fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

တပ်မတော်သားတွေ အနှောင်အဖွဲ့ကင်းစွာ မဲပေးနိုင်မလား

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် သူတို့ မဲပေးမည်လား၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမည်လားဆိုသည့် မေးခွန်းများကို ပြတ်သားရှင်းလင်းစွာ ပြန်လည် ဖြေဆိုနိုင်ခြင်းမရှိခဲ့ပေ။


Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ဆင်ခြေဖုံး မှော်ဘီက တပ်ရင်းတစ်ခုတွင် တနေ့တာ လေ့ကျင့်သင်တန်းများ ပြီးဆုံးပြီးနောက် လယ်ကွင်းထဲမှ တက်လာသည့် တပ်ကြပ် ခင်မောင်သန်းနှင့် ရဲဘော်သုံးဦးတို့၏ စစ်ရောင်ယူနီဖောင်းများတွင် ရွှံ့များဖြင့် ပေလူးနေသည်။ သူတို့သည် စိုက်ပျိုးရေး နည်းပညာသင်တန်း တက်ရောက်ရန် မြန်မာနိုင်ငံအခြားဒေသများရှိ တပ်စခန်းများမှ ယခုသင်တန်းသို့ ရောက်ရှိနေခြင်းဖြစ်သည်။

နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် သူတို့ မဲပေးမည်လား၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမည်လားဆိုသည့် မေးခွန်းများကို ပြတ်သားရှင်းလင်းစွာ ပြန်လည် ဖြေဆိုနိုင်ခြင်းမရှိခဲ့ပေ။

“ကျနော်တို့အနေနဲ့ ဘယ်ပါတီကို မဲပေးရမယ်ဆိုပြီး ညွှန်ကြားခံထားရတာ မရှိပါဘူူး” ဟု တပ်မတော်တွင် ၃၅ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် တပ်ကြပ် ခင်မောင်သန်းက ပြောသည်။

မဲပေးရာတွင် ယူဆောင်သွားရမည့် နိုင်ငံသားစိစစ်ရေးကတ်သည် တပ်ရင်းတွင် ထားခဲ့ရသဖြင့် အဆိုပါနေ့တွင် မဲပေး၍ ရ မရ မသိကြောင်း သူက ပြောသည်။

“ကျနော် မဲပေးမယ့် ပါတီအမည်ကို ကျနော့်မိခင်တပ်ရင်းမှာရှိတဲ့ တယောက်ယောက်ကို ဖုန်းကနေပဲ မက်ဆေ့ချ်ပေးဖြစ်မယ် ထင်တယ်” ဟု သူဖြစ်ချင်သည့် အနေအထားကို ပြောသည်။

ခင်မောင်သန်းနှင့်အတူရှိနေသည့် ရဲဘော်တဦးက သူ၏ မိခင်တပ်ရင်းမှ တပ်ရင်းမှူးက သူ့ကိုယ်စား မဲပေးလိမ့်မည်ဟု ပြောသည်။ နောက်ရဲဘော်တဦးကို မေးကြည့်သည့်အခါ ဒေါသထွက်သွားပြီး စစ်တပ်အတွင်း နိုင်ငံရေးကိစ္စပြောခြင်းသည် ရှောင်ကြဉ်စရာဖြစ်သည်ဟု ခါးခါးသီးသီး တုန့်ပြန်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်သားဦးရေ လေးသိန်းခန့်ရှိပြီး အများစုသည် တပ်ရင်းတပ်ဖွဲ့များအတွင်းရှိ မဲရုံများတွင် မဲပေးကြမည်ဖြစ်သည်။ တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့်ရှိမည်လားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူများက အဖြေမရှာနိုင်သေးပါ။

ဦးသိန်းစိန် အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းများက ဦးဆောင်နေသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်၏ ကိုယ်ခွဲပါတီအဖြစ် ရှုမြင်ခံထားရသောကြောင့် တပ်မတော်သား အများအပြား ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်ရရှိပါမည်လားဟု အခြားနိုင်ငံရေးပါတီများက စိုးရိမ်လျက်ရှိသည်။

တပ်ရင်းတပ်ဖွဲ့များရှိသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှွတ်တော်ကိုယ်စားလှယ်လောင်းများက စစ်တန်းလျားတွင် မဲပေးမည့်ပုံစံကို သံသယရှိကြောင်းနှင့် အတိုက်အခံတို့အတွက် စစ်သားမဲများရရန် မျှော်လင့်မထားကြောင်း ပြောကြားသည်။

“စစ်တပ်တွေထဲမှာ ပေးမယ့်မဲတွေက ကျနော်တို့အတွက် မဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအနက် ရှားရှားပါးပါး စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျက ပြောသည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကျိတ်ပြီး လေးစားခဲ့သောကြောင့် NLD ပါတီသို့ ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို လျှော့ချသင့်ပြီဖြစ်ကြောင်း သူက ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေအရ လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရမည် ဖြစ်သောကြောင့် အဆိုပါ နေရာများအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မလိုပေ။

မဲပေးရန် အမိန့်

ဒုတိယဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁ဝ,ဝဝဝ ခန့်အနက် ၃,ဝဝဝ ခန့်သည် တပ်မတော်သားများအဖြစ် မှတ်ပုံတင်ထားပြီး အချို့သည် စစ်ဆေးရုံတွင် အလုပ်လုပ်နေသူများဖြစ်သည်။

သို့သော် ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ စစ်တပ်လိုင်းခန်းများတွင် နေထိုင်ကြောင်း မှတ်ပုံတင်ထားသည့် အဆိုပါ တပ်မတော်သား ၃,ဝဝဝ အနက် ၁,ဝဝဝ ခန့်သည့် မည်သည့်နေရာတွင် ရောက်ရှိနေထိုင်သည်ကို မသိရကြောင်း ၎င်းကပြောသည်။

စစ်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရရုံးဌာနများကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ၂ဝဝ၅ ခုနှစ်မှစ၍ အဆိုပါ စစ်တပ်လိုင်းခန်းများတွင် လူနေထိုင်မှု မရှိတော့သော်လည်း ၎င်းတို့အမည်များ ဒဂုံမြို့နယ်အတွင်းရှိ မဲစာရင်းတွင် ပါနေကြောင်း သူက ပြောသည်။

ထို့ပြင် ၎င်း၏ မဲဆန္ဒနယ်အတွင်း မဲပေးနိုင်သူများစာရင်းသို့ အထူးရဲတပ်ဖွဲ့ဝင် ၇ဝဝ ခန့်၏ အမည်ကိုလည်း ရွေးကောက် ပွဲကော်မရှင်က ထည့်ခဲ့ကြောင်း သူက ပြောသည်။
သူ၏ မဲဆန္ဒနယ်အတွင်း မဲပေးမည့်သူ ထက်ဝက်ခန့်သည့် စစ်ဘက်မှ ဖြစ်သောကြောင့် ၎င်းတို့ထံမှ မဲများကို မျှော်လင့်၍ မရကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့သဘောအတိုင်း မဲပေးကြမည်မဟုတ်ဘဲ အထက်အရာရှိများ၏ အမိန့်အတိုင်း မဲပေးကြလိမ့်မည်ဟု ဦးကျော်ဇေယျက သုံးသပ်သည်။

“ကျနော် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင်တောင်မှ ပွတ်ကာသီကာပဲဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

၂ဝ၁၃ ခုနှစ်တွင် အငြိမ်းစားမယူမီအထိ စစ်တပ်တွင် နှစ် ၃ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ တဦးဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်သည့် စစ်တပ်၏ သဘောသဘာဝကို နားလည်ထားကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။

တပ်မတော်သားများနှင့်၎င်းတို့၏ မိသားစုများ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မည်သည့် ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ရမည် ဆိုသည်မှာ အထက်မှလာသောအမိန့်ပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောသည်။

“စစ်တပ်ထဲက တာဝန်ရှိသူတယောက်ကနေ တပ်ရင်းမှူးက အစိမ်းကိုပဲ မဲပေးရမယ်လို့ အမိန့်ပေးထားတယ်လို့ ပြောလိုက်ရင် အားလုံးက အစိမ်းကိုပဲ မဲပေးကြမှာပါ” ဟု အစိမ်းရောင်အလံနှင့် ပါတီအမှတ်တံဆိပ်ကို သုံးထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင ဖွံ့ဖြိုးရေးပါတီအား ရည်ညွှန်းကာ ဦးကျော်ဇေယျက ပြောသည်။

အမိန့်မနာခံသူများအနေဖြင့် အနာဂတ် အခွင့်အလမ်းများ၊ ရာထူးတိုးမှုများ ထိခိုက်မှုရှိနိုင်ကြောင်း၊ မဲပေးရာတွင် လျှို့ဝှက်မှု ရှိသင့်သော်လည်း အများသူငါ ဝင်ရောက်ခွင့်မရှိသော စစ်တပ်နယ်မြေအတွင်းရှိ မဲရုံများတွင် မဲရေတွက်မည်ဖြစ်သောကြောင့်  လျှို့ဝှက်လုံခြုံမှု အပြည့်အဝရမည် မဟုတ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

‘ယုံကြည်ရသောရွေးကောက်ပွဲ ပေါ်ပေါက်ရေးပြည်သူများ ပူးပေါင်းအဖွဲ့’ မှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးစိုင်းရဲကျော်စွာမြင့်က မဲပေးသည့် မဲရုံများတွင်သာ ဆန္ဒမဲလက်မှတ်များကို စစ်ဆေးခြင်းသည် မဲဆန္ဒရှင်များ၏ လျှို့ဝှက် ဆန္ဒမဲပေးခွင့်ကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။

“အခြားနိုင်ငံတွေမှာဆိုရင် မဲရုံက မဲလက်မှတ်တွေကို လျှို့ဝှက်လုံခြုံမှုရှိတဲ့ အခြားနေရာတခုခုမှာ သွားပြီး ရေတွက်ပါတယ်။ ဒါပေမယ့် ကျနော်တို့နိုင်ငံမှာ ဒီစနစ် မရှိသေးပါဘူး။ ဒီမှာ ကိုယ်ပေးတဲ့ မဲရုံမှာပဲ မဲတွေကို ရေတွက်ကြတယ်။ အဲဒီလိုလုပ်ခြင်းကြောင့် နောက်တက်မယ့်အစိုးရအနေနဲ့ အဲဒီမဲဆန္ဒနယ် ကျေးရွာကိုပဲဖြစ်ဖြစ်၊ စစ်တပ်နယ်မြေကိုပဲဖြစ်ဖြစ် အငြိုးအတေး ရှိလာနိုင်ပါတယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များ

စစ်တပ်အရာရှိများက ရွေးကောက်ပွဲနှင့်ပတ်သက်၍ အောက်ခြေသို့ သီးခြားအမိန့်များ ထုတ်ပြန်ထားခြင်း ရှိ မရှိ မသိရသော်လည်း သူတို့ အရိပ်အကဲကတော့ ရှင်းနေပါသည်။

အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများအနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံမဟုတ်သည့်သူများကိုသာ ရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်းခြွေခဲ့သည်။

ထိုစကားသည် တပ်မတော်အရာရှိဟောင်းများနှင့်ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန်၊ နိုင်ငံခြားသားတဦးကို လက်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကို မဲမထည့်ရန် တိုက်တွန်းချက်ပင်ဖြစ်ကြောင်း အများက လက်ခံထားကြသည်။

“ကျနော်တို့မှာ ပြည်ခိုင်ဖြိုးကို မဲပေးရုံကလွဲလို့ အခြား ရွေးချယ်စရာမရှိပါဘူး” ဟု ကရင်ပြည်နယ်အတွင်းမှ အမည်မဖော်လိုသူ တပ်မတော်အရာရှိတဦးက ပြောသည်။

“ကျနော်တို့မှာ ကိုယ်ကြိုက်တာကို နှစ်သက်စွာ ရွေးချယ်ခွင့်မရှိပါဘူး။ လက်ရှိ အခြေအနေတွေအရ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးရမှာပါ” ဟု ပြောကြားသည်။

ကရင်ပြည်သူ့ပါတီမှ စောမောင်တုတ်က ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကြောင့် တပ်မတော်သားများ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့် ထိခိုက်စေသည်ဟု ဆိုသည်။

စောမောင်တုတ်သည် တပ်ရင်းတပ်ဖွဲ့အများအပြားရှိသည့် မှော်ဘီမြို့နယ်တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း တပ်မတော်သားများထံမှ မဲရရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ ဘာမှလုပ်ပိုင်ခွင့်မရှိပါဘူး။ သူတို့လုပ်တာပဲ လက်ပိုက်ကြည့်နေရမှာပါ” ဟု သူက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးက ရွေးကောက်ပွဲနေ့တွင် တပ်ရင်းတပ်ဖွဲ့များအတွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၊ စာနယ်ဇင်းသမားများကို ဝင်ရောက်ခွင့်ပြုသွားမည်ဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ၏ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲ အလက်ဇန်းဒါးဂရက်လန်းဒေါ့ဖ်က စစ်တပ်အတွင်းရှိ မဲရုံများသို့ ဝင်ရောက်ကြည့်ရှုခွင့်ရရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာမခံထားသည်ဟု ဆိုသည်။

“ခွင့်မပြုနိုင်ရလောက်အောင် နိုင်ငံတော်လုံခြုံရေးအတွက် ထိခိုက်ခိုက်လောက်တဲ့ ထည့်သွင်းစဉ်းစားရမှုမရှိဘူးဆိုရင် ဥရောပသမဂ္ဂအဖွဲ့တွေအနေနဲ့ တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်မယ့် မဲပေးမှုတွေကို ဝင်ကြည့်နိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ်က သဘောတူထားပါတယ်”  ဟု သူက ပြောကြားသည်။

(ယခုဆောင်းပါးသည် ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန သတင်းထောက် ဆွေဝင်း၏ ဆောင်းပါးဖြစ်ပြီး www.myanmar-now.org မှတဆင့် ကူးယူဖော်ပြသည်)

Did you find apk for android? You can find new Free Android Games and apps.