fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

တင်းကျပ်သည့် မဲဆွယ်စည်းရုံးရေး စည်းကမ်းများ ဖြေလျှော့ရန်လို

စုဝေး ဟောပြော ခွင့်အတွက် တင်ရမည့် လျှောက်လွှာသည် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) နှင့် လုပ်ထုံး လုပ်နည်း တူနေသည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက မှတ်ချက်ပြု ကြသည်။


Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများအတွက် စည်းကမ်းများ တင်းကျပ်လွန်းသောကြောင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်များကို ဖြေလျှော့ပေးရန် လိုအပ်ကြောင်း ဝေဖန် ထောက်ပြနေကြသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ မဲဆွယ်စည်းရုံးခွင့် ကာလသည် ရွေးကောက်ပွဲကျင်းပမည့် နေ့မတိုင်မီ ရက်ပေါင်း ၆၀ အလိုတွင် စတင် မဲဆွယ်စည်းရုံးခွင့် ရှိသောကြောင့် စက်တင်ဘာ ၈ ရက်က စတင်ပြီး မဲဆွယ်စည်းရုံးနိုင်ပြီ ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခြင်းနှင့် မဲဆွယ် စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်အမှတ် ၁/၂၀၁၄ ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းညွှန်ကြားချက်သည် အကန့်အသတ်များစွာဖြင့် စည်းကမ်း တင်းကျပ်လွန်းသည်ဟု နိုင်ငံရေးပါတီများက ဝေဖန်ကြခြင်း ဖြစ်သည်။

“လွတ်လပ်စွာ စည်းရုံးဟောပြောပိုင်ခွင့် လုံးဝမရှိပါဘူး။ အချိန်အကန့်အသတ်ရယ်၊ ရက်အကန့်အသတ်ရယ်၊ နေရာ အကန့်အသတ် အများကြီးရှိတယ်။ ကြိုတင်ပြီး ခွင့်ပြုချက်ယူရမယ် ဆိုကတည်းက ဒါ အဓိပ္ပာယ်မရှိတော့ဘူးလေ” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီသို့ ပြောသည်။

မဲဆွယ်စည်းရုံးခြင်းနှင့် စုဝေးဟောပြောခွင့်များကို လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်များ (လွှတ်တော် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်) သည် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက်အတွင်း စုဝေးဟောပြောမည့် အစီအစဉ်နှင့်တကွ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးထံသို့ စုဝေးဟောပြောခွင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့ လျှောက်ထားရာတွင် စုဝေးဟောပြောပွဲ ပြုလုပ်လိုသည့်နေရာ၊ နေ့ရက်၊ ပွဲစတင်မည့်အချိန်၊ ပွဲပြီးဆုံးမည့်အချိန် စသဖြင့် အသေးစိတ် တင်ပြရမည်ဖြစ်ပြီး ယာဉ်ဖြင့် ဟောပြောမည်ဆိုပါက သွားရောက်မည့် ခရီးစဉ်လမ်းကြောင်း၊ လှည့်လည်သွားရောက်မည့် ခန့်မှန်းအချိန်၊ ရပ်တန့်ဟောပြောမည့်နေရာ၊ ဟောပြောမှု စတင်မည့်အချိန်နှင့် ပြီးဆုံးမည့်အချိန်တို့ကိုပါ ဖြည့်စွက် တင်ပြရမည်ဖြစ်ကြောင်း UEC ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲအတွက် စုဝေးဟောပြောခွင့်အတွက် တင်ရမည့် လျှောက်လွှာသည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ (ငြိမ်းစုစီ) နှင့် လုပ်ထုံးလုပ်နည်း တူနေသည်ဟု နိုင်ငံရေး အသိုင်းအဝိုင်းက မှတ်ချက်ပြုကြသည်။

မိမိသဘောထားဆန္ဒကို ဖော်ပြရန် ငြိမ်းစုစီ ဥပဒေကို သုံးစွဲဆောင်ရွက်လိုပါက ခွင့်ပြုမိန့်ရရှိရန် ငြိမ်းချမ်းစွာ စုဝေးခြင်းပြု လုပ်လိုသည့် ရည်ရွယ်ချက်၊ နေရာ၊ နေ့ရက်၊ အချိန်အပိုင်းအခြား၊ ဟောပြောလိုသည့်အကြောင်းအရာနှင့် ကြွေးကြော်လိုသည့် ကြွေးကြော်သံများ စသည့်အချက်များ ပါဝင်သည့် လျှောက်လွှာကို သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးထံ ဆောင်ရွက်မည့်နေ့ မတိုင်မီ အနည်းဆုံး ၅ ရက်ကြို၍ တင်ပြရမည်ဟု ယင်းဥပဒေတွင် ဖော်ပြထားသည်။

“အစစအရာရာကို ကန့်သတ်နေတာ ဖြစ်တယ်။ သူတပါးကို မထိခိုက်ဘူး၊ သူတပါးကို မတရားမပြောဘူးဆိုရင် လွတ်လပ်ခွင့် ပေးသင့်တာပေါ့။ အဲဒီတော့ စာမျက်နှာ ဘယ်လောက်ဖြစ်ရမယ်။ ဘယ်ဟာ ကြိုတင်ပြီးတော့ ပေးရမယ်၊ အဲဒါတွေဟာ မလိုအပ်ဘူးလို့ ထင်တာပဲ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မှတ်ချက်ပြုသည်။

ယင်းပြဋ္ဌာန်းထားသော ဥပဒေတွင် ပုဒ်မ ၁၈ ၌ “မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုသူများသည် ယင်းဥပဒေပုဒ်မ ၁၈ အရ အရေးယူ အပြစ်ပေးခံရမည် ဖြစ်သည်။

UEC ကမူ ယင်းဥပဒေနှင့် အရေးယူမည်ဟု ပြောဆိုထားခြင်း မရှိသော်လည်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရာတွင် တည်ဆဲဥပဒေ တရပ်ရပ်ကိုဖြစ်စေ၊ ညွှန်ကြားချက်ပါ တားမြစ်ချက် တရပ်ရပ်ကိုဖြစ်စေ၊ ခွင့်ပြုချက်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်းချက် တရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

“ငြိမ်းစုစီနဲ့ ဆင်နေတယ်။ ပုဒ်မ ၁၈ နဲ့ အရေးယူဖို့ ကြိုတင်ပြင်ဆင်နေသလားပေါ့။ ဒီဥစ္စာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို သံသယဖြစ်ဖွယ်ရာ ရှိတာပေါ့နော်” ဟု ဦးစိုင်းလိတ်က မှတ်ချက်ပြုသည်။

UEC ၏ ၁/၂၀၁၄ ညွှန်ကြားချက်သည် လွတ်လပ်မှုကို ကန့်သတ်ထားပြီး ဥပဒေတွင် ယင်းသို့ ကန့်သတ်ခွင့်ကို UEC အား မပေးထားသော်လည်း သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၉၀ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ညွှန်ကြားချက် ထုတ်နိုင်ခြင်းကို အသုံးချကာ ယခုကဲ့သို့ ထုတ်ပြန် ကန့်သတ်နေခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ရှင်းပြသည်။

“အန်ကယ်တို့ နားလည်တာက အာဏာဆိုတာ ဥပဒေက အပ်ရတာ။ ဥပဒေမှာ မအပ်ထားရင် အာဏာကို ကိုယ့်ဘာသာ ကိုယ်လုပ်လို့မရဘူး။ ဒါက ဥပဒေရဲ့ သဘောတရား။ ဒါတွေဟာ ဥပဒေအရလည်း မှန်ကန်မှုမရှိဘူး” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

မဲဆွယ်စည်းရုံးခွင့်နှင့် ပတ်သက်၍ ခွင့်ပြုချက် ထုတ်ပေးရာတွင် အဆောက်အအုံများ၊ ခန်းမများတွင် စုဝေးခြင်း၊ ဟောပြောခြင်းများ ပြုလုပ်ပါက ဝင်ဆံ့သည့် အရေအတွက်ထက် မကျော်လွန်စေရန်၊ စုဝေးခြင်း၊ ဟောပြောခြင်း ပြုလုပ်ရန် ခွင့်ပြုသည့်နေရာသည် ကွင်းတခုခုဖြစ်ပါက ဝင်ဆံ့သည့် အရေအတွက်ထက် မကျော်လွန်စေရန်ဟူသည့် စည်းကမ်းချက် ပါရှိသည်။

ယင်းစည်းကမ်းချက်သည် သာမန်တွေးရုံမျှနှင့်ပင် လုံး၀ အဓိပ္ပာယ်မရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေညာပြီးသည့်နေ့မှ ၁၅ ရက် အတွင်း စုဝေးဟောပြောမည့် အစီအစဉ်ကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အသီးသီးသို့ လျှောက်ထားရမည် ဆိုသည့်အချက်နှင့် ကော်မရှင်၏ ခွင့်ပြုချက်ရပြီးမှ စည်းရုံးဟောပြောခွင့်ရမည် ဆိုသည့် အချက်ကိုလည်း သဘောမတူကြောင်း နိုင်ငံရေးပါတီများက ပြောသည်။

ခွင့်ပြုချက် တောင်းရမည့်အစား သတင်းပို့သည့် ပုံစံသာ ဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

“အဲဒါကို အန်ကယ်တို့တွေ လက်မခံဘူး။ အချိန်တွေကြာမယ်။ ဟောပြောဖို့ အားလုံးစီစဉ်ပြီးကာမှ ခွင့်ပြုချက် မရဘူး ဆိုရင် ဟောပြောလို့ မရတော့ဘူး။ အဲဒီလိုမျိုး အခက်အခဲတွေ ရှိတယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

၁/၂၀၁၄ စတင်ထုတ်ပြန်စဉ်က မဲဆွယ်စည်းရုံးခွင့် ကာလကို ရက်ပေါင်း ၃၀ သာ ခွင့်ပြုပေးထားပြီး နိုင်ငံရေး ပါတီများ၏ တောင်းဆိုမှုများကြောင့် ရက်ပေါင်း ၆၀ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ကျန်ရှိနေသေးသည့် တင်းကျပ်သော ကန့်သတ်ချက်များကို ဖြေလျှော့ပေးရန် တင်ပြ တောင်းဆိုကြသော်လည်း ယနေ့အချိန်အထိ ပြင်ဆင်ပေးခြင်း မရှိသေးပေ။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကမူ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို နားလည်အောင် လေ့လာဖတ်ရှုထားပြီး ဥပဒေနှင့်အညီ လုပ်ကြစေလိုကြောင်း၊ ဥပဒေနှင့်မညီသည့် လုပ်ရပ်များကို တိုင်ကြားမှုများ ရှိလာပါက အရေးယူပေးမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများနှင့် တွေ့ဆုံတိုင်း ပြောကြားသည်။

“ဥပဒေက ခွင့်ပြုရင်လုပ်။ ဥပဒေက ခွင့်မပြုရင်တော့ မလုပ်ပါနဲ့။ အဲဒီကြားထဲမှ လုပ်လာရင်တော့ ခင်ဗျားတို့ တိုင်သလား။ တိုင်လာရင်တော့ ဥပဒေနဲ့ငြိသလား။ ဥပဒေနဲ့ငြိတဲ့အပေါ် မူတည်ပြီး ကျနော် အရေးယူပေးရမှာပါ။ ဒါပဲရှိပါတယ်” ဟု ဦးတင်အေးက ဧရာဝတီနှင့် အင်တာဗျူးတခုတွင် ဖြေကြားထားသည်။

မဲဆွယ်စည်းရုံးရေး ကာလတွင် နိုင်ငံရေးပါတီများ အနေဖြင့် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေ နိုင်သည်များကို သတိပြု ဆောင်ရွက်သင့်ပြီး ချိုးဖောက်သူများ တွွေ့ရှိပါကလည်း ဥပဒေနှင့်အညီ ကန့်ကွက်တိုင်တန်းနိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပချိန်နှင့် ပြင်ဆင်နေချိန် ကာလများအတွင်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ လိုက်နာသင့်သည့် ကျင့်ဝတ်မူ (Code of Conduct for political parties and candidates) ကို UEC နှင့် နိုင်ငံရေးပါတီများက ဇွန်လ ၂၆ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယင်းကျင့်ဝတ်မူတွင် အခန်း ၈ ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ် အောင်မြင်စေရေးကို အထောက်အကူပြုစေရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် စဉ်ဆက်မပြတ်ရှိစေရေး၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပါဝင် ဆောင်ရွက်သူများ အကြား ယုံကြည်မှု တည်ဆောက်ရေး၊ သည်းခံမှုဖြင့် အပြုသဘောဆောင်သော အခြေအနေတရပ် ဖြစ်ပေါ်လာစေရေး၊ ပွင့်လင်းလွတ်လပ်၍ တရားမျှတသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာစေရေးတို့ကို ရည်ရွယ်ကြောင်း သိရသည်။

UEC ဥက္ကဋ္ဌ ဦးတင်အေးက လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေနှင့် ယင်းကျင့်ဝတ်မူများအတိုင်း မဲဆွယ်စည်းရုံး ဟောပြောကြရန် တိုက်တွန်းထားသည်။

ကျင့်ဝတ်မူများတွင် နိုင်ငံရေးပါတီအချင်းချင်း စောင့်ထိန်းရမည့် ကျင့်ဝတ်များသာ ပါဝင်ပြီး နိုင်ငံရေးပါတီများ စည်းရုံးရေး ဆင်းသည့်အခါ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် အခြေအတင်ဖြစ်ပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မည်သည့် အတိုင်းအတာအထိ တာဝန်ယူမည် ဆိုသည်ကို ပွင့်လင်းစွာ ရှင်းပြထားရန်လိုကြောင်း ဦးစိုင်းလိတ်က ထောက်ပြသည်။

စက်တင်ဘာ ၁ ရက်တွင် UEC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံရန်ရှိကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် မဲဆွယ်စည်းရုံးရေး ဆိုင်ရာ ကန့်သတ်ချက်များကို ထပ်မံဖြေလျှော့ပေးရန် တင်ပြသွားမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီတချို့က ပြောသည်။

မဲဆွယ်စည်းရုံးရေး ကာလသည် စက်တင်ဘာ ၈ ရက်တွင် စတင်ဆောင်ရွက်နိုင်ပြီ ဖြစ်သောကြောင့် အလွန် နီးကပ်နေပြီ ဖြစ်သည်။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စဉ်၏ အစိတ်အပိုင်းတခုဖြစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ လွတ်လပ်စွာ မဲဆွယ်စည်းရုံးပိုင်ခွင့် ရှိရေးသည်လည်း အရေးကြီးသည်ဟု နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.