fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

အမြင်အာရုံ ချို့တဲ့သူများ လက်လှမ်းမမီသေးသည့် ရွေးကောက်ပွဲ သတင်းအချက်အလက်များ

ကျောင်းသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး မဲဆွယ် စည်းရုံးရန် ရောက်ရှိလာခဲ့မည် ဆိုပါက “သူ့ပြော စကားပေါ် မူတည်ပြီး သင့်လျော်တယ်၊ မသင့်လျော်ဘူးဆိုတာ စဉ်းစားမယ်” ဟု ကျောင်းတွင် နေထိုင်သည့် မဲဆန္ဒရှင်တဦးက ပြောသည်။


Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံရေးပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များသို့ လိုက်လံမဲဆွယ် စည်းရုံး ဟောပြောမှုများ လုပ်ဆောင်လျက် ရှိသော်လည်း ထိုသို့ဟောပြောသည့် မဲဆွယ် စည်းရုံးရေး တရားများကို နားထောင်လိုသူ၊ ယင်းကိုယ်စားလှယ်လောင်းများ လာရောက်မဲဆွယ်ပေးရန် အလိုရှိသူများ ကျန်ရှိနေပါသည်။

ဥပမာအားဖြင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၁) တွင် ရှိသည့် ပြင်ဦးလွင် ပရဟိတ မျက်မမြင် ဘက်စုံ ပညာသင်ကျောင်းမှ အမြင်အာရုံ ချို့တဲ့သူ မဲဆန္ဒရှင်များ ဖြစ်သည်။

လူ ၆ ဦးခန့်သာ ထိုင်နိုင်သည့် ကျောင်းခန်းငယ်လေးအတွင်းက ထိုင်ခုံတခုတွင် အနီရောင် တီရှပ် လက်တိုနှင့် လက်နှစ်ဖက် သေချာပိုက်ကာ ခပ်မတ်မတ် ထိုင်နေသည့် မောင်အိုက်လူမှာ သူ့ရှေ့က ဆရာကို မမြင်ရသော်လည်း သူ့၏ ဟန်ပန်ပုံစံက ရိုသေလေးစားမှု အပြည့်နှင့် ဖြစ်သည်။

“ကျနော် စိတ်ကူးထားတာကတော့ ဦးသိန်းစိန်ပဲ” ဟု မောင်အိုက်လူက ကြားနိုင်ရုံ လေသံဖြင့် ပြောသည်။

အသက် ၂၀ အရွယ် ပလောင် တိုင်းရင်းသား မောင်အိုက်လူသည် လွန်ခဲ့သည့် ၉ နှစ်ခန့်က ရှမ်းပြည်နယ်၊ မြောက်ပိုင်း နမ့်ဆန် ဒေသ ဟိုးနက်ရွာလေးမှ ပြင်ဦးလွင် ပရဟိတ မျက်မမြင် ဘက်စုံပညာသင်ကျောင်းသို့ ရောက်ရှိလာခဲ့ပြီး ၂၀၁၅ နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သူ့အနေဖြင့် ဘဝတွင် ပထမဆုံး မဲပေးခွင့်ရမည့် First Voter ဖြစ်သည်။

အသက် ၂ နှစ် အရွယ်ခန့်က ဆေးမှား၍ အမြင်အာရုံကွယ်ခဲ့ရသည့် မောင်အိုက်လူသည် ပြင်ဦးလွင် မျက်မမြင်ကျောင်းတွင် အတန်း ပညာ ၃ တန်း အထိ တက်ရောက်ခဲ့ပြီး လက်ရှိတွင် လက်နှိပ် အကြောပြင် ပညာသင်နေသည့် ကျောင်းသားတဦး ဖြစ်သည်။ သူသည် သမ္မတ ဦးသိန်းစိန်၏ လစဉ် ရေဒီယို မိန့်ခွန်းများကို ပုံမှန် နားဆင်သူ တဦးလည်း ဖြစ်သည်။

သို့သော် သူနားထောင်ခဲ့ရသမျှ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းများတွင် သူတို့လို အမြင်အာရုံ အားနည်းသူများနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုငည့် အကြောင်းအရာကိုမူ မကြားမိခဲ့ကြောင်း ဆိုသည်။

၂၁ ရာစု သတင်း အချက်အလက်ခေတ်တွင် အဆက်အသွယ်ပြတ်နေသည့် ကွန်ရက်ငယ် တခုထဲမှ မောင်အိုက်လူ ကဲ့သို့သော သူများအတွက် ရေဒီယို တခုတည်းကသာ ရွေးကောက်ပွဲကို ရင်းနှီးခွင့်ရသည့် အတွက် ပုံမှန် လူတယောက်ကဲ့သို့ သတင်းအချက်အလက်များစွာ ၎င်းတို့ထံ ရောက်ရှိလာမည်ဆိုပါက ယခုထက် ရွေးချယ်ခွင့် ပိုများလာနိုင်မည်ဟု မျှော်လင့်ထားကြသည်။

မောင်အိုက်လူ အပါအဝင် အမြင်အာရုံ ချို့တဲ့သူ မဲဆန္ဒရှင်များမှာ မဲပေးရန်အတွက် အမည်၊ မှတ်ပုံတင်နံပါတ် မှန်ကန်ရမည် ဆိုသည့် အကြောင်းအရာထက် ပိုသော သတင်းအချက်အလက်များလည်း အလိုရှိနေကြသည်။

အကယ်၍ ၎င်းတို့၏ ကျောင်းသို့ လွှတ်တော် ကိုယ်စားလှယ်လောင်းတဦး မဲဆွယ် စည်းရုံးရန် ရောက်ရှိလာခဲ့မည် ဆိုပါက “သူ့ပြော စကားပေါ် မူတည်ပြီး သင့်လျော်တယ်၊ မသင့်လျော်ဘူးဆိုတာ စဉ်းစားမယ်” ဟု ကျောင်းတွင် နေထိုင်သည့် မဲဆန္ဒရှင်တဦးက ပြောသည်။

လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲ စတင် ကျင်းပသည့် နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူ မဟုတ်သည့်အပြင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့် ရှိသူတိုင်းသည် မဲပေးပိုင်ခွင့်ရှိသည်ဟု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၉) တွင် ပြဌာန်းထားသည်။ ယင်းပြဋ္ဌာန်းချက်အရ မဲပေးပိုင်ခွင့် ရှိသူများတွင် အမြင်အာရုံ ချို့တဲ့သူများလည်း ပါဝင်မည် ဖြစ်သည်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ဒသမ ၆ ရာခိုင်နှုန်းသည် မသန်စွမ်းများဖြစ်ရာ ၎င်းတို့အနက် အမြင်အာရုံ အားနည်းသူဦးရေသည် ၅၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မျက်မမြင် ဘက်စုံ ပညာသင်ကျောင်း ၈ ခု ရှိရာ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၁၁) ရှိ ပြင်ဦးလွင် ပရဟိတ မျက်မမြင် ဘက်စုံ ပညာသင်ကျောင်းသည် အစိုးရ အသိအမှတ်ပြုသည့် ကျောင်းတခု ဖြစ်သည်။

ပြင်ဦးလွင် ပရဟိတ မျက်မမြင် ဘက်စုံပညာသင်ကျောင်းသည် အမြင်အာရုံ အားနည်းသူ၊ မသန်စွမ်းသူတို့အား အတန်းပညာ သင်ကြားပေးရုံ သာမက ဗေဒင်၊ ဂီတအနုပညာ၊ ကွန်ပျူတာ၊ လက်နှိပ် အကြောပြင် စသည့် အသက်မွေးဝမ်း ကျောင်းပညာများ သင်ကြား ပေးနေသည့် ကျောင်းတခုလည်း ဖြစ်သည်။

ကျောင်းသို့ ရောက်ရှိလာသည့် ကျောင်းသား မှန်သမျှ မည်သည့် အသက်အရွယ်မဆို အတန်းပညာ သင်ကြားရပြီး ဉာဏ်ရည်အလိုက် ဝါသနာပါရာ အသက်မွေးဝမ်းကြောင်း ပညာရပ်အား ရွေးချယ်ကာ ထပ်မံ သင်ကြားစေသည်ဟု ကျောင်း စီမံထိန်းသိမ်းစောင့်ရှောက်မှု ကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမြတ်ဦးက ပြောသည်။

ယင်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား ၁၃၀ ကျော် ရှိသည့်အနက် ၉၄ ဦးသည် ရွေးကောက်ပွဲ မဲစာရင်းတွင် ပါဝင်သူများ ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် အမြင်အာရုံ အားနည်းသူများ မဲပေးခွင့်နှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကျင်းပရန် လဝက်ခန့်သာ ကျန်သော်လည်း တိကျသည့် မဲပေးနည်းလမ်းများနှင့် သီးသန့်မဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိမှာ ယနေ့အထိ သေချာ မသိရသေးကြောင်း ပြင်ဦးလွင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးမျိုးအောင်က ပြောသည်။

“မျက်မမြင်ကျောင်းက စာနဲ့ မဲလက်မှတ် လုပ်ပေးမယ်လို့ ကြားတာပဲ။ ဟုတ် မဟုတ်တော့ သေချာ မသိသေးဘူး” ဟု ဦးမျိုးအောင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ မဲစာရင်းအရ ပြင်ဦးလွင်မြို့နယ်တွင် လူဦးရေ ၂ သိန်းခွဲကျော်ရှိရာ ဆန္ဒမဲ ပေးခွင့်ရှိသူ ဦးရေ ၁ သိန်း ၁ သောင်းခန့် ရှိသည်။

၂၀၁၅ ခုနှစ် ဇွန်လက သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးပြဋ္ဌာန်းခဲ့သည့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီအား ဒု သမ္မတက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဖွဲ့စည်းရမည်ဟု ပါရှိသည်။

အဆိုပါဥပဒေ အခန်း (၈) ပုဒ်မ ၃၁ (က) အရ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီက ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ဆန္ဒမဲပေးရာတွင် အဆင်ပြေလွယ်ကူစေရန် ဆန္ဒမဲပေးရာတွင် အသုံးပြုရမည့် ပစ္စည်းကိရိယာများနှင့် ဆန္ဒမဲပေးပုံ၊ ပေးနည်းများကို မသန်စွမ်းသူများ သိရှိနိုင်ရန်နှင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေ အလိုက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များ လိုက်နာ ဆောင်ရွက်နိုင်ရန် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သင့်လျော်သော စီမံဆောင်ရွက်မှုများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။

၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတို့တွင် ပြင်ဦးလွင် ပရဟိတ မျက်မမြင် ဘက်စုံ ပညာသင်ကျောင်းမှ မဲဆန္ဒရှင်များက ကြိုတင်မဲပေးခဲ့ရပြီး မဲပေးမည့် ပါတီအမည်အား ပါးစပ်မှရွတ်ကာ တခြားသူက မဲထည့်ပေးခြင်း ဖြစ်သည်ဟု ကျောင်း၏ အဆိုနည်းပြ ဦးကံထူးမောင်က ပြောပြသည်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲက လက်ရှိ အာဏာရပါတီကို မဲထည့်ခဲ့သည့် ကျောင်းရှိ အမြင်အာရုံချို့တဲ့သူတဦးက လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ “မသန်စွမ်းတွေအပေါ် ဘယ် ကိုယ်စားလှယ်လောင်းက နားလည်ပေးနိုင်မလဲဆိုတာ ကြည့်ပြီး စဉ်းစားရမှာပေါ့၊ အခုကတော့ နားထောင်ဆဲပါ။ အဖြေပေးဖို့ စောဦးမယ်” ဟု ပြောသည်။

၎င်းတို့၏ မျက်မမြင်ကျောင်းသို့ ၂၀၁၀ ၊ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်ကာလကလည်း မည့်သည့် ကိုယ်စားလှယ်လောင်းမျှ ရောက်လာခဲ့ခြင်း မရှိပေ။ ထို့အပြင် လက်ရှိ ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်က ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီနှင့် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါ ဆိုသည်ကိုလည်း ၎င်းတို့ သေချာစွာ မသိရှိကြသေးပါ။

သို့သော် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ သိရှိစေရန် ရေဒီယိုမှ နေ့စဉ်လွှင့်သည့် နိုင်ငံရေးပါတီ မဲဆွယ် မိန့်ခွန်းများကိုသာ အလှည့်ကျ နားထောင်စေသည်ဟု ကျောင်းကော်မတီ၏ တွဲဘက် အတွင်းရေးမှုးအဖြစ်လည်း တာဝန်ယူထားသူ ဦးကံထူးမောင်က ပြောသည်။

အမြင်အာရုံ အားနည်းသူများအနေဖြင့် ရွေးကောက်ပွဲတွင် အခက်အခဲများစွာ ရှိနိုင်ပြီး လျှို့ဝှက်လုံခြုံစွာ မဲပေးခွင့် ရရှိရန် လိုအပ်သည်ဟု မသန်စွမ်းသူများအား ကူညီ ထောက်ပံ့နေသည့် ပြည်တွင်းအဖွဲ့အစည်း တခု ဖြစ်သော ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။

ဦးမြတ်သူဝင်းက “မဲပေးမယ်ဆိုရင် ကိုယ်ယုံကြည့်ရမယ့်သူကိုပဲ ရွေးပြီး အကူအညီတောင်းပါ။ အကူအညီပေးတဲ့ စေတနာ ဝန်ထမ်းကိုလည်း အားကိုးပါ။ မယုံပါနဲ့” ဟု ပြောသည်။

မောင်အိုက်လူ တယောက် သူ့စိတ်ကူးထဲက သမ္မတ ဦးသိန်းစိန်သည် လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်၊ မပြိုင်မည်ကို မသိရှိသော်လည်း ရွေးကောက်ပွဲ ကျင်းပပြီးပါက နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲများ ပြေလည်သွားမည်ဟု မျှော်လင့်ကြောင်း သူ၏ စကားက သက်သေပြနေသည်။

“ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ ဈေးကျမယ်၊ သွားရေးလာရေး အဆင်ပြေမယ်”

Did you find apk for android? You can find new Free Android Games and apps.