fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

လူနည်းစုလက်ထဲမှာသာ ရှိနေသေးတဲ့ မြန်မာ့ ဒီမိုကရေစီအပြောင်းအလဲ

ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ မှာတောင် ၅ နှစ် တကြိမ် အစိုးရသစ် တရပ်ကို တင်မြှောက်ရမယ် ဆိုတဲ့ အချက်ဟာ လိုက်နာဖို့ လိုအပ်တယ်လို့ ကျနော်တို့ အားလုံး နားလည် ထားကြတယ်။


Want create site? Find Free WordPress Themes and plugins.

လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲ ၂ ခုနဲ့ မတူဘဲ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားမှု ရှိမယ် ဆိုရင်တော့ ထွက်ပေါ်လာတဲ့ ရလဒ်ဟာ အာဏာရပါတီနဲ့ တပ်မတော် အပါအဝင် သက်ဆိုင်သူ အားလုံးကို အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူ အများစုရဲ့ ယေဘုယျအမြင်နဲ့ တော့ ဆန့်ကျင်ဘက် ဖြစ်ကောင်းဖြစ်နိုင် ပါတယ်။

စိုးရိမ်စရာ ရှိတာကတော့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်စိုးခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဟောင်းတွေ အဆက်ဆက်ရဲ့ စိတ်ချယုံကြည်နိုင်မှုပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်မှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ သူတို့ရဲ့ ဟန်ပြကြိုး ပမ်းမှုတွေဟာ စိတ်ပျက်စရာ ရလဒ်တွေနဲ့ပဲ အဆုံးသတ်ခဲ့ရ ပါတယ်။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့တဲ့ အချိန်ကစလို့ ၂၅ နှစ် အတွင်း မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလယ်မှာ ဂုဏ်ငယ်ခဲ ရသလို စီးပွားရေး ကိုလည်း များစွာ ထိခိုက်ခဲ့ပါတယ်။ တကယ်တော့ ဒီမတိုင်မီမှာကတည်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ မှားယွင်းတဲ့ စီးပွားရေး စီမံခန့်ခွဲမှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက် နေခဲ့ပြီ ဖြစ်ပါတယ်။

ဖြစ်ချင်တော့ ပြီးခဲ့တဲ့ ၄ နှစ် အတွင်း နိုင်ငံ တကာရဲ့ ချီးကျူးမှုကို ရရှိစေပြီး အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပယ်ပျက်စေခဲ့တဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး တွေကို လုပ်ဆောင် ခဲ့သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ မသမာတဲ့ နည်းလမ်းတွေနဲ့ အနိုင်ရလာတယ် လို့ အများက မှတ်ယူခြင်း ခံရတဲ့သူတွေပဲ ဖြစ်နေပါ တယ်။ ဒီ ခေါင်းဆောင်တွေဟာ သူတို့ကိုယ် သူတို့ ပြည်သူတွေရဲ့ ရွေးကောက် တင်မြောက်ခြင်း ခံရသူ အဖြစ် ပြောဆို နေကြပြီး အဲဒီလို ပြောဆိုနေမှုဟာ လက်ခံနိုင်ဖွယ် ရှိသည် ဖြစ်စေ၊ လက်ခံနိုင်ဖွယ် မရှိသည် ဖြစ်စေ လက်ရှိ အချိန်မှာ တော့ သူတို့ဟာ မြန်မာနိုင်ငံရဲ့ နောက်လာမယ့် ပြုပြင်ပြောင်းလဲရေး စမ်းသပ်မှုမှာ အဓိက ပါဝင်သူတွေ ဖြစ်နေပြန် ပါတယ်။

လက်ရှိမှာ ရပ်တန့်နေပြီ ဒါမှမဟုတ် နောက်တောင် ပြန်လှည့်နေပြီ လို့ အများက ရှုမြင်နေကြတဲ့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်နိုင်ဖို့ အတွက် အခြေခံအားဖြင့် အချက် ၃ ချက် လိုအပ်ပါတယ်။ ပထမ အချက် အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်း ကလို မဲလိမ်တာတွေ၊ မသမာမှုတွေ မဖြစ်စေရဘူး။ ဒုတိယအချက် အနေနဲ့ ၁၉၉၀ တုန်းကလို ရွေး ကောက် ပွဲရလဒ်ကို အသိအမှတ် မပြုတာမျိုး မလုပ်ဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လေးစားမှု ရှိရမယ်။ နောက်ဆုံး အချက်အနေနဲ့ ကတော့ တပ်မတော်အနေနဲ့ ရွေးကောက်ပွဲမှာ ဖြစ်စေ၊ ရွေးကောက်ပွဲရလဒ်ကို ဖြစ်စေ ဝင်ရောက်စွက်ဖက် တာမျိုး မလုပ်ဖို့ ပါ။

လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုကို မကျင်းပနိုင်ဘူး ဆိုရင်တော့ ဒါဟာ ပြည်သူတွေက အုပ်ချုပ်တဲ့၊ ပြည်သူတွေ အတွက် အုပ်ချုပ်တဲ့ စနစ်တခု မြန်မာနိုင်ငံမှာ ပေါ်ထွန်းစေဖို့ ဆယ်စုနှစ်များစွာ စောင့်စားလာခဲ့တဲ့ ပြည်တွင်းရော ပြည်ပမှာ ပါရှိတဲ့ သန်းပေါင်းများစွာသော မြန်မာနိုင်ငံသားတွေရဲ့ မျှော်လင့်ချက်တွေကို ကြီးမားတဲ့ ထိုးနှက်မှု တခုပဲ ဖြစ်ပါလိမ့်မယ်။

ဒီတော့ မေးခွန်းတခု ထွက်လာပါတယ်။ အရင်တုန်းကလို မဖြစ်စေဖို့ ဘယ်သူတွေမှာ တာဝန်ရှိပါ သလဲ။ ယေဘုယျ အားဖြင့်တော့ လူတိုင်းမှာ တာဝန် ရှိပါတယ်။ မဲဆန္ဒရှင်တွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေ ကစလို့ မီဒီယာတွေနဲ့ အတိုက်အခံ နိုင်ငံရေး ပါတီတွေ အပြင် အာဏာလက်ရှိ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဒီရွေးကောက်ပွဲနဲ့ တိုက်ရိုက် ပတ်သက်နေပြီး ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်ဖို့ တာဝန်ရှိ ပါတယ်။

ပိုပြီး တိတိကျကျ ပြောမယ် ဆိုရင်တော့ ဒီရွေး ကောက်ပွဲမှာ အခြားသူတွေထက် ပိုပြီး တာဝန်ရှိတဲ့ သူတွေ ရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြီး ၄ နှစ် ကြာချိန်မှာ သူရဲ့ နိုင်ငံရေး ကတိကဝတ် ပြုမှုကို မေးခွန်းထုတ်ခြင်း ခံနေရတဲ့ လက်ရှိအစိုးရ၊ လာမယ့် နိုဝင်ဘာမှာ ဘက်လိုက်မှု ရှိ မရှိကို လက်တွေ့ အစမ်းသပ်ခံရတော့မယ့် အစိုးရစိတ်ကြိုက် ရွေးချယ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်၊ ၂၀၁၀ ရွေးကောက်ပွဲမှာ မသမာမှုတွေနဲ့ အနိုင်ရလာတယ် လို့ ယူဆခြင်း ခံရတဲ့ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနဲ့ အရေးပေါ် အခြေအနေလို့ သတ်မှတ်ခြင်း ခံရတဲ့ အခြေ အနေတွေမှာ အာဏာသိမ်းယူဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ တပ်မတော်တို့ပဲ ဖြစ်ပါတယ်။

ဒီ အဖွဲ့အစည်းတွေ ထဲမှာ ရွေးကောက်ပွဲ ရလဒ်အပေါ် အများကြီး လွှမ်းမိုးနိုင်မှု ရှိနိုင်တဲ့သူ အနည်းငယ် ရှိနေပြီး သူတို့တွေ အားလုံးဟာ ယခင်စစ်အစိုးရရဲ့ အဖွဲ့ဝင်ဟောင်းတွေ ဖြစ်ပါတယ်။ သူတို့တွေ ကတော့ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီခေါင်း ဆောင်တွေက ရွေးကောက်ပွဲ ယုံကြည်စိတ်ချနိုင်မှု ရှိရေး အာမခံမယ် ဆိုရင်တော့ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်နိုင်ပါလိမ့် မယ်။

သူတို့ အနေနဲ့ ဘာအကြောင်းကြောင့်နဲ့မှ ရွေးကောက်ပွဲကို ထိခိုက်အောင် မလုပ်သင့်ပါဘူး။ တကယ်တော့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ၅ နှစ်တကြိမ် အစိုးရသစ် တရပ်ကို တင်မြှောက်ရမယ် ဆိုတဲ့ အချက်ဟာ လိုက်နာဖို့ လိုအပ်တယ်လို့ ကျနော်တို့အားလုံး သဘောတူထားတဲ့ ပြဋ္ဌာန်းချက်ပဲ ဖြစ်ပါတယ်။

အများစု စိုးရိမ်တဲ့ ကိစ္စကတော့ တပ်မတော်ဟာ ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှာ ဒါမှမဟုတ် အတိုက်အခံ ပါတီတွေက မဲအများစုကို အနိုင်ရခဲ့ရင် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုဘဲ နေမှာကို ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ မကြာသေးမီက BBC နဲ့ အင်တာဗျူးတခုမှာ ရွေးကောက်ပွဲ၌ ရလဒ်ကို လေးစားပါမယ် လို့ ပြောခဲ့ပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင် ပေးခဲ့တဲ့ ကတိကို ပြည်သူတွေ အမှတ်ရ နေဦးမှာ ဖြစ်ပါတယ်။  ၁၉၈၈ ခုနှစ်မှာ ဦးနေဝင်း အစိုးရဆီက အာဏာလွှဲယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့သူ ဘယ်သူကို မဆို အာဏာလွှဲပြောင်း ပေးမယ် လို့ တရားဝင် ကတိပေးခဲ့ပါတယ်။

အဲဒီနောက် မေလ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရပြီး နောက်မှာတော့ အခြေအနေတွေ ပြောင်းသွားပါတယ်။ တနှစ်အတွင်းမှာပဲ ဗိုလ်ချုပ်မှူးကြီးစောမောင်ဟာ သူ့ရဲ့ လက်အောက်အရာရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က အနားပေးခြင်းကို ခံခဲ့ရတယ်။

အာဏာ လွှဲပေးမယ် လို့ ကတိပေးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင် ကွယ်လွန်သွားခဲ့တယ်။ သူ့ ကတိကို ဘယ်တုန်းကမှ အကောင်အထည် ဖော်ပေးခဲ့ခြင်း မရှိခဲ့ပါဘူး။

ဗိုလ်ချုပ်မှူးကြီး စောမောင် စစ်အာဏာသိမ်း အစိုးရရဲ့ ဥက္ကဋ္ဌရာထူးကနေ တရားဝင်ဖယ်ရှားခြင်း ခံခဲ့ရတဲ့နေ့မှာပဲ သူ့နေရာကို ဆက်ခဲ့တဲ့ ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက နိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတရပ်ကို ရေးဆွဲဖို့ အမျိုးသားညီလာခံ တရပ်ကို ကျင်းပမှာ ဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ စစ်အာဏာသိမ်း အစိုးရက ၁၉၉၀ ရွေးကောက်ပွဲဟာ နိုင်တဲ့သူကို အာဏာလွှဲပေးဖို့ အတွက် မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့ အတွက် ကျင်းပခဲ့တာလို့ ဆင်ခြေပေးခဲ့ပါတယ်။ တကယ်တော့ ရှင်းရှင်းပြောရရင် ဒါဟာ လိမ်တာပါပဲ။

အဲဒီလို ဖြစ်ခဲ့တာ ၂၅ နှစ်ကြာခဲ့ပြီ ဆိုပေမယ့်လည်း မြန်မာမဲဆန္ဒရှင်တွေ ကတော့ ဒီဖြစ်ရပ်ကို အမှတ်ရနေကြဆဲ ဖြစ်ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲ ပြီးချိန်မှာလည်း ဒီလိုအဖြစ်မျိုး နောက်တကြိမ် ကြုံရဦးမလား ဆိုပြီး စိုးရိမ်ပူပန်နေကြ ပါတယ်။

မြန်မာနိုင်ငံဟာ စစ်အုပ်ချုပ်ရေး အောက်မှာ အချိန်ကြာမြင့်စွာ နေခဲ့ရဖူးတယ် ဆိုတဲ့ အချက်ကို ကြည့်မယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း သမ္မတဖြစ်ဖို့ ရည်ရွယ်ချက်များ ရှိသလား ဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါ တယ်။ ဖိနှိပ်မှုတွေနဲ့ အုပ်ချုပ်ခဲ့ဖူးတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တယောက်အနေနဲ့ လူတွေက ဆိုးဆိုးရွားရွား အယုံအကြည် မရှိပါဘူး။ ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ ဘယ်အရပ်သား အမည်ခံ အစိုးရကို မဆို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ဆုတ်ယုတ်မှုကြီး တခုလို့ပဲ သတ်မှတ်ကြမှာ ဖြစ်ပါတယ်။ သူသာ သမ္မတ ဖြစ်လာမယ် ဆိုရင်တော့ မြန်မာနိုင်ငံမှာ လုံးဝ လိုအပ်နေတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို ထိခိုက် နိုင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံသား အများစုဟာ ယခင်ကရော၊ လက်ရှိ အချိန်ထိရော တပ်မတော်နဲ့ အထူးသဖြင့် တပ်မတော် ခေါင်းဆောင်တွေကို ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက်တွေ အဖြစ် ထင်မြင်သတ်မှတ်ထားလို့ပါပဲ။ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အထူး လုပ်ပိုင်ခွင့်အာဏာ အမြောက်အမြားကို ချုပ်ကိုင်ရယူထားတဲ့ အချိန်မှာ သမ္မတ ရာထူးပါ ရယူဖို့ ကြိုးပမ်းမှုဟာ အလွန့်အလွန် လောဘကြီးတဲ့ လုပ်ရပ်တခု ဖြစ်နေပါလိမ့်မယ်။

ဒီလို သမ္မတလုပ်မယ် မလုပ်ဘူး ဆိုတာ ဆုံးဖြတ်ချက်ချမယ့် အာဏာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ဒါမှမဟုတ် လက်ရှိအချိန်ထိ အစိုးရ၊ တပ်မတော်နဲ့ အာဏာရပါတီတို့ အပေါ် ဩဇာလွှမ်းမိုးမှုတွေ ရှိနေသေးတယ် လို့ ထင်ကြေးပေးခြင်း ခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ လက်ထဲမှာ ရှိနေနိုင်ပါတယ်။ လက်ရှိ အချိန်မှာတော့ မီဒီယာတွေနဲ့ အင်တာဗျုးတွေမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ သမ္မတရာထူးကို ရယူဖို့ ကြိုးပမ်းမှာ မဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုထားခြင်းတော့ မရှိသေးပါဘူး။ ဒါဟာသူ့ အနေနဲ့ သမ္မတရာထူးကို ရယူဖို့ စဉ်းစားနေတယ် ဆိုတဲ့အချက်ကို ညွှန်ပြနေပါတယ်။

တချိန်တည်းမှာပဲ အတိုက်အခံ ပါတီတွေ အနေနဲ့လည်း ရွေးကောက်ပွဲကို နိုင်သူ အကုန်ယူစတမ်း အခြေအနေ တခုအဖြစ် မရှုမြင်သင့် ပါဘူး။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်၊ တရားမျှတပြီး အတိုက်အခံ ပါတီတွေက မဲအများစုကို အနိုင်ရမယ် ဆိုရင် သူတို့အနေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ရန်သူလို သဘောထားပြီး မဆက်ဆံမိအောင် ပါးနပ်ဖို့ လိုပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ တမူထူးခြားပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မည်သူနိုင်သည် ဖြစ်စေ၊ အနိုင်ရတဲ့သူဟာ အလုပ်ဖြစ်တဲ့ အစိုးရတရပ်ကို ဖွဲ့ဖို့ ဆိုရင်တော့ သက်ဆိုင်သူ အားလုံးကို ပါဝင်စေဖို့ လိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံရဲ့ ပြဿနာများစွာ အတွက် တာဝန် ရှိသူတွေ ဖြစ်တဲ့ လက်ရှိအစိုးရ အဖွဲ့ဝင်တွေ မပါမဖြစ် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှာ အာဏာ ချိန်ခွင်လျှာ အရွေ့အပြောင်းတွေ ဖြစ်မလား ဆိုတာကတော့ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဦးတင်အေးနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီထိပ်ပိုင်း ခေါင်းဆောင်များ ဆိုတဲ့ လူအနည်းငယ် အပေါ်မှာသာ များစွာမူတည် နေပါတယ်။ သူတို့ အကုန်လုံးက လာမယ့် ရွေးကောက်ပွဲကို သူတို့ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် လုပ်မယ်လို့ ကတိကဝတ် ပြုထားကြပါတယ်။ ကျနော်တို့ တတ်နိုင်တာ ကတော့ မြန်မာနိုင်ငံရဲ့ မကောင်းခဲ့တဲ့ ရွေးကောက်ပွဲ သမိုင်းအစဉ်အလာကို လာမယ့် နိုဝင်ဘာလမှာ အဆုံး သတ်နိုင်မယ်လို့ မျှော်လင့်ဖို့ ပါပဲ။  ။

Did you find apk for android? You can find new Free Android Games and apps.