fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ဒီမိုကရေစီ နိုင်ငံရေးနှင့် လူငယ်မျိုးဆက်

၂၀၁၅ ရွေးကောက် ပွဲကြောင့် သက်ဝင် လှုပ်ရှားလာနေတဲ့ အချိန်မှာ ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေး မျိုးဆက်ဖြစ်တဲ့ လူငယ် နိုင်ငံရေး သမားတွေကြောင့် တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်လာနိုင်မယ်


Want create site? Find Free WordPress Themes and plugins.

မြန်မာ့နိုင်ငံရေးဟာ ဒီနှစ်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲကြောင့် သက်ဝင်လှုပ်ရှားလာနေတဲ့ အချိန်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ နိုင်ငံရေးမျိုးဆက်ဖြစ်တဲ့ လူငယ် နိုင်ငံရေးသမားတွေကြောင့် တိုင်းပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ပိုမြင့်လာနိုင်မယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ တိုင်းပြည်မှာ လုပ်တတ်ကိုင်တတ်တဲ့ လူငယ်လူလတ်ပိုင်း နိုင်ငံရေး သမားတွေမရှိလို့ နောက်သက်တမ်းကို ဆက်လက်တာဝန်ယူဖို့ စဉ်းစားနေတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် မကြာခင်မှာ ကျင်းပတော့မယ် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ လူငယ် နိုင်ငံရေးသမားတွေ ပြင်ဆင်နေပါပြီ။

၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီတွေကလည်း လူငယ် နိုင်ငံရေးသမားတွေကို ရှေ့တန်းတင်ပြီး ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ဦးစားပေး ရွေးချယ်တာမျိုး၊ ပါတီကရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ်တွေအတွက် ရာခိုင်နှုန်း အချိုးအစားတွေ သတ်မှတ်ပေးတာမျိုး၊ အရည်အချင်းတူနေရင် လူငယ်ကို ဦးစားပေး ရွေးချယ်တာမျိုးအထိ လူငယ်တွေကို သိသိသာသာ နိုင်ငံရေးမှာ နေရာပေးလာမျိုးတွေ ရှိပါတယ်။

အရင် စစ်အာဏာရှင် ခေတ်တွေမှာတော့ နိုင်ငံရေးလို့ ပြောလိုက်ရင် မစားကောင်းတဲ့ အသီးတခုလို ထိတ်လန့်နေကြတဲ့အတွက် အခုလို နိုင်ငံရေးမှာ လူငယ်တွေ အားလုံးပါဝင်လာဖို့ အတွက်ကတော့ အချိန်တခု ယူရဦးမှာပါ။

အသက်အရွယ် အလွန်ကြီးရင့်နေပြီဖြစ်တဲ့ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီရဲ့ ECE တဦးဖြစ်တဲ့ ဦးထွန်းရီက “အန်ကယ်တို့က အသက်အရွယ်တွေ ကြီးလာတဲ့အခါကျတော့ ပါတီတာဝန်ရော နိုင်ငံ့တာဝန်ကိုရော မျိုးဆက်သစ်တွေကို လွှဲပြောင်းပေးရမှာပဲ။ ပါတီ ရေရှည်တည်တံ့ ခိုင်မြဲဖို့ဆိုရင်လည်း လူငယ်တွေကို လွှဲပေးရမယ်။ လူငယ်တွေနဲ့ ဆက် Run ဖို့လိုတဲ့အတွက် မူအားဖြင့်ကိုက လူငယ်မျိုးဆက်သစ်တွေကို ဦးစားပေးပြီးတော့ ရှာဖွေနေတယ်” လို့ ပြောပါတယ်။

နိုင်ငံရေး မျိုးဆက်

အခုဆိုရင် သမ္မတ ဦးသိန်းစိန်ရဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတောင် အရင် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ရင် လူငယ်တွေကို ပိုပြီး နေရာပေးလာတယ်လို့ ရန်ကုန်တိုင်း လူငယ် ကြံ့ခိုင်ရေးပါတီဝင် မြောက်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇာခြည်လင်းက ပြောပါတယ်။

ဒေါ်ဇာခြည်လင်းက “လူငယ်တွေကလည်း နိုင်ငံရေးမှာ ပိုပြီးလည်း စိတ်ဝင်စားလာတယ်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကလည်း သူတို့မှာ တာဝန်ရှိတယ်လို့ ခံယူပြီးတော့ ပါဝင်လာတာဟာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ပြုပြင်ပြောင်းလဲရေးတွေမှာ ပိုပြီးတော့ ထိရောက်တဲ့အခန်းကဏ္ဍတွေမှ ဖြစ်လိမ့်မယ်လို့ ကျမ ယုံကြည်တယ်” လို့ ပြောပါတယ်။

ဒါပေမယ့် ကြံ့ခိုင်ရေးပါတီရုံးချုပ် (နေပြည်တော်) ကို ဧရာဝတီက လူငယ်ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းစာရင်း ရရှိဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မရရှိခဲ့ပါဘူး။

အတိုက်အခံ အင်အားကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း ကိုယ်စားလှယ်လောင်းတွေထဲမှာ အရည်အချင်းတူရင် အမျိုးသမီး၊ လူငယ်နဲ့ တိုင်းရင်းသားကို ဦးစားပေးတာ ပါတီရဲ့မူပဲလို့ NLD ပါတီက ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးဝင်းမြင့်က ပြောပါတယ်။

ဦးဝင်းမြင့်က “အသက် ၃၅ နှစ်နဲ့ ၅၀ ကြား ကိုယ်စားလှယ်လောင်းက ၇၅ ရာခိုင်နှုန်းလောက် ရှိတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

NLD ပါတီက ထုတ်ပြန်ချက်အရ ကိုယ်စားလှယ်လောင်းတွေထဲမှာ အသက် ၃၅ နှစ်အောက် လူငယ်က ၁၂ ရာခိုင်နှုန်း၊ အသက် ၃၅ နှစ်နဲ့ ၅၀ ကြား လူလတ်ပိုင်းက ၄၀ ရာခိုင်နှုန်း၊ အသက် ၅၀ နှင့် အထက် ၄၈ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ပညာအရည်အချင်းအရ ကြည့်ရင်လည်း ဘွဲ့ရနဲ့ ဘွဲ့လွန်ပညာတတ် ၇၅ ရာ ခိုင်နှုန်းရှိပြီး ၁၀ တန်း နှင့်အထက် ဘွဲ့မရတဲ့သူကတော့ ၂၂  ရာခိုင်နှုန်း ဖြစ်တယ်လို့ သိရပါတယ်။ အဲဒါအပြင် အမျိုးသား ၈၅ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၁၅ ရာခိုင်နှုန်း ပါဝင်တယ်လို့ ထုတ်ပြန်ပြောဆိုပါတယ်။

NLD ပါတီကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ လူငယ်တဦးဖြစ်သူ ဦးနေဘုန်းလတ်ကလည်း နိုင်ငံရေးဆိုတာ လူကြီးတွေချည်းပဲ လုပ်ရမယ့် အလုပ်မျိုးမဟုတ်ဘဲ လူကြီး၊ လူငယ်နဲ့ အမျိုးသမီး တွေအကုန်လုံး ဆုံတွေ့တဲ့ ကစားကွင်းတခုဖြစ်မှ အမြင်စုံ၊ ကဏ္ဍစုံနဲ့ အရောင်စုံမှာလို့ ဆိုပါတယ်။

“အလွှာတိုင်းမှာက အားသာချက် ကိုယ်စီရှိကြတယ်။ လူကြီးတွေမှာမရှိတဲ့ လတ်ဆတ်တဲ့ အတွေးအခေါ်တို့ တက်တက်ကြွကြွလုပ်နိုင်တာတို့ အဲဒါမျိုးတွေက လူငယ်တွေမှာရှိတယ်။ အဲလိုပြောလို့ လူကြီးတွေက အသုံးမကျတာ မဟုတ်ဘူး။ လူကြီးတွေမှာလည်း အားသာချက်ရှိတာပဲ။ အတွေ့အကြုံများတာတို့ စဉ်းစားချင့်ချိန်တတ်တာတို့ပေါ့” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အလွှာစုံ အမြင်ပေါင်းစုံနဲ့ ဝိုင်းဝန်း ဆွေးနွေးကြပြီးတော့ အလွှာစုံကလက်ခံနိုင်တဲ့ ဥပဒေတွေ နည်းဥပဒေတွေ ဆုံးဖြတ်ချက်တွေထွက်လာရင် တိုင်းပြည် အကျိုးရှိမှာဆိုတဲ့အမြင်ကို ရခိုင်အမျိုးသားပါတီက လူငယ်တဦးဖြစ်တဲ့ ဒေါ်ထုမေကလည်း သဘောတူပါတယ်။

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ ဒေါ်ထုမေက “လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်တယ်။ လူငယ်တွေအပေါ်မှာ ရင်းနှီးမြှုပ်နှံရပါမယ်။ လူငယ်တွေ နိုင်ငံရေးမှာပါဝင် လာခြင်းကို အပြုသဘော လက်ခံရပါမယ်။ လူငယ်တွေရဲ့အား၊ အမြင်တွေနဲ့ နိုင်ငံကို ပိုကောင်းအောင် ဖော်ဆောင်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတိုးတက်မှုမှာ ပိုပြီးတော့ အကျိုးသက်ရောက်မှု ဖြစ်ပါလိမ့်မယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ဒေါ်ထုမေနဲ့ ယှဉ်ပြိုင်မယ့် သူတွေထဲမှာ အသက်အရွယ်အားဖြင့် ကြီးရင့်သူတွေ၊ အာဏာရ အသိုင်းအဝိုင်းက ဗိုလ်ချုပ်ဟောင်းတွေ ဖြစ်နေပေမယ့် သူကိုယ်တိုင် လူငယ်နဲ့ အမျိုးသမီး ဖြစ်တာကြောင့် ရွေးကောက်ပွဲနိုင်မယ်လို့ ယုံကြည်နေပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ လူကြီးအများစုနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီကလည်း ပါတီရဲ့ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း ၃ ပုံမှာ ၂ ပုံလောက်ကို လူငယ်နဲ့ လူလတ်ပိုင်းတွေကို ရွေးချယ်ထားတယ်လို့ ပါတီရဲ့ CEC တဦးဖြစ်တဲ့ ဦးထွန်းရီက ပြောပါတယ်။

ဦးထွန်းရီက “လူငယ်နဲ့ အမျိုးသမီး အရည်အတွက်ကို ပိုပြီး များများစားစားပါအောင် လုပ်ကြဖို့ မြို့နယ်တွေကို ညွှန်ကြားချက်ပေးထားတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် တစညပါတီက လူငယ်၊ လူလတ်ပိုင်းလို့ သတ်မှတ်ထားတဲ့ သူတွေဟာ အသက် ၅၀ ဝန်းကျင်အရွယ်တွေ ဖြစ်နေတာပါ။ တခုထူးခြားတာကတော့ လက်ရှိ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနဲ့ ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မှာ ယှဉ်ပြိုင်မယ့် တစညပါတီက လူငယ်တဦးဖြစ်သူ ဦးသူရိန်ရွှေဟာ အသက် ၂၆ နှစ်ပဲ ရှိပါသေးတယ်။

ဦးသူရိန်ရွှေကတော့ နိုင်ငံရေးကို လူငယ်ဆန်ဆန် ဆုံးဖြတ်ချက်တွေ ရဲရဲတင်းတင်းချနိုင်ဖို့ လွှတ်တော်နိုင်ငံရေးထဲကို ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာလို့ ဧရာဝတီကို ပြောပါတယ်။

ဦးသူရိန်ရွှေက “လူကြီးတွေက သူတို့ဖြတ်သန်းလာတဲ့ နိုင်ငံရေး အတွေ့အကြုံတွေအရ သူတို့မှာ သူ့အုပ်စု ကိုယ့်အုပ်စုတွေ ရှိကြတယ်။ တချို့ဆိုလည်း ပါတီတခုတည်းမှာကို သူ့အုပ်စု ကိုယ့်အုပ်စု ဖြစ်နေကြတယ်။ ကျနော်တို့ လူငယ်တွေမှာက ဘာအခံမှမရှိလို့ ဘယ်ကိစ္စမဆို လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်တယ်။ အဲဒါအားသာချက်ပဲ” လို့ ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒေါက်တာနေဇင်လတ် တည်ထောင်ထားတဲ့ အမျိုးသားတိုးတက်ရေး ပါတီကလည်း ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ ပျှမ်းမျှအသက်ဟာ ၄၀ စွန်းစွန်းသာ ရှိသေးတယ်လို့ သိရပါတယ်။

ဒေါက်တာ နေဇင်လတ်က “ကျနော်တို့ရဲ့ အားသာချက်က နိုင်ငံရေး အသိအမြင်တွေ ကြွယ်ဝတာပေါ့။ နိုင်ငံရေး စီမံခန့်ခွဲမှုပေါ့။ လွှတ်တော်တွင်းကိုပဲ ရောက်ရောက်၊ အုပ်ချုပ်မှုပိုင်းကိုပဲ ရောက်ရောက်၊ အပြည်ပြည်ဆိုင်ရာကိုပဲ ရောက်ရောက် အကုန်အဆင်သင့်ပဲ။ အဓိကကတော့ နိုင်ငံရေး စီမံခန့်ခွဲမှု၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနဲ့  စီးပွားရေး စီမံခန့်ခွဲမှုတွေမှာ ကျွမ်းကျင်တဲ့သူတွေ ဖြစ်ကြတယ်”လို့ ဆိုပါတယ်။

လူငယ်တိုင်း နေရာရမှာလား

တိုင်းပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုတဲ့အချိန်မှာ လူငယ်နိုင်ငံရေး မျိုးဆက်တွေကို နေရာပေးလာတယ် ဆိုပေမယ့် နိုင်ငံရေး ရာထူးတွေဖြစ်တဲ့ သမ္မတ၊ ဒုသမ္မတနဲ့ ဝန်ကြီးတွေ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသက်အရွယ် ကန့်သတ်ချက်တွေရှိလို့ နိုင်ငံရေးရည်မှန်းချက်ကို အမြင့်ဆုံးထားလို့ မရပါဘူး။

သမ္မတလုပ်ဖို့ ဆိုရရင်တော့ အသက်  ၄၅ နှစ် ပြည့်ပြီးသူ ဖြစ်ရမှာဖြစ်ပြီး ပြည်ထောင်စု ဝန်ကြီးတွေကိုတော့ အသက် ၄၀ နှစ် ရှိရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ထားပါတယ်။

ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အနည်းဆုံး ၂၅ နှစ် ရှိရမှာဖြစ်ပြီး အမျိုးသား လွှတ်တော်အတွက်ကိုတော့ ၃၀ နှစ် ရှိရမှာပါ။

ဦးနေဘုန်းလတ်က “နောက်ပိုင်းကျရင် လူငယ်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လို့ရအောင် အသက်လျှော့တာတွေ လုပ်ပေးသင့်တယ်။ ကျနော်တို့ဆီမှာ လွှတ်တော်နိုင်ငံရေးက အခုမှ အစပျိုးကာစပဲရှိသေးတော့ နောက်ပိုင်းမှာ အသက်အပိုင်းအခြားတွေကို ကန့်သတ်တာတွေ လျှော့ပေး လာနိုင်တယ်” လို့ ပြောပါတယ်။

လူငယ်တွေရဲ့ မျှော်လင့်ချက်

တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ်တွေက ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ မေးခွန်းတွေကို ၂၀၁၅ ရွေးကောက်ပွဲဝင်မယ့် လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦးကို မေးမြန်းခွင့်ရတဲ့ ကိုယ့်ဆန္ဒ ကိုယ်မဲ ရွေးကောက်ပွဲ အထူးရေဒီယို အစီအစဉ်တခုကို BBC Media Action က ရန်ကုန်မြို့မှာ စက်တင်ဘာလ ၁၂ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ လူငယ် ၇၅ ဦးတို့ရဲ့ မေးခွန်းတွေကို လူငယ်နိုင်ငံရေးသမားတွေ ဖြစ်ကြတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါ်ဇာခြည်လင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်ဇင်မာအောင်၊ ရခိုင်အမျိုးသားပါတီက ဒေါ်ထုမေနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့က ဦးစိုင်းအောင်မြင့်ဦးတို့က ဖြေကြားပေးခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လူငယ်နိုင်ငံရေးသမားတွေ လွှတ်တော်ထဲရောက်သွားရင် တိုင်းပြည်မှာ လူငယ်တွေအတွက် “ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း” တွေ ပိုကောင်းလာမှာလားလို့ လူငယ်တွေက မေးခွန်းထုတ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အလုပ်အကိုင် အခွင့်အလမ်းအတွက် ဘယ်လောက် အာမခံချက်ပေးနိုင်မလဲ၊ လူတိုင်းအကျုံးဝင် ပညာရေးဆိုတာ တကယ်အလုပ်ဖြစ်ရဲ့လား၊ တိုင်းရင်းသားစာပေကို ကျောင်းစာသင်ချိန်မှာ တရားဝင်သင်ကြားခွင့် ရမှာလား၊ ဘွဲ့လက်မှတ်ဟာ လက်တွေ့မှာ အသုံးချလို့ မရတဲ့ကိစ္စတွေ အပါအဝင် မေးခွန်းတော်တော်များများကို လူငယ်တွေက တက်တက်ကြွကြွမေးခွန်း ထုတ်ကြပါတယ်။

ပညာရေးမှာ ပြုပြင်ပြောင်းလဲရေး ဆက်လုပ်ဖို့ လိုအပ်နေသေးပြီး လက်ရှိ အမျိုးသားပညာရေး ဥပဒေဟာ လက်တွေ့မှာ အလုပ်မဖြစ်သေးဘူး ဆိုတာကို လူငယ်နိုင်ငံရေးသမား အားလုံးက သဘောတူကြပါတယ်။

လူငယ် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဒေါ်ထုမေက “ကိုယ်ဘာသာကိုယ် စဉ်းစားတွေးခေါ်တတ်တဲ့ ကျောင်းသားအပေါ်မှာ အခြေခံတဲ့ ပညာရေးစနစ်တခုကို ဖော်ဆောင်ရပါမယ်။ ပညာရေးအတွက် ဒေသခံတွေ အသက်မွေး ဝမ်းကျောင်းပညာရပ်တွေကို ဘယ်လိုလုပ်ဆောင် သွားမလဲဆိုတာ ကျမ အခြေခံကျကျ လေ့လာနေပါတယ်” လို့ ပြောပါတယ်။

NLD ပါတီက အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်လောင်းတဦးဖြစ်တဲ့ ဒေါ်ဇင်မာအောင်ကလည်း “ကျမ ရွေးကောက်ပွဲမှာ အနိုင်ရရင် ဒီမိုကရက်တစ် ပညာရေးဖြစ်အောင် လိုအပ်တဲ့ဥပဒေမျိုးကို ပြဋ္ဌာန်းနိုင်ဖို့ ပြင်ဆင်စရာရှိရင်လည်း ပြင်ဆင်နိုင်အောင် အဆိုတင်သွင်းသွားပါ့မယ်” လို့ လူငယ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာဆိုရင် “ဒေါင်းယောင်ဆောင်သောကျီး” ကို မြန်မာလို မဖတ်တတ်တဲ့ မူလတန်းကျောင်းသား များစွာရှိနေတယ်လို့ ကချင်ပြည်နယ်က တက်ရောက်လာတဲ့ လူငယ်တဦးက ဆွေးနွေးပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းမှာလည်း FDI လို့ခေါ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေက ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး အာမခံချက်ရဖို့၊ မြေယာဥပဒေတွေ ပြင်ပေးနိုင်ရင် နယ်ဒေသတွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့၊ ဘွဲ့လက်မှတ်တခုရလာရင် အဲဒီဘွဲ့နဲ့ လက်တွေ့ လုပ်ငန်းခွင်မှာ ပြန်အသုံးချနိုင်ဖို့ ကိစ္စတွေကို လူငယ်ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဝေးသင် ကျောင်းသူတဦးကလည်း “ကျမ အဝေးသင်နဲ့ ဘွဲ့ရထားပါတယ်။ ကျမရထားတဲ့ ဘွဲ့လက်မှတ်က ဘာမှ သုံးစားလို့မရပါဘူး။ ဒီလက်မှတ်ကို အသုံးဝင်အောင် ကျမတို့ဘဝ အာမခံချက်ရှိအောင် ဘယ်လိုလုပ်ပေးလို့ရမလဲ” လို့ မေးခွန်းထုတ်ခဲ့ပါသေးတယ်။

လူငယ်နှင့် Digital Media

ရွေးကောက်ပွဲမှာ ဘယ်ပါတီက ဘယ်သူတွေ ဝင်ပြိုင်တယ်၊ ဘယ်လိုလူမျိုးတွေကို မဲထည့်သင့်လဲ ဆိုတာတွေကို ပြည်သူတွေက လူမှုကွန်ရက် မီဒီယာတွေက လေ့လာကြသလို ရွေးကောက်ပွဲဝင်မယ့်သူ တွေကလည်း သူတို့ရဲ့ မဲဆွယ်တဲ့အခါ လူမှုကွန်ရက်ကို ကြားခံအဖြစ် အသုံးပြုမဲဆွယ်တာမျိုးတွေ ရှိပါတယ်။

မွန်အမျိုးသားပါတီက ရွေးကောက်ပွဲဝင်မယ့် ဒေါက်တာတင်မျိုးလွင်က “ဖေ့ဘုတ်စ်က သူ့ခေတ် ရေစီးကြောင်းအရ အသုံးဝင်တယ်။ သုံးဖြစ်တယ်ပေါ့။ ကျနော်ဆို သထုံကနေ ရွေးကောက်ပွဲဝင်မှာ ဖြစ်တဲ့အတွက် ကျနော့်အကြောင်းတွေကို သထုံ ဖေ့ဘုတ်ပေ့တ်ချ်မှာ တင်ဖြစ်တယ်။ ကိုယ့်ဝေါမှာ လည်းတင်တယ်။ ကွန်မန့်တွေကတော့ ထောက်ခံတဲ့သူတွေရှိသလို ကန့်ကွက်တဲ့သူတွေလည်း ရှိတာပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီမှ ဒေါ်ဇာခြည်လင်းကလည်း “အမအနေနဲ့ကတော့ လက်ရှိလည်း ကိုယ်ပိုင် ဖေ့ဘုတ်စ်လည်းရှိတယ်။ ဖေ့ဘုတ်စ်ကနေမှ ကိုယ့်ရဲ့ လှုပ်ရှားမှုတွေလည်း တင်တယ်၊ နောက်တခုက ကိုယ့်နာမည်နဲ့ ပိတ်ချ်တခုထောင်ပြီးတော့လည်း ကိုယ့်ရဲ့ Target Group ကို ရောက်အောင်လို့ ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။

ဒါပေမယ့် နည်းပညာအားနည်းချက်ရှိတဲ့ဒေသ တချို့မှာတော့ လူမှုကွန်ရက် မီဒီယာကနေ စည်းရုံးလို့မရနိုင်ပဲ အသံလွှင့်မီဒီယာ တခုဖြစ်တဲ့ ရေဒီယိုကို အားကိုးနေရတာမျိုးတွေ ရှိပါတယ်။

ရခိုင်ပြည်နယ် အမ်းနဲ့ ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်ထုမေက “ကျမ မဲဆန္ဒနယ်က ဘယ်လိုမှ နည်းပညာရောက်နိုင်တဲ့နေရာ မဟုတ်ပါဘူး။ ဖေ့ဘုတ်စ်ဆိုတာထက် ရေဒီယိုက ပိုအကျုံးဝင်တယ်။ ကျမတို့နယ်ကလူတွေက ရေဒီယို ပိုနားထောင်ကြတယ်” လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလူငယ် နိုင်ငံရေးမျိုးဆက်တွေကြောင့် ၂၀၁၅ ရွေးကောက်အလွန် မြန်မာ့နိုင်ငံရေးဟာ ပိုပြီး သက်ဝင်လှုပ်ရှားလာမလား၊ ပြုပြင်ပြောင်းလဲမှုတွေ ပိုဖြစ်လာနိုင်မလားဆိုတာကတော့ အားလုံးက စောင့်ကြည့်နေကြတော့မှာပါ။

Did you find apk for android? You can find new Free Android Games and apps.