fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

စင်ကာပူအတွက် ဒီမိုကရေစီ မျှော်လင့်ချက်

လက်ရှိ အာဏာရပါတီပဲ စင်ကာပူ ရွေးကောက်ပွဲမှာ နိုင်ဖို့ များတယ် ဆိုပေမယ့် အာဏာရပါတီအပေါ် လူထုယုံကြည်မှု ကျဆင်းနေကြောင်း ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ဟာ သတိပေး ခေါင်းလောင်း ထိုးခဲ့ပြီးပါပြီ


Want create site? Find Free WordPress Themes and plugins.

ကမ္ဘာမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး အစိုးရတွေထဲမှာ စင်ကာပူ အစိုးရလည်း ပါဝင်ပါတယ်။ ဒါပေမယ့် စင်ကာပူ မျိုးဆက်သစ်တွေက ကမ္ဘာ့ ထိပ်တန်း ဝင်ငွေရှိတဲ့ နိုင်ငံဘဝမှာ မရောင့်ရဲနိုင်ဘဲ၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုကို ဆက်ပြီး တောင်းဆိုနေကြပါတယ်။

စင်ကာပူရဲ့ ဖခင်ကြီး လီကွမ်ယူ ထူထောင်ခဲ့တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ (PAP) ပါတီဟာ တချိန်က အင်္ဂလိပ်ကိုလိုနီ ကျွန်းကလေးကို ကမ္ဘာ့စီးပွားရေး၊ ဘဏ္ဍာရေး ဗဟိုချက်ဖြစ်အောင် ပြောင်းလဲပေးနိုင်ခဲ့တာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တခြား နိုင်ငံတွေက လေးစား အားကျခဲ့ကြပါတယ်။ ဒါပေမယ့် မျိုးဆက်သစ်တွေက ဒီမိုကရေစီ အားမကောင်းတဲ့ ဖွံ့ဖြိုးရေးဆိုတာကို အနာဂတ် အာမခံချက်အဖြစ် မယုံကြည်ကြပါဘူး။

စင်ကာပူရဲ့ ထူးခြားချက်တခုက တပါတီ စနစ်ကို ရွေးကောက်ပွဲတွေမှာ တရားဝင်မှု အရယူတာပဲ။ အခု ၅၆ နှစ်ကြာတဲ့ အထိ PAP ပါတီကို ဖြုတ်ချနိုင်လောက်တဲ့ အတိုက်အခံ မပေါ်သေးပါဘူး။ စင်ကာပူရဲ့ နိုင်ငံရေးစနစ်ကို အကောင်းမြင်သူတွေ၊ အားကျသူတွေ ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ ရှိနေပါတယ်။

ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ၁၉၅၉ ဇွန်လ ၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး လီကွမ်ယု ခေါင်းဆောင်တဲ့ ပြည်သူ့လှုပ်ရှားမှုပါတီ (People’s Action Party -PAP) က လွှတ်တော်နေရာ ၅၁ နေရာထဲက ၄၃ နေရာမှာ အနိုင်ရခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတိုင်းမှာလည်း PAP ကပဲ အနိုင်ရခဲ့ပြီး လီကွမ်ယူကလည်း ၁၉၉၀ နိုဝင်ဘာ ၂၈ ရက်နေ့ ကျတော့မှ ဝန်ကြီးချုပ် ဘဝကနေ အနားယူပါတယ်။

ဒါပေမယ့် လီကွမ်ယူဟာ ဂိုချောက်တောင်လက်ထက်ကနေ သူ့သား လီရှန်လွန်း ဝန်ကြီးချုပ်ဖြစ်လာတဲ့ အထိ အစိုးရအဖွဲ့တွင်းမှာ အတိုင်ပင်ခံဝန်ကြီးအဖြစ် ဆက်ရှိနေခဲ့ပြီး တရားဝင် ရာထူး မယူတဲ့ နောက်ပိုင်းမှာလည်း သူ့သား ဝန်ကြီးချုပ်အဖြစ် ခေါင်းဆောင်တဲ့ အစိုးရအပေါ်မှာ သြဇာရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

စင်ကာပူ အကြောင်းပြောရင် လီကွမ်ယူ အကြောင်းကနေ မပါရင် မပြီးတာက စင်ကာပူ နိုင်ငံရေး စနစ်ဟာ လီကွမ်ယူ ဆိုတဲ့ လူပုဂ္ဂိုလ်အပေါ်မှာ တည်ဆောက်ခဲ့လို့ပါပဲ။ လီကွမ်ယူက “ကျနော်တို့ ဘဝပေး အခြေအနေအရ ကဗျာဆန်နေဖို့ မစွမ်းသာဘူး” လို့ ပြောခဲ့ဖူးသလိုပဲ ကိုလိုနီခေတ်သုံး ပြည်တွင်းလုံခြုံရေး ဥပဒေကို သုံးပြီး အတိုက်အခံတွေကို ခေါင်းမဖော်နိုင်အောင် နှိပ်ကွပ်ခဲ့တယ်။ ၁၉၆၀ ပြည်လွန် နှစ်တွေကနေ ၁၉၈၁ ခုနှစ်အထိ လွှတ်တော်ထဲမှာ အတိုက်အခံ ဆိုလို့ တကောင်တမြီးမှ မဝင်မခံခဲ့ပါဘူး။ ပြည်တွင်း မီဒီယာတွေကလည်း အစိုးရ လက်အောက်ခံ၊ ဆန့်ကျင်ဘက် အသံတွေကို အသရေဖျက်မှုနဲ့ တရားစွဲတဲ့ နည်းလမ်းနဲ့ ခြိမ်းခြောက်ခဲ့တယ်။ အတိုက်အခံ နိုင်ငံရေးသမားတွေ လူမွှဲစာရင်းဝင် ဘဝပျက်သွားအောင် ရက်စက်ခဲ့တယ်။

တဖက်မှာ လီကွမ်ယူရဲ့ စင်ကာပူဟာ ရာဇဝတ်မှု ကင်းတဲ့ နိုင်ငံ၊ အစိုးရဟာ အကျင့်ပျက် လာဘ်စားမှုကင်းကင်း၊ သန့်ရှင်းတဲ့ အစိုးရအဖြစ် မှတ်ကျောက်တင်ခံနိုင်ခဲ့ပါတယ်။ လူ့သက်တမ်း၊ ကလေး သေဆုံးမှု၊ တဦးချင်းဝင်ငွေတွေအပေါ် အခြေခံ တိုင်းတာတဲ့ လူသားဖွ့ံ့ဖြိုးမှု အညွန်းကိန်းတွေ အရလည်း ကမ္ဘာမှာ ထိပ်ဆုံးစာရင်းဝင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေကလည်း အရည်အချင်းရှိ၊ ဂုဏ်သိက္ခာမြင့်မြင့် ထိန်းသိမ်းထားသူတွေ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ မေးခွန်းကတော့ စင်ကာပူရဲ့ နိုင်ငံရေးစနစ်ဟာ လက်ရှိပုံစံ အတိုင်းပဲ ရှင်သန်နိုင်ဦးမလား ဆိုတာပါပဲ။ ကြီးမားတဲ့ လစ်ဟာချက်တခုက အစိုးရကို ထိန်းကြောင်း နိုင်လောက်တဲ့ အားကောင်းတဲ့ အတိုက်အခံ မရှိတာပါ။ စံပြခေါင်းဆောင်ကြီး လီကွမ်ယူ ခေတ်မှာ သူ့ရဲ့ ဦးဆောင်မှု နောက်မှာ အစိုးရအဖွဲ့ဟာ သန့်ရှင်းပြီး စွမ်းဆောင်ရည်မြင့်ခဲ့တယ်။ လီကွမ်ယူ မရှိတော့တဲ့နောက်မှာ စံနှုန်းမြင့်တဲ့ အစိုးရအဖွဲ့ ပုံစံအဖြစ် ဆက်ထိန်းထားဖို့ ဆိုရင် တခုတည်းသော မျှော်လင့်ချက်ကတော့ ဒီမိုကရေစီပဲ ဖြစ်မယ်လို့ မျိုးဆက်သစ်တွေက မြင်ကြပါတယ်။

တကယ်တော့ PAP ပါတီရဲ့ အောင်မြင်မှုကပဲ ဒီနေ့ အခြေအနေတွေကို ဖန်တီးလိုက်တယ်လို့ ပြောနိုင်ပါတယ်။ နံပါတ် ၁ က ပညာရေး ကဏ္ဍပါ။ စင်ကာပူမှာ အဆင့်အတန်းမြင့်တဲ့ ကျောင်းတွေ၊ ကော့လိပ်တွေ၊ တက္ကသိုလ်တွေကနေ ပညာရည် မြင့်မားတဲ့ မျိုးဆက်သစ်တွေကို အုံနဲ့ ကျင်းနဲ့ မွေးထုတ်ပေးထားတယ်။ ကမ္ဘာ့အမြင်ရှိတဲ့ မျိုးဆက်သစ်တွေဟာ PAP ရဲ့ အယူအဆ ဖြစ်တဲ့ အစိုးရသာ အမိ၊ အစိုးရသာ အဖ ဆိုတာကြီးကို မခံစား နိုင်ကြတော့ပါဘူး။

ဒီနေ့ စင်ကာပူဟာ ကမ္ဘာမှာ လူသက်တမ်းအရှည်ဆုံး နိုင်ငံစာရင်းဝင်ပါတယ်။ အဓိပ္ပါယ်ကတော့ စင်ကာပူ လူဦးရေမှာ သက်ကြီးရွယ်အိုတွေ အလွန်များပါတယ်။ ရှေ့မီ နောက်မီတွေက PAP ကို ကတိတွေကို မတည်ဘူးလို့ ခံစားနေကြတယ်။ သူတို့ ဘဝတသက်တာ မဖြစ်မနေ စုဆောင်းငွေတွေကို အစိုးရက ပြန်ပေးမယ် ဆိုတဲ့ ကတိကဝတ်၊ အိုမင်းမစွမ်း ဖြစ်တဲ့အခါ အပူပင် ကြောင့်ကြကင်းကင်းနဲ့ နေနိုင်အောင် စောင့်ရှောက်ပေးမယ်ဆိုတဲ့ ကတိကဝတ် တွေ ရှိခဲ့ပါတယ်၊ ဒါကို တိုက်ရိုက် သက်ဆိုင်တဲ့ မျိုးဆက်ဟောင်းတွေသာမက မျိုးဆက်သစ်တွေကလည်း မေးခွန်းထုတ်လာကြပါတယ်။

စင်ကာပူမှာ အသက် ၂၁ နှစ် ပြည့်မှ မဲပေးခွင့် ရှိပါတယ်။ ဒီနှစ် ရွေးကောက်ပွဲမှာ ထူးခြားတာက တိုင်းပြည် လူဦးရေမှာ အများစုက လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာ မွေးဖွားခဲ့တဲ့ မျိုးဆက်တွေ ဖြစ်နေတာပါ။ ၂၀၁၄ ခုနှစ်က စင်ကာပူ လူဦးရေမှာ ၅၄ ရာခိုင်နှုန်းက ၁၉၆၅ နောက်ပိုင်းမှာ မွေးတဲ့ အသက် ၂၀ အရွယ်တွေ ဖြစ်ပါတယ်။

လီကွမ်ယူ ခေါင်းဆောင်တဲ့ PAP ပါတီက စင်ကာပူကို ကိုလိုနီ ဆင်ခြေဖုံး ဘဝကနေ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေး အချက်အခြာ နိုင်ငံ ဖြစ်အောင် ဖန်တီးခဲ့တယ်ဆိုတဲ့ အချက်ဟာ မျိုးဆက်သစ်တွေအတွက် အတိတ်ဖြစ်သွားပါပြီ။ လူငယ်မျိုးဆက်တွေဟာ လက်ရှိ အစိုးရကို လက်ခံနိုင်ကြပေမ့ယ် စင်ကာပူကို ပိုပြီး ဒီမိုကရေစီကျတဲ့ နိုင်ငံအဖြစ် မြင်ချင်နေကြပါတယ်။

မျိုးဆက်သစ်တွေဟာ PAP ပါတီ ခေါင်းဆောင်တဲ့ အစိုးရကို ယျေဘုယျ အနေနဲ့ လက်ခံကြတယ်ဆိုပေမယ့် မျိုးဆက်ဟောင်းတွေလောက်တော့ နှစ်နှစ်ကာကာ မကြိုက်ကြပါဘူး။ အထူးသဖြင့် ပို့ဆောင်ရေး၊ လူဦးရေ၊ ပြည်သူ့အခွင့်အရေးလို ကိစ္စမျိုးတွေမှာ မျိုးဆက်သစ်တွေရဲ့ ဆန္ဒက အစိုးရပေါ်လစီကို ဆန့်ကျင်ပါတယ်။ လက်ရှိ စင်ကာပူ စီးပွားရေး နှေးကွေးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှာ မညီမျှတာ၊ နိုင်ငံခြားသား အလုပ်သမားတွေ ဝင်ရောက်မှုနှုန်းမြင့်မားတာ၊ နေထိုင်စရိတ်တွေ မြင့်မားမှု၊ ဆင်းရဲချမ်းသာ ကွာဟမှုလိုမျိုး အခြေခံ ပြဿနာတွေ ရှိပါတယ်။

ဒီနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် အားလုံးမှာ အတိုက်အခံပါတီက ကိုယ်စားလှယ်လောင်းတွေ ဝင်ပြိုင်ကြပါတယ်၊ ဒါဟာ စင်ကာပူ သမိုင်းမှာ ပထမဆုံးပါပဲ၊ အာဏာရပါတီအပေါ် လူထုယုံကြည်မှု ကျဆင်းနေတာ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ဟာ သတိပေး ခေါင်းလောင်း ထိုးခဲ့ပြီးပါပြီ၊

သေချာတာကတော့ အခုတခေါက် ရွေးကောက်ပွဲမှာ အာဏာရပါတီက အာဏာလက်လွှတ်ရတဲ့ အခြေအနေအထိ အပြောင်းအလဲ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စင်ကာပူဟာ နှစ်ပါတီစနစ်၊ ဒါမှမဟုတ် ပါတီစုံ စနစ် လမ်းကြောင်းပေါ်ကို နောက်ခြေတလှမ်းတက်လာပါလိမ့်မယ်။ တနည်းအားဖြင့် အရင်လို တပါတီ ကြီးစိုးတဲ့ စနစ်နေရာမှာ အသွေးအရောင်စုံ နိုင်ငံရေး အသွင်ဆီကို ဦးတည်တဲ့ အပြောင်းအလဲကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.