fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ပါရမီအငှားယာဉ် ဒရိုင်ဘာ တပ်ထွက်ကြီးနှင့် စကားစမြည်

မြန်မာ့ စီးပွားရေး ဦးပိုင်ရဲ့ လုပ်ငန်း တခုဖြစ်တဲ့ ပါရမီ အငှားယာဉ် လုပ်ငန်းတွေမှာ စစ်မှုထမ်းဟောင်း တွေကိုပဲ ပြန်ခန့်တယ်။ “ကျနော် ပင်စင်ယူပြီးမှ ဒီကားကို စမောင်းတာလေ” တဲ့။


Want create site? Find Free WordPress Themes and plugins.

မွန်းတည့်ချိန်မို့ ဗိုလ်မှုးဗထူးလမ်းမပေါ်မှာ ကားက ခပ်ကျဲကျဲ။ လှမ်းတားမိလိုက်တဲ့ကားက အတော်လေးဟောင်းနေပြီဖြစ်တဲ့ တိုယိုတာဗန်ကား တစင်း၊ ကားဈေး ကျသွားပြီးတဲ့နောက်ပိုင်း လမ်းပေါ်မှာ သိပ်မမြင်ရတာတော့တဲ့ ပါရမီ Taxi တစင်းပဲလို့ ရှေ့မှာရပ်လိုက်တာနဲ့ ချက်ခြင်းသတိထားမိတယ်။ သွားချင်တဲ့နေရာကိုပြောရင်း ဈေးဆစ်လိုက်တော့ “အဲဒီနေရာက ကားသိပ်ကျပ်တာဗျ” လို့ ငြီးငြီးငြူငြူ ပြောရင်း လက်ခံလိုက်တယ်။

ပင်စင်စားအရွယ်လောက်ရှိမယ့် ကားဆရာဟာ နာရေးကူညီမှုအသင်းရုံးရှေ့နားမှာ ပိတ်နေတဲ့ ကားတန်းရှည်ကြီးကို ရှောင်မောင်းဖို့ လမ်းချိုးတခုထဲကို ကွေ့ဝင်လိုက်တယ်။ မီးပွိုင့်ပိတ်တာ ရပ်စောင့်နေရတာနဲ့၊ ပိုဝေးတဲ့ တခြားလမ်းက မောင်းတာနဲ့ အချိန်အတူတူလောက်ပဲ ကျတာမို့ မောင်းချင်တဲ့လမ်းက မောင်းပါစေတော့ဆိုပြီး လွှတ်ထားလိုက်တယ်။

အသားညိုညို အရပ် ခပ်ပျပ်ပျပ် ကားဆရာဦးလေးကြီးက တခြားကားဆရာတွေလိုပဲ ကားလမ်းပိတ်တဲ့ကိစ္စက စငြီးတယ်။ “ကားလမ်းတွေက တနေ့တခြား ပိုပိတ်လာတော့ ပိုက်ဆံရှာရတာ ပိုပိုခက်လာတယ်” တဲ့။

ဘယ်သတင်းဋ္ဌာနအတွက်မှ ပုံမှန်သတင်းရေးနေတာမျိုး မရှိတော့ပေမယ့် ရေးခဲ့ဖူးတဲ့ နိုင်ငံခြားသတင်းဋ္ဌာနတခုက ထုတ်ထားတဲ့ စည်းကမ်းတခုဖြစ်တဲ့ ကိုယ်ငှားစီးလာတဲ့ အငှားယာဉ်မောင်းသမားကို အင်တာဗျူး မလုပ်ရဘူးဆိုတဲ့စည်းကမ်းကို Taxi ငှားစီးတိုင်း မသိမသာ လိုက်နာမိနေတုန်းပဲ။ ဒါကြောင့် သူပြောတာကို နားထောင်ရုံနဲ့ အလိုက်အထိုက် ပြောရုံကလွဲပြီး မေးခွန်းမမေးပဲ နေမယ်လို့ ကြိုးစားမိတယ်။

ဓာတ်ဆီဆိုင်တဆိုင်ရှေ့က ကားအဖြတ်မှာ ကားဆရာက ထပ်ပြောတယ်။ “တကမ္ဘာလုံး ဆီဈေးကျနေပေမယ့် ဒီမှာတော့ မကျဘူး။ ဆီဆိုင်တွေ အကုန်လုံးက သူတို့ ဆွေမျိုးသားချင်းတွေနဲ့ သူတို့နဲ့ နီးစပ်တဲ့စီးပွါးရေးသမားတွေပဲ ပိုင်တာကိုး”။ တကယ်တော့ “သူတို့”ဆိုတဲ့အသုံးအနှုန်းက ဗမာပြည်မှာတော့ စစ်ဗိုလ်ချုပ်တွေကို ရည်ညွှန်းသုံးနေကျ လူထုဘာသာစကားတခုသာ ဖြစ်တယ်။

“နေရာတိုင်း လုပ်ငန်းသေးသေးလေးတွေက အစ သူတို့ပဲ လက်ဝါးကြီးအုပ်ထားတာ။ ခုခေတ်က ဗိုလ်မှုးကတော်လောက်ကစပြီး ရေခဲချောင်း ရောင်းနေတဲ့ခေတ်”။ ကားဆရာ ဦးလေးကြီး စကားကြောင့် နည်းနည်းတော့ မျက်ခုံးပင့်သွားတယ်။ စစ်အစိုးရလက်ထက်မှာ သတင်းလိုက်ခဲ့တုန်းက ရှိခဲ့ဖူးတဲ့ စိတ်မလုံခြုံမှု လက်ကျန်ကြောင့် ဒီလူဟာ ထောက်လှမ်းရေးများ ဖြစ်နေမလားလို့ သံသယဝင်မိတယ်။ စစ်တပ်က ရှယ်ယာအတော်များများပိုင်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ရဲ့ လုပ်ငန်းတခုဖြစ်တဲ့ ပါရမီအငှားယာဉ်လုပ်ငန်းတွေမှာ စစ်မှုထမ်းဟောင်းတွေကိုပ ဲပြန်ခန့်တယ်လို့လည်း သိထားတာကိုး။

သူ့ကိုယ်သူ စစ်ပြန်စစ်မှုထမ်းဟောင်းပါလို့ မမေးပဲ ပြောပြသွားတဲ့ ကားဆရာကြီးရဲ့ စကားတွေကို အတော်ကြာကြာ နားထောင်ပြီးတဲ့အခါမှာတော့ ထောက်လှမ်းရေးများ ဖြစ်နေမလားဆိုတဲ့ သံသယက သူ့အလိုလို ပျောက်သွားခဲ့တယ်။

“ကျနော် ပင်စင်ယူပြီးမှ ဒီကားကို စမောင်းတာလေ” ကားမောင်းရင်း တလမ်းလုံး စကားပြောလာခဲ့တဲ့ ကားဆရာကြီးက သူဘယ်သူနဲ့ စကားပြောနေသလဲ ဆိုတာလည်း စိတ်ဝင်စားပုံ မရပါဘူး။ ဒါပေမယ့် ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောရဲဆိုရဲရှိတဲ့ စစ်သားဟောင်းတယောက်နဲ့ မဆုံဖူးသူအတွက်တော့ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေခဲ့တယ်။

“တကယ်တော့ ဦးသိန်းစိန်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရွှေ့တဲ့ စစ်တုရင် နယ်ရုပ်တရုပ် ပဲဗျ။ သူက အင်မတန်အေးတဲ့ စစ်ရုံးက အုပ်ချုပ်ရေးပိုင်းက အရာရှိတယောက်ပဲ။ အေးလွန်းလို့ ဒီကောင်လေးတော်တယ် စိတ်ချရတယ်ဆိုပြီး ဦးသန်းရွှေက သူ့နားခေါ်ထားပြီး ရာထူးတိုးပေးလိုက်တာ”

ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကားဆရာဦးလေးကြီးပြောတာနဲ့ BBC က သုတေသနပြု ထားတဲ့ ဦးသိန်းစိန်ရဲ့ ပရိုဖိုင်းမှာ ရေးထားတာနဲ့ သိပ်မကွာတာတော့ တွေ့ရတယ်။ “နိုင်ငံအပြောင်းအလဲအတွက် မျက်နှာလွှဲလို့ရမယ့်လူတယောက်အဖြစ်နဲ့ ဦးသိန်းစိန်ကို ဗိုလ်ချုပ်မှုးကြီးဟောင်းသန်းရွှေ ကိုယ်တိုင်နေရာချထားပေးခဲ့တယ်”လို့ BBC မှာရေးထားတာ ဖတ်ခဲ့ဖူးတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံးအပိုင်းက သူ စစ်တပ်မှာ အနှစ်လေးဆယ်လောက် တာဝန်ထမ်းခဲ့တုန်းက ကောင်းကောင်းသိခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးနှစ်ယောက်ကို နှိုင်းယှဉ်ပြီးပြောတဲ့အပိုင်းပါ။

“ဦးသိန်းစိန်က ဦးရွှေမန်းနဲ့ မတူဘူး။ ရှေ့တန်းလဲ တခါမှ မထွက်ဖူးဘူး။ ဦးရွှေမန်းကမှ တကယ့် စစ်သားကောင်း၊ ကရင်သူပုန်တွေနဲ့တိုက်တဲ့ မဲသဝေါတိုက်ပွဲအပြီးမှာ သူရဘွဲ့ရခဲ့တာလေ”။

ဒီတခါတော့ မမေးပဲ မနေနိုင်တော့လို့ ဦးရွှေမန်းကို ဦးလေးသဘောကျလားလို့ မေးလိုက်မိတယ်။

“ကျနော် တင်မကဘူး၊ စစ်သားအတော်များများက ဦးရွှေမန်းကို သဘောကျတယ်ဗျ။ ဘာလို့လဲဆိုတော့ သူက ထောက်လှမ်းရေးက ဗိုလ်ချုပ်ခင်ညွန့်ကိုရော သူ့လူတွေပါ ဖြုတ်ပစ်ခဲ့တာလေ။ ကျနော် တပ်ထဲမှာတုန်းက ဦးရွှေမန်းနဲ့ ဆုံဖူးတယ်။ ကျနော် သူ့ကို သဘောကျတယ်”။

ဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌနေရာက ဖြုတ်လိုက်တဲ့သတင်းက သူ့အတွက်တော့ အထူးအဆန်း ဟုတ်ပုံမရဘူး။

“အဲဒါ ဦးသန်းရွှေလက်ချက်ဗျ၊ ဦးသိန်းစိန်မဟုတ်ဘူး၊ သူက နောက်ကွယ်က အကုန်လုံး လုပ်နေတာ၊ သူက အာဏာကို လုံး၀ လက်လွှတ်ချင်တာ မဟုတ်ဘူး၊ သူလုပ်ထားတာတွေအတွက် သူလန့်တယ်လေ”။

ပါရမီအဝေးပြေးကွင်းရှေ့က မီးပွိုင့်နားရောက်တော့ ရန်ကုန်မြို့တွင်းဆွဲတဲ့ ပါရမီဘတ်(စ)တွေနဲ့ ပိတ်ဆို့နေခဲ့တယ်။ တကယ်တော့ မြန်မာ့တပ်မတော်ဟာ စစ်ရေးတွင်မကပဲ အုပ်ချုပ်ရေးနဲ့ စီးပွားရေးပိုင်းကိုပါ အသွင်ပြောင်းဝင်ရောက်လာခဲ့တာ ၁၉၉၀ ခုနှစ်တွေကတည်းကပါ။

မြန်မာ့တပ်မတော်က တည်ထောင်ထားတဲ့ နိုင်ငံမှာ အကြီးဆုံးစီးပွားရေးုလုပ်ငန်းစုကြီး ၂ ခုဖြစ်တဲ့ ဦးပိုင်လို့ လူသိများတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ မြန်မာပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေထဲမှာ ထဲထဲဝင်ဝင် ရောက်နေခဲ့တာ ကြာပါပြီ။ အစားအစာ၊ ရေသန့်၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ်လုပ်ငန်း စတဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေထဲမှာရော၊ သတ္တုတွင်းနဲ့ ကျောက်မျက်တို့လို နိုင်ငံတကာရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာပါ တပ်မတော်အနေနဲ့ အကြီးစားရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားခဲ့ပြီးသား ဖြစ်တယ်။

ကားဆရာဦးလေးကြီးက ဦးရွှေမန်းကို ပါတီက ဖယ်ရှားလိုက်ရတာဟာ အဆန်းတကြယ်မဟုတ်ပဲ ဗိုလ်ချုပ်ကျော်ဘတို့ ဗိုလ်ချုပ်ထွန်းကြည်တို့တုန်းက လုပ်သလိုမျိုး လုပ်ရိုးလုပ်စဉ်နည်းလမ်းဟောင်းတွေပါပဲလို့ ဆက်ပြောနေခဲ့တယ်။

“ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ပေါင်းမိသွားတာက သူ့အတွက် အန္တရာယ်ဗျ။ ဒါက ဦးသန်းရွှေ မြင်ချင်တဲ့ပုံစံမျိုး မဟုတ်ဘူး”။

“ဒါဆို ဦးသန်းရွှေမြင်ချင်တာက ဘယ်လိုမျိုးလဲ” လို့မေးမိတယ်။

“ဒါကတော့ အသိသာကြီးပါဗျာ။ သူက အာဏာကို စစ်တပ်ကပဲ ထိန်းချုပ်ထားစေချင်တာဗျ၊ ဒါမှ သူ့အတွက် စိတ်ချရမှာလေ”။

ကားဆရာကြီးက ၂၀၀၈ အခြေခံဥပဒေ ခံနေတာကြောင့် စစ်အုပ်ချုပ်ရေးလက်ထက် တုန်းကလို လုပ်ချင်တိုင်းလုပ်လို့ မရတဲ့အကြောင်း ဆက်ပြောပြန်တယ်။

“သူတို့ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ်ကသာ ဖြုတ်ချလို့ရတယ်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ်က ဖြုတ်ချင်တိုင်းဖြုတ်ချလို့ မရဘူးဗျ။ သူတို့ အဲလိုလုပ်လိုက်ရင် သူတို့ ဆွဲထားတဲ့ဥပဒေ သူတို့ဘာသာ ချိုးဖေါက်ပစ်လိုက်တာနဲ့ အတူတူပဲ”။

တကယ်တော့ ကားဆရာဦးလေးကြီးပြောတာ မမှားပါ။ ဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်က ဖြုတ်ချဖို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်က ပြန်လည်ရုပ်သိမ်းခွင့်ဥပဒေကို အလျင်အမြန်ပြဋ္ဌာန်းဖို့ နိုဝင်ဘာလမှာ လုပ်မယ့်ရွေးကောက်ပွဲ မတိုင်ခင် နောက်ဆုံးပြုလုပ်ခဲ့တဲ့လွှတ်တော်မှာ အရေးတကြီး အဆိုတင်သွင်းခဲ့ပေမယ့်လည်း မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်သွားခဲ့တယ်။

ဦးရွှေမန်းကို ထောက်ခံသူတွေဟာ လွှတ်တော်ထဲမှာရော ကားဆရာဦးလေးကြီးတို့လို တပ်မတော်သားဟောင်းတွေထဲမှာရော ရှိနေတာဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။

ပြီးခဲ့တဲ့လထဲမှာ ဧရာဝတီနဲ့ အင်တာဗျူးလုပ်ခဲ့တဲ့ စတန်းဖို့(ဒ်)တက္ကသိုလ် ပါမောက္ခ လယ်ရီဒိုင်းမွန်းကတော့ ဦးရွှေမန်းဟာ “သဘောထားပျော့ပြောင်းသူ” “ဒီမိုကရေစီ အတိုက်အခံအင်အားစုတွေနဲ့ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်လိုသူ” ဖြစ်တယ်လို့ သုံးသပ်ခဲ့တယ်။

“သူ့ကြည့်ရတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေး အတော်လေးကောင်းမွန်တာ တွေ့ရတယ်ဗျ။ သူတို့နှစ်ယောက် အလုပ်တွဲလုပ်ရင် ဖြစ်နိုင်လိမ့်မယ် ထင်တယ်။ ဒါဟာ အနာဂတ်အတွက် အလားအလာကောင်း တခုပဲ” လို့လည်း လယ်ရီဒိုင်းမွန်းက ဧရာဝတီကို ပြောခဲ့ပါတယ်။

ခရီးမဆုံးခင်လေးမှာတော့ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လိုဖြစ်မယ်လို့ထင်သလဲလို့ ကားဆရာဦးလေးကြီးကို မေးကြည့်မိတယ်။

“ကျနော်ကတော့ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့နှစ်ယောက်ပေါင်းပြီး တိုင်းပြည်ပြောင်းလဲအောင် လုပ်နိုင်လိမ့်မယ်လို့ ကျနော် ယုံတယ်ဗျ”။

ကားဆရာ စစ်သားဟောင်းကြီးရဲ့ နိုင်ငံရေးသုံးသပ်ချက်တွေ ဘယ်လောက်ထိမှန်မလဲ ဆိုတာကတော့ အချိန်ကပဲ အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ သူပြောခဲ့တဲ့စကားတွေမှာ ရိုးသားမှု အပြည့်ရှိခဲ့တယ်ဆိုတာကတော့ သံသယဖြစ်စရာ မဟုတ်ပါဘူး။

(မွန်မွန်မြတ်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး သတင်းစာဆရာ စာရေးဆရာတဦး ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ ရုပ်သံမှတ်တမ်းတင်သူလည်း ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.