fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

အနီတွေလွှမ်းနေတဲ့ ဒီပဲယင်း

ပါတီကြီး ၂ခုက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ဦးစလုံးက ဒီပဲယင်း ဒေသခံတွေဖြစ်ပြီး အရင် မဆလ ခေတ် လက်ထက်ကတည်းက ဆန်စက်ပိုင်ရှင် လုပ်ငန်းတူတွေလည်းဖြစ်၊ အကြောင်းသိ သူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။


Want create site? Find Free WordPress Themes and plugins.

သမိုင်းကြောင်း နောက်ခံနဲ့ နာမည်ကြီးခဲ့တဲ့ အရေးအခင်းမြို့ ဒီပဲယင်းမှာ ရွေးကောက်ပွဲ မဲပေးရက်နီးလာတာနဲ့အမျှ ပါတီကြီးနှစ်ခုက လွှတ်တော် ကိုယ်စားလှယ် ၂ ဦးအပေါ်ထားတဲ့ လူထုထောက်ခံမှု အသံတွေက မဲဆွယ်ပွဲတွေမှာ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာကနေ ပါတီ ၅ ပါတီက ယှဉ်ပြိုင်ကြမှာဆိုပေမယ့် အဓိက ပါတီကြီး ၂ ခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေးပါတီ) တို့ကသာ မဲဆွယ် စည်းရုံးမှုတွေ အပြိုင်အဆိုင်လုပ်ကြသလို ဒေသခံလူထုကလည်း ဒီပါတီ ၂ ခုအပေါ်မှာပဲ အပြိုင်အဆိုင် ရှိနေကြပါတယ်။

ပါတီကြီး ၂ခုက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၂ဦးစလုံးက ဒီပဲယင်း ဒေသခံတွေဖြစ်ပြီး အရင် မဆလ ခေတ် လက် ထက်ကတည်းက ဆန်စက်ပိုင်ရှင် လုပ်ငန်းတူတွေလည်းဖြစ်၊ အကြောင်းသိ သူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။

အခုချိန်မှာတော့ သူငယ်ချင်း ၂ယောက်က ဆန့်ကျင်ဘက်တွေအဖြစ် ရပ်တည်ပြီး ဒီပဲယင်းကို ဘယ်သူလွှမ်းမိုးမလဲဆိုတဲ့ အတွေးနဲ့ ပါတီ ၂ ခုကိုယ်စား နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမှာပါ။

တယောက်က ၈၈ အရေးအခင်း နောက်ပိုင်းကစလို့ နိုင်ငံရေး လောကထဲကိုဝင်ပြီး အတိုက်အခံပါတီ NLD ရဲ့ ၁၉၉၀ ရွေးကောက်ပွဲအရွေးချယ်ခံ ကိုယ်စားလှယ်လည်း ဖြစ်ခဲ့သူ၊ ၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးအခင်းမှာလည်း ကြိုတင် အထိန်းသိမ်းခံ ထောင်ကျခံရသူ ဖြစ်ပြီး ယနေ့အထိ အတိုက်အခံ စိတ်ဓာတ်နဲ့ ဖြတ်သန်းနေတဲ့ ကိုယ်စားလှယ်လောင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်ရွာသား ဦးဝင်းမြင့်အောင်ပါ။

နောက်တယောက်က လက်ရှိအာဏရ ကြံ့ခိုင်ရေး ပါတီကနေ ဝင်ရောင်ယှဉ်ပြိုင်မယ့် ယခင် ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဟောင်းလည်းဖြစ်၊ ယခုစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လည်းဖြစ်တဲ့ ဒီပဲယင်းမြို့နယ် ပေါင်းတော်မူရွာသား ဦးဝင်းမြင့်ပါ။

အရေးအခင်းနယ်ရဲ့ လူထုထောက်ခံမှုအခြေအနေက အတိုက်အခံစိတ်ဓာတ် အမြစ်တွယ်နေသလား ပြောရလောက်အောင် အတိုက် အခံပါတီကို ထောက်ခံအားပေးသူတွေက များနေသလို ငွေကြေးမြောက်မြားစွာ သုံးစွဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ အလှူအတန်းတွေ လုပ်နေတဲ့ ဝန်ကြီး ဦးဝင်းမြင့်ရဲ့ ကြံ့ခိုင်ရေး ပါတီ ဘက်မှာလည်း ထောက်ခံတဲ့ လူတွေက ရှိနေပါတယ်။

ဒါပေမယ့် ဒီလိုအခြေအနေမှာ တမြို့နယ်လုံးလူထု ထောက်ခံမှုဟာ အနီတွေက ပိုလွှမ်းပါတယ်လို့ ဒီပဲယင်းမြို့နယ်မှာပဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား တိုးတက်ရေး ပါတီ ကိုယ်စားလှယ်လောင်း ဦးဝင်းအောင်က ပြော ပါတယ်။

ဦးဝင်းအောင်က “လွှမ်းမိုးတာကတော့ အနီပေါ့ဗျာ။ အနီဆိုတဲ့ဟာက တော်တော်လွှမ်းမိုးတယ်။ ကျနော်တို့ကတော့ ဒါကိုလည်း နဂို ကတည်းက သိပြီးသား၊ ဒီပဲယင်းဆိုကတည်းက သမိုင်းကြောင်းကလည်း ရှိတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အင်အားများတယ်။

ကျန်တာကတော့ လက်ရှိ အာဏာရ ပါတီလည်းဖြစ် လက်ရှိဝန်ကြီးလည်း ဖြစ်တဲ့ ပါတီက ဒုတိယလို့ ခေါ်ရမှာပေါ့”လို့ ပြောပါတယ်။

အမျိုးသား တိုးတက်ရေး ပါတီ နည်းတူ အခြားဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီ ၂ခုဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတွေကလည်း လှုပ်ရှားမှု မရှိသလောက်ပါဘဲ လို့လည်း ဦးဝင်းအောင်က ပြောပါသေးတယ်။

ဒီပဲယင်းမြို့ဟာ ဝန်ထမ်းမြို့လေး ဖြစ်တာကြောင့် မြို့ပေါ်လူထု မဲထောက်ခံမှုမှာ လက်ရှိအာဏာရ ကြံ့ခိုင်ရေး ပါတီက မဲပိုမိုရရှိဖို့များနေပြီး မြို့နယ်တွင်း ကျေးရွာတွေက NLD ရဲ့ အဓိက အားထားရမယ့် မဲတွေပါလို့ NLD ဘက်က ထောက်ခံသူတွေက ပြောဆိုနေတာ လည်း ရှိပါတယ်။

ဒါပေမယ့် NLD ရဲ့ဒီပဲယင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်အောင် ကတော့ ဝန်ထမ်း မဲကို ထည့်မတွက်ထား ဘူး လို့ ပြောပါတယ်။

ဦးဝင်းမြင့်အောင်က “ဒီပဲယင်းက ဝန်ထမ်းမြို့ဆိုပေမယ့် ဝန်ထမ်းက လူ ၁၀၀ မှာ ဘယ်နှယောက် ရှိနိုင်မလဲပေါ့။ တမြို့နယ်လုံးမှာ ဝန်ထမ်းရဲ့ အင်အားက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိမယ်ထင်တယ်။ ဝန်ထမ်းတွေ ရှိတဲ့အင်အားစုမှာ လူ ၁၀၀၀၀ လောက်ရှိလို့ ၃၀၀၀ လောက် ရချင်လည်း ရပေါ့။ ရှုံးရင် ရှုံးပါစေဆိုပြီး တွက်လိုက်တယ်။ ပြည်သူပဲ အဓိကပဲလေ။ အများစုက ကျနော်တို့က တောင်သူ လယ်သမားတွေ။ ပြည်သူအတွက်က လက်ရှိအနေအထားမှာတော့ ကျေနပ်ပါတယ်”လို့ ဆိုပါတယ်။

မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက စာရင်းတွေအရဆိုရင် ဒီပဲယင်းမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်းဟာ ၁ သိန်း ၁ သောင်း ကျော် ရှိပြီး မြို့ပေါ်လူဦးရေက အနည်းငယ်သာ ရှိတဲ့အတွက် စိုးရိမ်စရာမရှိတဲ့ အခြေအနေပါ။

ကိုယ်စားလှယ် ၂ ဦးအတွက် မဲရရှိနိုင်မှုအခြေအနေကိုတော့ မြို့မိမြို့ဖလည်းဖြစ် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့အတွင်းရေးမှုး လည်း ဖြစ်တဲ့ ဦးကျော်စိုးက “မြို့ပေါ်အခြေအနေ ခန့်မှန်းမိသလောက်က အခုချိန်ထိ ကိုယ်မသာ သူမသာပဲ။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ယောက်က သူငယ်ချင်းတွေဆိုတော့ စည်းရုံးရေးအားက ဒီမှာ ဦးဝင်းမြင့်အောင်က နယ်ခံဖြစ်တယ်။ ဝန်ကြီး ဦးဝင်းမြင့် ကျတော့ နယ်ခံဆိုပေမယ့် အဝေးကနေ လာပြီးလှုပ်ရှားရတဲ့သူ။ ဦးဝင်းမြင့်အောင်က နယ်ခံဖြစ်တာရယ်၊ ဦးဝင်းမြင့် က ဒေသဖွံ့ဖြိုးရေးတွေ လုပ်ခဲ့တာရယ် သူတို့ ၂ခု ယှဉ်လိုက်တဲ့အခါကျ မဲအခြေအနေက တဝက်စီလောက် ဖြစ်နေတယ်။ လူထုအသံ ကတော့ စည်းရုံးရေး ခရီးစဉ်တွေတိုင်းမှာ NLD ကပိုများပါတယ်။ လူထုအားပေးမှုပေါ့။ ကျနော်တို့ မြင်ရသလောက် အပြောင်းအလဲ တခု ဖြစ်ဖို့ရာဆိုရင်တော့ NLD နိုင်မှဖြစ်မှာပါ”လို့ ပြောပါတ

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်ခဲ့တဲ့နေရာက ရွာလေးဖြစ်တဲ့ သာစည်ရွာ(အရေးအခင်း မတိုင်ခင်အခေါ် ဘုရားထွက်ရွာ) က NLD ကိုမဲပေးမယ့် ဦးမြင့်ဝင်းကလည်း“အခု စိတ်ထဲမှာ သဘောကျလောက်အောင် မပြောင်းလဲဘူး။ ဒါကြောင့် ပြောင်းလဲချင်လို့ NLD ကို မဲပေးတာပေါ့။ ဒီထက်ပြောင်းလဲလာရင် ပိုကောင်းမယ်လို့ ယုံကြည်တယ်ပေါ့။ အခြားပါတီတွေက ရွာကိုမလာဘူး။ အခု အထင် က တော့ NLD ပါတီက ဦးဝင်းမြင့်အောင်ပဲ နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ သူ့အပေါ်တော့ ယုံတာက လူပြောင်း၊ စနစ်ပြောင်း ပေါ့။ သူ ကိုယ် တိုင်လည်း ဒီဒေသကလည်းဖြစ် ပြောင်းလဲချင်တဲ့သူလည်းဖြစ်တော့ လွှတ်တော်ထဲရောက်ရင် ပြောင်းလဲမယ်ဆိုတဲ့ ယုံကြည်မှုလေးရှိတယ်”လို့ ပြောပြပါတယ်။

၂၀၀၃ ခုနှစ် မေလ ၃၀ ရက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ဒီပဲယင်း မှာ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ပြုလုပ်သူတွေဟာ ယခင် စစ်အစိုးရနဲ့ ကြံ့ခိုင်ရေး ရဲ့ လက်ကိုင်တုတ် လူမိုက်တွေ ဖြစ် တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အစိုးရကတော့ NLD ကို မလိုလားတဲ့ လူစုလူဝေးလို့ သတင်း ထုတ်ပြန် ခဲ့ပါတယ်။

ဒီလို သမိုင်းကြောင်းရှိတဲ့ ဒီပဲယင်း မြို့နယ်အတွင်း လူထု ထောက်ခံမှုက NLD ဘက်က ပိုမိုများနေတယ်လို့ သုံးသပ်နေတဲ့ အချိန်မှာပဲ တဖက်က အာဏရပါတီ အနေနဲ့ကလည်း မဲရရှိမယ့်အခြေအနေနဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့်ရှိနေတယ်လို့ ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က“ဒီနယ်မြေမှာပြိုင်ရတာနဲ့ ပတ်သက်ပြီး ယုံကြည်မှု အပြည့်အ၀ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော် ပြည်သူ့ဝန်ကြီး ဖြစ်လို့ပါပဲ။ ကျနော်က လယ်သမားကနေပြီး ဝန်ကြီးလည်း ဖြစ်လာတယ်။ ဒီဒေသသားလည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ ကျနော် ပြည်သူ့မေတ္တာပဲ လိုချင်တာပါ။ မဲကတော့ သူကြိုက်တဲ့ဆီ ပေးပါစေ။ ပြဿနာမရှိပါဘူူး”လို့ ဆိုပါတယ်။

ဝန်ကြီး က သူ့ဒေသမှာ အသုံးစရိတ်သုံးစွဲမှုတွေနဲ့ ပတ်သက်ပြီး ကျပ် သိန်းပေါင်း ၁သောင်းကျော် အထိ သုံးထားတဲ့သူလည်းဖြစ်ပြီး အလှူအတန်း ပေးကမ်းမှုတွေလည်း လုပ်တာကြောင့် သူ့ကိုယ်သူ ယုံကြည်မှု ရှိနေတဲ့ သဘောရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သမိုင်းနောက်ခံရှိတဲ့ အရေးအခင်းဒေသ ဒီပဲယင်းမှာတော့ အနီတွေလွှမ်းတာ အမှန်ပါပဲ။ ဘုတလင်မြို့နယ်ကို ကျော်ပြီ ဆိုတာနဲ့ ဒီပဲယင်းနယ်ထဲဝင်တဲ့ လမ်းတလျှောက် ရွာတွေမှာ၊ ဖြတ်သန်းသွားတဲ့ ကားတွေဆိုင်ကယ်တွေမှာ အနီတွေက သတိပြု မိလောက်အောင်ကို လွှမ်းနေပါတယ်။

ဒီပဲယင်းနယ် ကားလမ်းမဘေး တလျှောက်ရွာတွေမှာ ဒေသခံတွေပြောတဲ့ စကားတခွန်းရှိပါတယ်။

အဲ့ဒါကတော့ “ဘယ်ပါတီ နိုင်မယ်၊ မနိုင်မယ်၊ အနီလား၊ အစိမ်းလား ဆိုတာ မေးစရာမလိုပါဘူး၊ တွေ့တဲ့ ဆိုင်ကယ်တွေ၊ ကားတွေကိုသာ ကြည့်လိုက်ပါ” တဲ့။   ။

Did you find apk for android? You can find new Free Android Games and apps.