fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

မဲဆန္ဒရှင်ပြည်သူတွေ စိုးရိမ်စိတ်ပိုရတဲ့ တံဆိပ်တုံးစနစ်

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်သူလူထု တော်တော်များများဟာ အဲဒီတံဆိပ်တုံး စနစ်ဆိုတာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့အခါ မဲပေးနည်းစနစ် အတွက် စိုးရိမ်မှုတွေ ဖြစ်နေကြပါတယ်။


Want create site? Find Free WordPress Themes and plugins.

“အကွက်တွေ လွတ်နေသေးတယ်။ သုံးနေရာဆို၊ လွတ်တဲ့အကွက် အကုန်ထုရမှာလား”။ မဲစာရွက်ပေါ်က အကွက်လွတ်တွေမှာ တံဆိပ်တုံးထုဖို့ အဘဦးမြင့်သန်း ကြိုးစားနေခြင်းပါ။အသက် ၇၀ ကျော်လာပြီမို့ လက်ကလည်း အနည်းငယ် တုန်တုန်ယင်ယင်ဖြစ်နေတယ်။ အသက်အရွယ် ကြီးလာတော့ အမြင်လေး နည်းနည်း ဝေဝါးနေတယ်။ မျက်မှန်ကို ပင့်တင်ရင်း မဲစာရွက်ပေါ်က တံဆိပ်တုံး နှိပ်ရမယ့် နေရာကို သေသေချာချာစိုက်ကြည့်ရင်း သူမသိတာကို ထပ်ခါ ထပ်ခါ မေးနေတယ်။

အိမ်တိုင်ရာရောက် မဲပေးနည်းစနစ်ကို လာရောက်ပြသပေးတဲ့သူတွေကလည်း ထပ်ခါထပ်ခါ ရှင်းပြနေကြတယ်။ အခု ရွေးကောက်ပွဲမှာ အ သုံးပြုမယ့် တံဆိပ်တုံးတွေဟာ အားနဲ့အင်နဲ့ ထုရတဲ့ တံဆိပ်တုံးမျိုး မဟုတ်ပါဘူး။ တံဆိပ်တုံးကို လက်နဲ့ကိုင်ပြီး သာသာလေးပဲ နှိပ်လိုက်ရတာ ပါ။ လူအများစု၊ ဥပမာ ရုံးသမားအများစု ၊ ဌာနဆိုင်ရာတွေမှာ အသုံးများတဲ့ တံဆိပ်တုံးမျိုး မဟုတ်တာကို အဘဦးမြင့်သန်း အပြင် ကျန်တဲ့ မိသားစုဝင်တွေကိုပါ ရှင်းပြနေကြပါတယ်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ မဲပေးနည်းစနစ်က အရင် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလို စာရွက်ပေါ်မှာ အမှန်ခြစ်ပေးရတာမျိုး မဟုတ်တော့ပါဘူး။ တံဆိပ်တုံး နှိပ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံတွင်း မှာရှိတဲ့ ပြည်သူလူထု တော်တော်များများဟာ အဲဒီတံဆိပ်တုံး စနစ်ဆိုတာနဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့အခါ မဲပေးနည်းစနစ်အတွက် စိုးရိမ်မှု တွေ ဖြစ်နေကြပါတယ်။

ဒါ့အပြင် လူတဦးကို မဲစာရွက် သုံးရွက်နဲ့ မဲသုံးကြိမ် ပေးရမယ်ဆိုတာကိုလည်း ပြည်သူလူထု တော်တော်များများက အသေးစိတ် ရှင်းရှင်းလင်း လင်း သိမနေကြဘူးလို့လည်း ပါတီကိုယ်စားလှယ်လောင်းအချို့နဲ့ ပြင်ပနိုင်ငံရေးအင်အားစုတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ပြောကြပါတယ်။

ရွေးကောက်ပွဲ မဲပေးနည်းစနစ်တွေနဲ့ မဲဆန္ဒရှင် ပညာပေးစနစ်တွေကို အစိုးရအနေနဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်ရမှာဖြစ်ပေမယ့် အစိုးရ သတင်းစာ၊ အစိုးရ ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ပြသမှုက လွဲရင် အားနည်းနေသေးတယ်လို့လည်း ထောက်ပြပြောဆိုကြပါတယ်။ မဲပေးမယ့် ပြည်သူလူထု အများစုဟာ အခြေခံ လက်လုပ်လက်စားတွေ၊ ရုံးဝန်ထမ်းတွေ ဖြစ်တာကြောင့် ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးမယ့် အချိန်ကို အချိန်ယူ စောင့်ကြည့်တာမျိုး လုပ်နိုင်ချင်မှ လုပ်နိုင်ကြမှာပါ။

တိုင်းဒေသကြီးအသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီကိုယ်စားလှယ်လောင်းတွေကတော့ ဒီတံဆိပ်တုံးစနစ်ကြောင့် ပယ်မဲဖြစ် မသွားစေရေးကို ဦးစားပေးပြီး ပညာပေးမှုတွေ၊ ဟောပြောမှုတွေ လုပ်ဆောင်နေကြပါတယ်။ ပြင်ပ နိုင်ငံရေးအင်အားစုတွေကလည်း မန္တလေးခရိုင်အတွင်းက လက်လှမ်းမီသလောက် မြို့နယ်တွေကို လိုက်ပြီး ပညာပေးမှုတွေ လုပ်ဆောင်ပေးနေကြပါတယ်။

“အစ်မတို့တွေ ဘယ်လောက်ပဲ ပညာပေးလုပ်လုပ်၊ ရာနှုန်းပြည့်တော့ မပြည့်မီဘူးပေါ့။ တံဆိပ်တုံးကို စမ်းနှိပ်ကြည့်ပါလို့ ပြောတာတောင် ကြောက်တဲ့သူက ရှိသေးတယ်။ ပြီးတော့ ဘယ်လိုမဲပေးရမယ်၊ ဘယ်နှခါ မဲပေးရမယ်ဆိုတာလည်း မသိတဲ့သူက များနေတယ်။ မဲဆန္ဒရှင် တိုင်းကိုတော့ ပြောပြဖို့ မမီဘူး။ ပညာပေးလုပ်ပေးနိုင်တာက ရာခိုင်နှုန်း အရမ်းကို နည်းပါတယ် ” လို့ မဲပေးနည်း ပညာပေးလုပ်ဆောင်နေတဲ့ ဒေါ်ရွှေစင်ဇော်ဝင်းက ပြောတယ်။

မန္တလေးတိုင်းဒေသကြီးအနေနဲ့ မဲဆန္ဒရှင်ပေါင်းဟာ ၄၄ သိန်းရှိတယ်လို့ သိရပြီး မန္တလေးခရိုင် ၇ မြို့နယ် အတွင်း မဲဆန္ဒရှင်ပေါင်းကတော့ ( ၁၀ သိန်းဝန်းကျင် )ရှိတယ်လို့ သိရပါတယ်။ မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်မှာ မဲဆန္ဒရှင်ပေါင်း- ၁၇၈၂၁၈ ဦး၊ မဟာအောင်မြေမြို့ နယ်မှာ -၁၅၃၇၃၄ဦး၊ အောင်မြေသာဇံမြို့နယ်မှာ -၁၂၅၀၄၅ ဦး၊ ချမ်းအေးသာစံမြို့နယ်မှာ -၁၃၃၅၀၁ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ -၁၀၇၁၆၄ ဦး၊ အမရပူရမြို့နယ်မှာ -၁၃၃၆၅၃ ဦးနဲ့ ပုသိမ်ကြီးမြို့နယ်မှာတော့ -၁၄၁၄၉၂ ဦးဆိုပြီး ရှိတယ်လို့ မန္တလေးတိုင်းရွေးကောက် ပွဲကော်မရှင်ရုံးက သိရပါတယ်။

“ တံဆိပ်တုံး ထုရမှာစိုးလို့ မဲမပေးတော့ဘူးလို့ ပြောကြတာတွေက အကိုတို့ မဲဆန္ဒနယ်မှာ တော်တော်ကို များတယ်။ တံဆိပ်တုံးစနစ်ကို မကြောက်ဖို့နဲ့ တံဆိပ်တုံးကို ဘယ်လိုနှိပ်ရမယ်၊ ပယ်မဲမဖြစ်အောင် ဘယ်လိုနှိပ်ရမယ်ဆိုတာကို အသေးစိတ် ရှင်းပြပေး၊ လက်တွေ့ တံဆိပ် တုံးကို နှိပ်ခိုင်းတော့မှ မဲပေးမယ် ဖြစ်လာတာ”လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ချမ်းမြသာစည်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၂) ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်မိုးက ပြောပါတယ်။

အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့်ရှိတယ်လို့ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့်လည်း လက် တွေ့မှာတော့ မဲစာရင်းမှာ မပါတာတွေ၊ ကိုယ့်နာမည် မဲစာရင်းမှာ ပါဖို့ အကြိမ်ကြိမ် အခါခါ ဆောင်ရွက်ရတာတွေ ရှိခဲ့ပါတယ်။ မဲစာရင်းမှာ အမည်ပါသွားပြန်တော့လည်း လွယ်ကူရိုးရှင်းတဲ့ မဲပေးနည်းစနစ်ကို မကျင့်သုံးဘဲ မဲပေးနည်းစနစ်တွေရဲ့ ရှုပ်ထွေးမှုတွေကြောင့် ပြည်သူလူထု ဟာ ပယ်မဲမဖြစ်စေရေး မျက်ကလူးဆန်ပြာ ဖြစ်နေရပြန်ပါတယ်။

“အဘတို့ဆိုရင် ရွေးကောက်ပွဲကို ကြုံတွေ့လာတာ ခဏတိုင်းရှိပြီ။ ဦးနုခေတ်က ရွေးကောက်ပွဲက မဲပေးရတာ အလွယ်ကူဆုံးပဲ။ ဘာဖြစ်လို့ လဲဆိုတော့ မဲပုံးတွေမှာ ဓာတ်ပုံတွေ ကပ်ပေးထားတယ်လေ။ ကိုယ်ပေးချင်တဲ့သူရဲ့ဓာတ်ပုံ ကပ်ထားတဲ့ ပုံးထဲကို ထည့်လိုက်ရုံပဲ။ သိပ်ကို ရှင်းတယ်။ အခု တံဆိပ်တုံးက ခက်တယ်။ နမူနာစမ်းတာတောင် လက်က တုန်နေတာ။ စမ်းသပ်ခွင့်မရတဲ့သူတွေ ဘယ်လိုလုပ်မလဲ” လို့ အောင်မြေသာဇံမြို့နယ်၊ မေဃဂီရိရပ်မှာ နေထိုင်တဲ့ အဘ ဦးသန်းအောင်က သူကြုံတွေ့ခဲ့တဲ့ ရွေးကောက်ပွဲအကြောင်း ပြောပြတယ်။

တံဆိပ်တုံးနှိပ်တဲ့အခါမှာ ဘယ်လိုမျိုးက ပယ်မဲဖြစ်စေနိုင်သလဲ။ ဘယ်လိုမျိုးက ခိုင်လုံမဲလဲဆိုတာကို မဲဆန္ဒရှင်တော်တော်များများ အခက် ကြုံနေရပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်ထဲမှာတော့ မည်သူ့အား ဆန္ဒပြုသည်ကို ဆုံးဖြတ်ရခက်ခဲသောမဲ၊ ဆန္ဒပြုရမည့် အကွက်ပြင်ပတွင် ဆန္ဒပြုထားသောမဲ။ တကြိမ်ထက် ပို၍ ဆန္ဒပြုထားသောမဲ (တံဆိပ်တုံးကို တကြိမ်ထက် ပို၍နှိပ်ထားသော မဲ)၊ လုံး၀ ဆန္ဒပြုမထားသော မဲ၊ မဲရုံမှူး လက်မှတ်မပါသော မဲ၊ အစွန်းအထင်းပါသော မဲနဲ့ အမှတ်အသားပြုထားသော မဲဆိုပြီး ဖော်ပြထားပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ တံဆိပ်တုံးကို နှစ်ခါ နှိပ်မိရင်၊ မင်တွေပြားနေရင် ပယ်မဲဖြစ်တယ်ဆိုတာကို ပိုပြီးစိုးရိမ်မှုတွေ ဖြစ်နေကြတယ် လို့လည်း မဲဆန္ဒရှင်ပညာပေး ဆောင်ရွက်နေတဲ့ မမေမီလွင်စိုးက ပြောတယ်။ ဒါကြောင့် ပညာပေးလုပ်ငန်းဆောင်ရွက်တဲ့အခါ ခိုင်လုံမဲ၊ ပယ် မဲတွေအကြောင်း အများကြီး မပြောတော့ဘဲ ကိုယ်ပေးချင်တဲ့ အကွက်ထဲမှာ ဝင်အောင်နှိပ်ဖို့နဲ့ တချက်တည်း နှိပ်ဖို့ကိုသာ ဦးစားပေးပြောဆို နေရတယ်လို့လည်း ဆိုပါတယ်။

မန္တလေးတိုင်းရွေးကောက်ပွဲ ကော်မရှင်အနေနဲ့လည်း တံဆိပ်တုံးစနစ်ကို ကိုယ်မဲပေးချင်တဲ့ အကွက်ထဲမှာ တခါပဲ နှိပ်ဖို့ကို သတိပေး ပြော ကြားခဲ့ပါတယ်။ အကွက်ထဲဝင်သွားတဲ့ အမှတ်တံဆိပ်ဟာ အတည့်မဖြစ်၊ စောင်းနေပေမယ့်လည်း ခိုင်လုံမဲဖြစ်တဲ့အတွက် မင်မထင်လို့ နောက် တချက် နှိပ်တာမျိုး မလုပ်ဖို့ကို ပြောကြားခဲ့ပါတယ်။

မဲပေးနည်းစနစ် ပညာပေး လိုက်လံဆောင်ရွက်နေတဲ့ ဖန်တီးအိမ် အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခင်လေးငယ်ကတော့ ပညာပေး ဆောင်ရွက် တဲ့အခါ အချို့က နားမလည်တာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မဲဆန္ဒရှင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် မဲစာရွက်တွေကို သုံး လေးခါ ခေါက်ချိုးပြီး မဲပုံးထဲထည့်တာတွေက ပယ်မဲဖြစ်သွားစေနိုင်တယ်လို့လည်း ဆိုပါတယ်။ “ခေါက်ချိုးပဲ ချိုးပါ။ မင်မခြောက်ခဲ့ရင် တဖက် ကို စွန်းသွားနိုင်တာရယ်၊ သုံးလေးခါ ခေါက်ပြီးမှ ထည့်ရင် အမှတ်အသားတခုခု လုပ်တယ်ဆိုပြီး ပယ်မဲလည်း လုပ်ပစ်နိုင်ပါတယ်” လို့ ပြောပါ တယ်။

မဲဆန္ဒရှင်တွေရဲ့ မဲပေးနည်းစနစ် မကျွမ်းကျင်မှုတွေကြောင့် ပယ်မဲ အများဆုံးဖြစ်နိုင်တဲ့ နေရာကတော့ ပထမဆုံးမဲ ပေးရမယ့် ပြည်သူ့လွှတ် တော် မဲပုံးလို့လည်း သိရပါတယ်။ “တချို့က မဲသုံးခါ ပေးရမယ်လို့တော့ သိထားတယ်။ တရွက်တည်းမှာ သုံးချက်နှိပ်လိုက်တာနဲ့ ပယ်မဲ ဖြစ် ရော၊ နောက်တချက်က အသက်ကြီးတဲ့သူတွေက အမြင် ဝေဝါးနိုင်တယ်။ သူတို့ကို ထုတ်ပေးလိုက်တဲ့ ဆန္ဒပြု မဲလက်မှတ်မှာ အစွန်းအထင်း ပါတာတို့၊ ပြဲနေတာတို့၊ အပ်ပေါက်ရာတို့ကို မြင်ချင်မှလည်း မြင်မှာပေါ့။ အဲဒါကလည်း စိုးရိမ်ရတယ်”လို့ မဲပေးနည်းစနစ် ပညာပေးလုပ်နေတဲ့ မနီလာမြက ပြောပါတယ်။

“ကျမက တံဆိပ်တုံးနဲ့တော့ ရင်းနှီးတယ်။ ဒါပေမယ့်လည်း အမှားမခံဘူးဆိုတဲ့ အသိက စိုးရိမ်စိတ် ဖြစ်စေတာပေါ့” လို့ ရုံးဝန်ထမ်းတဦးက ပြောပါတယ်။

တံဆိပ်တုံးဟာ အင်နဲ့အားနဲ့ထုတာမျိုး မလုပ်ဘဲ နှိပ်ရတာမျိုး ဖြစ်တာရယ်၊ အမှားမခံတဲ့ အနေအထားမျိုးပါ။ စမ်းသပ်မှု တခါလောက်တော့ ပြုလုပ်သင့်တာကြောင့် လာမယ့် အောက်တိုဘာ ၂၉ ရက်နေ့မှာ မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်က ကြီးမှူး ပြုလုပ်မယ့် မဲပေးနည်း ပညာပေး သရုပ်ပြပွဲကို အရောက်သွားပြီး တံဆိပ်တုံး စမ်းနှိပ်၊ မဲပေးကြည့်ကြပါလို့လည်း တိုက်တွန်းလိုက်ပါတယ်။

(သင်းသင်းသော်သည် မန္တလေးအခြေစိုက် အမျိုးသမီး သတင်းစာဆရာတဦးဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.