နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပသည့် ရွေးကောက်ပွဲ ရလာဒ်အရ ပေါ်ပေါက်လာမည့်အစိုးရအဖွဲ့ကို လက်ခံမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်ပြီး ရွေးကောက်ပွဲအပြီးကြားကာလ တည်ငြိမ်ရေး နိုင်ငံရေးအင်အားစုများမှ ခေါင်း ဆောင် များနှင့် ညှိနှိုင်းအဖြေရှားသွားမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောဆိုလိုက်သည်။
နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ပြောဆိုသော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲအပြီး ပြည်သူများက ရွေးချယ်လိုက်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှဝ်များသည် အစိုးရအဖွဲ့ကို ဦးဆောင်မည့် သမ္မတလောင်းများကို ဆက်လက်မဲပေးရွေးချယ်သွားမည်ဖြစ်ပြီး ထိုကဲ့သို့ ရွေးချယ်ပြီးနောက် ပေါ်ပေါက် လာမည့် အစိုးရအဖွဲ့ကို လက်ခံသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူများ ရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သမ္မတလောင်းများကို ပြည်သူလူထုကိုယ်စား ဆက်လက် မဲပေး ရွေးချယ် သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲ ရလဒ်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျနော် အနေနဲ့ လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံရေး အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်များ အနေနဲ့လည်း လေးစား လက်ခံသွားကြမယ်လို့ ယုံကြည်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းစေရေးအတွက်လည်း နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ ညှိနှိုင်းအဖြေရှာသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ရွေးကောက်ပွဲအပြီး ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက်လည်း နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ်ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကလည်း ကြားကာလ တည်ငြိမ် အေးချမ်းမှုနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူးပြောင်းစေဖို့ များစွာ အထောက် အကူပြုသွားမှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
သမ္မတဦးသိန်းစိန်က ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှသာလျှင် ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်ပြီး နိုင်ငံရေး အခင်းအကျင်းသစ်တခုပေါ်ထွန်းမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က နိဂုံးချုပ်ပြောဆိုသွားသည်။
“ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို တည် ဆောက် တဲ့နေရာမှာ ခရီးရှည်ကြီးကို အားလုံးအတူ ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ရွေး ကောက် ပွဲပေါင်း များစွာကို ဖြတ်သန်းပြီး နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှု အဆင့်ဆင့်ကို တည်ဆောက်သွားကြရမှာ ဖြစ် ပါတယ်။ ဒီလို အဆင့်ဆင့် တက်လှမ်းရာမှာ ယခု ကျင်းပတော့မည့် သမိုင်းဝင် ရွေးကောက်ပွဲကြီးကို လွတ်လပ်ခြင်း၊ မျှတခြင်းဆိုတဲ့ ဝိသေသတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မှသာ ပြုပြင်ပြောင်းလဲမှုများ ရှေ့ဆက်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုကို တည်တည်ငြိမ်ငြိမ် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ဆိုသည်။
နိုင်ငံရေးအသိုင်းအဝိုင်းကမူ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အများစု အနိုင်ရရှိပါက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ အာဏာ လွှဲပြောင်းခြင်းမရှိမည်ကို စိုးရိမ်မှုလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ ၁၉၉၀ ခုနှစ်နှင့် ၂၀၁၅ အခြေအနေ လုံး၀ ကွာခြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။