fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

“ကျနော့်လက်မှာ မင် မတို့ရသေးဘူး”

ဦးလှရွှေက “ကျနော် မဲပေးခွင့်မရဘူး။ အဲဒီတော့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတယ်၊ စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်မဲပေးလို့ မရပေမယ့် အမေစု နိုင်မှာပါ။ ကျနော်ယုံကြည်တယ်” လို့ ပြောတယ်။


Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် လက်ယက်စမ်း ကျေးရွာ မူလတန်းလွန်ကျောင်း ရှေ့မှာ လူတယောက် ရပ်နေတယ်။ အဲဒီနေရာက မဲရုံ ၈ ရုံဖွင့်ထားတဲ့နေရာ။ အဲဒီလူက မဲရုံထဲက မဲပေးပြီး ထွက်လာသူတွေကိုအားကျတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာ။

လက်ယက်စမ်း ကျေးရွာက မဲရုံတွေမှာ မဲမသမာမှု ဖြစ်နေတယ် ကြားလို့ သတင်းယူဖို့သွားရင် ကျမက တွေ့ရတဲ့ မြင်ကွင်းပါ။

လက်ယက်စမ်း ကျေးရွာမှာ ဖြစ်နေတဲ့ မဲမသမာမှုကတော့ ဦးလှရွှေနဲ့ ကိုဝင်းကိုကိုဆိုတဲ့ လူနှစ်ယောက်ဟာ သူတို့ရဲ့ မဲသက်သေခံ လက်မှတ်တွေနဲ့ မဲပေးဖို့ သွားချိန် သူတို့နာမည်တွေနဲ့ မဲတွေက ပေးပြီးသားဖြစ်နေပြီ။ ကိုဝင်းကိုကို ဖြစ်ပုံက စစချင်း သူ့ရဲ့ မဲသက်သေခံ လက်မှတ်ကို ပြလိုက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို မဲပေးခွင့် ရလိုက်တယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကို မဲပေးဖို့ မဲစာရွက် သွားထုတ်ချိန်မှာမှ မဲရုံက သူ့နံပါတ်နဲ့ ပေးပြီးသားဖြစ်နေပြီ ဆိုတဲ့အချက်ကို သွားတွေ့တဲ့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နဲ့၊ တိုင်းဒေသကြီး ၂ လွှတ်တော် ကိုယ်စားလှယ်ကို မဲမပေးလိုက်ရဘူး။

“ကျနော့်အသက် ၂၄ နှစ်၊ အခုမှ စပြီး မဲပေးဖူးတာ။ ကျနော် စိတ်မကောင်း ဖြစ်တာပေါ့ဗျာ” လို့ သူက ပြောတယ်။

ဦးလှရွှေဖြစ်ပုံကလည်း ကိုဝင်းကိုကိုနဲ့ ခပ်ဆင်ဆင်ပဲ။ ဦးလှရွှေက မဲပေးချင်လွန်းလို့ သူ့နာမည်ကို မဲစာရင်းမှာ သွားရှာထားတယ်၊ မဲစာရင်း နံပါတ်ကိုလည်း သေသေချာချာ မှတ်ထားတယ်။ ဒါပေမယ့် သက်သေခံလက်မှတ် သွားထုတ်ချိန်မှာ သူ့နာမည်က ပျောက်နေတယ်။ ဒါနဲ့ ၇ ရက်နေ့ ညက ရပ်ကျေးကော်မရှင်ရုံးကို ထပ်သွားတော့ သူ့ရဲ့ အချက်အလက်တွေ အားလုံးမှန်ကန်နေတာကြောင့် ကော်မရှင်ဥက္ကဋ္ဌကိုယ်တိုင် သူ့ မဲ သက်သေခံ လက်မှတ်ကို ရေးပြီး ထုတ်ပေးလိုက်တယ်။ ဒါပေမယ့် ဒီမနက် ၉ နာရီလောက် မဲသွားပေးတော့ သူ့နာမည်နဲ့ မဲလာပေးပြီးသွားပြီ ဖြစ်နေတယ်။ သူပေးလို့ မရတော့ဘူး။

ဦးလှရွှေက “ကျနော် မဲပေးခွင့်မရဘူး။ အဲဒီတော့ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတယ်၊ စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်မဲပေးလို့ မရပေမယ့် အမေစု နိုင်မှာပါ။ ကျနော်ယုံကြည်တယ်” လို့ ပြောတယ်။

ကိုဝင်းကိုကိုရဲ့ မိသားစုဝင်တွေထဲမှာ ၁၃ ဦးဟာ မဲပေးပိုင်ခွင့်ရှိတဲ့ သူတွေဖြစ်ပေမယ့် သူတို့ တအိမ်လုံးမှာ ၃ ယောက်ပဲ မဲစာရင်းပါတယ်လို့ ဆိုတယ်။

သန်လျင်တမြို့နယ်လုံးမှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ၁ သိန်း ၇ သောင်းကျော်ထဲက မဲပေးခွင့်ဆုံးရှုံးသူ တော်တော်များများ ရှိနေနိုင်တာကို တွေ့ရပါတယ်။ အထူးသဖြင့် သန်လျင်မြို့ထဲမှာ မဟုတ်တဲ့ မြို့ပြင်ကျေးရွာတွေမှာ မဲပေးခွင့်ဆုံးရှုံးသူ အများစုနဲ့ အထက်ပါ မဲမသမာမှုတွေ တွေ့နေရပါတယ်။

ကိုဝင်းကိုကို၊ ဦးလှရွှေတို့နဲ့ စကားပြောနေစဉ်မှာပဲ အထက်မှာ ဖော်ပြခဲ့တဲ့ မဲပေးပြီး ထွက်လာသူတွေကို အားကျတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသူက ဝင်ပြောတယ်။

“ကျနော်ဆို ဘယ်လိုလုပ်မလဲ ကျနော် နိုင်ငံသား၊ သန်းခေါင်စာရင်းလည်း ရှိတယ်၊ မှတ်ပုံတင်လည်း ရှိတယ်၊ မဲစာရင်းအတွက် ရပ်/ကျေး ကော်မရှင်ရုံးကို သွားရတာလည်း အခေါက်ပေါင်း မနည်းတော့ဘူး။ အဲဒါလည်း မဲစာရင်း ပါမလာဘူး။ ကျနော့်လက်မှာ မင်မတို့ရသေးဘူး” တဲ့။

အဲဒီလူနာမည်က ကိုတင့်လွင်ပြီး သူက သူ့လက်နှစ်ဘက်ကို ထောင်ပြရင်း ပြောသွားတာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.