ်ပြီး မြန်မာ့ ရေတပ် အခြေစိုက်စခန်း တခုလည်း ဖြစ်သည်။
ကိုကိုးကျွန်းမြို့နယ်တွင် မဲပေးနိုင်သည့် လူဦးရေသည် စစ်သည်၊ ပြည်သူ၊ ဝန်ထမ်း စုစုပေါင်း ၂၀၀၀ နီးပါး ရှိရာ အများစုသည် တပ်မတော် စစ်သည်များနှင့် ဝန်ထမ်းများဖြစ်ပြီး ကျွန်းပေါ်ရှိ လေယာဉ်ပြေးလမ်း စီမံကိန်းအတွက် စစ်သည် ၁၀၀ ခန့် ထပ်မံ လာရောက်ရန် ရှိသေးကြောင်း သိရသည်။
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် စစ်သည်အများစုရှိသည့် ကိုကိုးကျွန်းတွွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး ပါတီ)မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေ ယှဉ်ပြိုင်မည်ဖြစ်ပြီး တိုင်း ဒေသကြီး ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ဒေသကြီး နယ်စပ်ရေးရာနှင့် လုံးခြုံရေးဝန်ကြီး ဗိုလ်မှူကြီးဟောင်း ဦးတင်ဝင်းနှင့် ကိုကိုးကျွန်းဒေသခံ တဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
ကိုကိုးကျွန်း၌ ကြံ့ခိုင်ရေးပါတီနှင့် NLD တို့သာ အဓိက ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသား လွှတ်တော်အတွက် ကိုယ်စားလှယ် လောင်း ၄ ဦးနှင့် တဦးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
၁၉၉၀ တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ကိုကိုးကျွန်း မဲဆန္ဒနယ်တွင် NLD ပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ ခိုင်ရေး ပါတီမှ တပ်မတော် (ရေ) ဗိုလ်မှူးကြီးဟောင်း ဦးအေးဖေက အနိုင်ရရှိခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင်အတွင်း ပါဝင်သည့် ကိုကိုးကျွန်းသည် ရေမိုင် အနံ ၄ မိုင်နှင့် အလျား ၇ မိုင်ခွဲ ကျယ်ဝန်းပြီး NLD ပါတီဝင် အင်အား ၅၀ ခန့် ရှိကြောင်း၊ ကျွန်းပေါ်နေ ဒေသခံပြည်သူ ၆၀၀ ကျော်ရှိကြောင်း NLD ပါတီထံမှ သိရသည်။