fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ကိုယ်စားလှယ်လောင်းများ နှင့် ရွေးကောက်ပွဲ အသုံးစရိတ်

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် အစိုးရသစ်ဖွဲ့ရာတွင် ပါဝင်နိုင်ဖွယ်ရာ ရှိသူများလည်းဖြစ်ရာ မိမိတဦးချင်းစီ၏ ရွေးကောက် ပွဲ အသုံးစရိတ် အစီရင်ခံစာကို ကော်မရှင်က ခွင့်ပြုထားသည့်အတိုင်း တင်ပြနိုင်မှသာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန် နိုင်ငံတော် ဘဏ္ဍာများ စီမံခန့်ခွဲရာတွင်လည်း မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို ရရှိနိုင်ပေလိမ့်မည်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ရက် တဖြည်းဖြည်း နီးကပ်လာသည်နှင့် တပြိုင်နက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများကို ခပ်စိပ်စိပ်ကျယ်ပြန့်စွာ တွေ့လာရသည်။

ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အောင်နိုင်ရေးကိုသာ အာရုံစိုက်ရုံ မဟုတ်ဘဲ ရွေးကောက်ခံရပြီးပါက ရွေးကောက်ပွဲရလဒ်များ မပျောက်ပျက်နိုင်အောင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို မချိုးဖောက်မိစေရန်လည်း လိုအပ်နေပေသည်။

ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲဥပဒေများအရ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ရာတွင် တဦးချင်းစီ၏ ရွေးကောက်ပွဲအသုံးစရိတ်ကို အများဆုံးသုံးစွဲခွင့်အဖြစ် ကျပ် သိန်း ၁၀၀ သတ်မှတ်ထားရာ ရွေးကောက်ပွဲအပြီး ရွေးကောက်ခံရသည့် ကိုယ်စားလှယ်လောင်းများ၏ အမည်များကို ထုတ်ပြန်ကြေညာပြီးနောက် ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ခံ ကိုယ်စားလှယ်တိုင်းသည် ၎င်း တို့၏ ရွေးကောက်ပွဲစရိတ် အစီရင်ခံစာကို သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲထံ တင်ပြရမည် ဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းသည် အစိုးရသစ်ဖွဲ့ရာတွင် ပါဝင်နိုင်ဖွယ်ရာ ရှိသူများလည်းဖြစ်ရာ မိမိတဦးချင်းစီ၏ ရွေးကောက် ပွဲ အသုံးစရိတ် အစီရင်ခံစာကို ကော်မရှင်က ခွင့်ပြုထားသည့်အတိုင်း တင်ပြနိုင်မှသာ အစိုးရအဖွဲ့ ဖွဲ့စည်းပြီးချိန် နိုင်ငံတော် ဘဏ္ဍာများ စီမံခန့်ခွဲရာတွင်လည်း မဲဆန္ဒရှင်များ၏ ယုံကြည်မှုကို ရရှိနိုင်ပေလိမ့်မည်။

ရွေးကောက်ပွဲကော်မရှင်၌ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီ ရှိသည့်အနက် ငွေအင်အား မသုံးနိုင်သည့် ပါတီများက ရွေးကောက်ပွဲအသုံးစရိတ် စီမံခန့်ခွဲရာ၌ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နိုင်သော်လည်း အင်အားကြီးပါတီများအနေဖြင့် မဲဆွယ် စည်းရုံးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည့်အတွက် ကိုယ်စားလှယ်တဦးသည် အသုံးစရိတ် ကျပ် သိန်း ၁၀၀ မကျော်စေရေး စီမံခန့်ခွဲရန် အခက်အခဲ ရှိနိုင်သည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက ပြောဆိုသည်။

“ငွေစာရင်းကို တိတိကျကျလုပ်တဲ့ကိစ္စက နိုင်ငံရေးပါတီပဲဖြစ်ဖြစ် လူမှုရေးအဖွဲ့အစည်းတွေပဲဖြစ်ဖြစ် ပုဂ္ဂလိက လုပ်ငန်းတွေပဲဖြစ်ဖြစ် ငွေစာရင်းတွေကို တိတိကျကျ ဆောင်ရွက်ရတယ်ဆိုတဲ့ ကိစ္စမျိုးက ကောင်းတယ်။ ဒါပေမယ့်လည်း အဲဒီငွေစာရင်းနဲ့ သိန်း ၁၀၀ ဆို တဲ့ ငွေစာရင်းနဲ့သာ လိုက်ပြီးတိုင်းတာမယ်ဆိုရင် ပါတီကြီးတွေမှာ တော်တော်ပြဿနာကြီးမယ်လို့ ကျနော်တော့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေများအရ အသုံးစရိတ်အစီရင်ခံစာ မတင်သွင်းလျှင်လည်းကောင်း၊ မမှန်ကန်သော အစီရင်ခံစာကို ရည်ရွယ်ချက် ရှိရှိ တင်ပြထားသည်ဟု တိုင်ကြားသူရှိလာပါက ရွေးကောက်ပွဲတွင် အနိုင်ရရှိစေကာမူ ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဖွဲ့ စစ်ဆေး မည်ဖြစ်ပြီး တရားမဲ့ ပြုကျင့်မှုမြောက်ကြောင်း ထင်ရှားပါက ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသူအဖြစ် ကြေညာခြင်း ခံရမည့်အပြင် အနိုင်ရသည့် ရလဒ်လည်း ပျက်ပြယ်မည် ဖြစ်သည်ဟု ပြဌာန်း သတ်မှတ်ထားသည်။

အတိုက်အခံ အင်အားကြီး ပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ် ဝင်း က NLD အနေဖြင့် ကိုယ်စားလှယ်လောင်း တဦးချင်းစီ၏ ရွေးကောက်ပွဲ အသုံးစရိတ် အစီရင်ခံစာအတွက် အဖွဲ့ချုပ်က စီမံကိန်း ကြိုတင်ဆွဲပြီး အမှားအယွင်း မရှိအောင် စီမံထားသဖြင့် အခက်အခဲ မရှိကြောင်း ဧရာဝတီကို ပြောသည်။

“စည်းကမ်းတကျဖြစ်အောင် စာရင်းကိုင်ကြီးတွေက ကျနော်တို့ဆီမှာ ရှိပါတယ်။ သူတို့က အကုန်လုံးကို ပညာလည်း ပေးနေပါတယ်။ နမူနာတွေလည်း လုပ်ပြနေပါတယ်”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ ကုန်ကျစရိတ်အတွက် ကိုယ်ပိုင်ငွေဖြင့်သော် လည်းကောင်း၊ ပြည်တွင်း မှ နိုင်ငံသားတဦးချင်းစီက ဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့များကဖြစ်စေ တရားဝင် ရရှိထားသော လှူဒါန်းငွေများဖြင့် သော် လည်းကောင်း၊ သက်ဆိုင်ရာပါတီ အဖွဲ့အစည်းက ထောက်ပံ့သည့် ငွေဖြင့်သော်လည်းကောင်း ကျခံသည့် ကုန်ကျစရိတ်များကို ကော်မရှင်သို့ တင်သွင်းရမည်ဟု သိရှိရသည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ်မှ တသီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ညိုညိုသင်းက ပါတီကြီးဖြစ်စေ၊ ပါတီငယ်ဖြစ်စေ ကိုယ်စားလှယ်လောင်းတိုင်းသည် မိမိတို့၏ ရွေးကောက်ပွဲရလဒ် မပျက်ပြယ်နိုင်ရန် ရွေးကောက်ပွဲ အသုံးစရိတ် စီမံခန့်ခွဲမှုကို စနစ်တကျ ကိုင်တွယ်သင့်ကြောင်း ပြောဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့်သူ တဦးသည် နောင်အခါတွင် နိုင်ငံတော်ဘဏ္ဍာကို စီမံခန့်ခွဲနိုင်သည့် အရည်အချင်း ရှိရမည်ဖြစ်သဖြင့် ရွေးကောက်ပွဲ အသုံးစရိတ်ကို အလွယ်တကူ စီမံခန့်ခွဲနိုင်သင့်သည်ဟုလည်း ဒေါ်ညိုညိုသင်းက ပြော သည်။

“ငွေရေးကြေးရေးဆိုင်ရာမှာ ကိုယ်စားလှယ်တယောက်ကို ယုံကြည်အားထားလို့ မရနိုင်ဘူးဆိုရင် သူ့ကို ၅ နှစ် ဘယ်လိုလုပ် အာဏာ တွေ အပ်နှင်းမလဲ။ သိန်း ၁၀၀ ပေါ်မှာ အားမထားနိုင်ဘူး။ သိန်း ၁၀၀ ကို စီမံခန့်ခွဲတဲ့ ကိစ္စကို ယုံကြည်ရလောက်တဲ့ အနေအထား မရှိဘူးဆိုရင် လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ၅ နှစ်ဆက်တိုက် စီမံခန့်ခွဲနိုင်တဲ့ အနေ အထား မှာ ရှိရမယ်လေ။ အဲဒီတော့ ကျမတို့ ဘယ်လို ယုံကြည်မဲ ပေးမလဲ”ဟု ဒေါ်ညိုညိုသင်းက ပြောဆိုသည်။

ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် အစီရင်ခံစာတွင် ကျပ် ၅၀၀ နှင့်အထက် အသုံးစရိတ်များကို ပြေ စာနှင့်တကွ ပူးတွဲတင်ပြရမည်ဟု ရွေးကောက်ပွဲ နည်းဥပဒေများ၌ ပြဌာန်းထားသည်။ ကျပ် ၅၀၀ အောက် ပြေစာမရနိုင်သော အသုံး စရိတ်များအတွက် သုံးစွဲသူကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ပြေစာဖြင့် တင်ပြနိုင်သည်ဟု သိရှိရသည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်စည်းရုံးမှုအတွက် ရရှိလာသည့် ရန်ပုံငွေများကို အများပြည်သူ သိရှိနိုင်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ချပြထားသင့်သည်ဟုလည်း ဒေါ်ညိုညိုသင်းက ၎င်း၏အမြင်ကို ပြောသည်။
“ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တိုင်းသည် မိမိငွေ ဘယ်လောက်ရလဲ။ ထုတ်ပြန် ကြေညာရမယ်။ ရွေးကောက်ပွဲ ရန်ပုံငွေ ဘယ်ကရသလဲ။ ဘယ်လိုသုံးသလဲ ဆိုတာကို အနည်းဆုံး ပြည်သူလူထု၊ ကိုယ့်ကိုမဲပေးမယ့်မဲဆန္ဒရှင် ပြည် သူ လူထုကို ပွင့်ပွင့်လင်းလင်း ချပြဖို့လိုတယ်။ အဲဒါ အရေးကြီးတယ်”ဟု ၎င်းက ပြောပြသည်။

အမေရိကန် ပြည်ထောင်စု၏ လုပ်ထုံးလုပ်နည်းများအရ မဲဆွယ်စည်းရုံးမှု ရန်ပုံငွေကို ပြည်သူများက မိမိလှူဒါန်းလိုသည့် ကိုယ်စားလှယ်လောင်းအတွက် ဘဏ်စာရင်း တခုတည်းသို့ ငွေလွှဲလှူဒါန်းနိုင်သဖြင့် မည်သည့်ကိုယ်စားလှယ်လောင်းက အလှူငွေ မည်မျှရရှိကြောင်းကို ပွင့်လင်းမြင်သာမှုရှိရှိ တွေ့မြင်နိုင်သည့်နည်းလမ်း ကျင့်သုံးလျက်ရှိသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများသည် ၎င်းတို့၏ အသုံးစရိတ်များ အစီရင်ခံရာ၌ မဲဆွယ်စည်းရုံးရေး ကာလ အတွင်း အသုံးပြုသည့် လက်ကမ်းစာစောင် တခု၏ ကုန်ကျစရိတ်မှအစ ထည့်သွင်း ဖော်ပြကြရမည် ဖြစ်သည်။

ပါတီ ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်များနှင့် ပတ်သက်ပြီး NLD ၏ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းရာတွင် အသုံးစရိတ်များကို ပါတီ၏ ရန်ပုံငွေမှ အသုံးပြုခြင်း မဟုတ်ဘဲ ကိုယ်စားလှယ်လောင်း တဦးချင်းဆီက ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရရှိထားသော အလှူငွေများနှင့် ၎င်းတို့၏ ကိုယ်ပိုင်ငွေများကို အသုံးပြုခြင်း ဖြစ် သည်ဟု ပြောဆိုသည်။

အင်အားကြီး ပါတီများဖြစ်သည့် NLD နှင့် USDP ပါတီတို့၏ မဲဆွယ်စည်းရုံး လှုပ်ရှားမှုများကို ကြည့်မည်ဆိုပါက ငွေကြေးအများအပြား သုံးစွဲထားသည်ကို တွေ့မြင်ရသည်။

ပါတီများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု အခြေအနေများကို လေ့လာစောင့်ကြည့်လျက်ရှိသည့် ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ အသုံးစရိတ်များသည် ထောက်ပြစရာ ဖြစ်လာနိုင်သည့် အချက်တချက် ဖြစ်ကြောင်း ရေးသားထုတ်ပြန်ကြသည်။

လက်ရှိအာဏာရပါတီ USDP က ၎င်းတို့၏ မဲဆွယ် စည်းရုံးမှုများတွင် အစားအစာ၊ လူသုံးကုန်ပစ္စည်းများနှင့် ငွေကြေးဝေငှမှုများ ပြုလုပ်သည်ကို တွေ့ရှိရသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်နေသော အရပ်ဘက်အဖွဲ့အစည်း တခုဖြစ်သည့် PACE အဖွဲ့က အောက် တိုဘာလ ၂၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း အသုံးစရိတ်များကို မှတ်တမ်းသဘောယူထားပြီး ရွေးကောက်ပွဲအပြီး ကိုယ်စားလှယ်လောင်းများ တင်သွင်းလာသော ရွေးကောက်ပွဲအသုံးစရိတ် ရှင်း တမ်းများ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အတိုင်းအတာများကို အသေးစိတ် ပြန်လည်သုံးသပ်သင့်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်နေသည့် အဖွဲ့တခုဖြစ်သည့် ဒါန-ရှေ့ဆောင် (Charity Oriented Myanmar) ၏ ဥက္ကဋ္ဌ ကိုချမ်းငြိမ်းအောင်က ပြောဆိုသည်။

“ကိုင်တွယ်ဖြေရှင်းတဲ့ ကော်မရှင်တွေကရော ခုံရုံးဖွဲ့တဲ့ အခါကျ ဘယ်သူတွေ ပါဝင်သလဲ၊ ဘယ်လိုဖွဲ့ကြသလဲ၊ ဘယ်လိုမျိုး ဖြေရှင်း သလဲပေါ့၊ ဒါကို ရွေးကောက်ပွဲပြီးနောက်ပိုင်း နောက်ဆက်တွဲအနေနဲ့ Complaint တွေ တက်လာရင် ဆက်လက်ဆောင်ရွက်ဖို့ တာ ဝန် ရှိတယ်”ဟု ကိုချမ်းငြိမ်းအောင်က ဧရာဝတီကို ပြောသည်။

ထို့ကြောင့် ရွေးကောက်ပွဲအပြီး ကာလများတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ အသုံးစရိတ်ဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အတိုင်းအတာကို ဆက်လက် လေ့လာဆန်းစစ်ကြရမည် ဖြစ်သလို ကိုယ်စား လှယ် လောင်းများသည်လည်း ၎င်းတို့၏ ရွေးကောက်ပွဲ ရလဒ် မပျက်ပြယ်နိုင်စေရန် အသုံးစရိတ်များကို အသေးစိတ် စာရင်းပြုစုကြ ရန် လိုအပ်နေသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က လွှတ်တော် ကိုယ်စားလှယ်လောင်း အသုံးစရိတ်စာရင်း ပြုစုရန် ပါတီ၏ ကိုယ်စား လှယ်လောင်းများအား မဲဆွယ်ကာလ ရက် ၆၀ အတွင်း သွားလာသည့် ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ ရွေးကောက်ပွဲဆိုင်ရာ စာအုပ်စာတမ်းများ၊ စာအုပ်နှင့် စာရေးကိရိယာများ၊ မိတ္တူကူးခ၊ ပုံနှိပ်ခ၊ ဟောပြောပွဲနေရာ ငှားရမ်းခ၊ ရုံးနေရာ ငှားရမ်းခ မဲဆွယ် စည်းရုံးရာတွင် လိုက်ပါသူများအား ဧည့်ခံစရိတ်၊ ခရီးစရိတ်၊ တီရှပ်ဖိုး၊ တံဆိပ်ဖိုး စသည့် အသေးစိတ် စာရင်းများပါ တင်ပြရန် အောက်တိုဘာ ၂၅ ရက်က ထုတ်ပြန် ကြေညာထားသည်ကို တွေ့ရသည်။    ။

Did you find apk for android? You can find new Free Android Games and apps.