fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မအူပင်က အစိမ်းနဲ့အနီ ပြိုင်ပွဲ

မြို့ပေါ်မှာ အနီ အားကောင်းတယ်။ ရွာတွေမှာ အစိမ်း အားကောင်းတယ်။ ငါးဆယ် ငါးဆယ်ပဲ။ NLD နိုင်လည်း ကပ်နိုင်မယ်။ USDP နိုင်လည်း ကပ်နိုင်မယ်။ အပြတ်အသတ် မနိုင်နိုင်ဘူး


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲတွင် အဓိကထားစောင့်ကြည့်ရမည့် မြို့နယ်များထဲ၌ တခုအပါအဝင်ဖြစ်သည့် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)တို့သည် အကြိတ်အနယ် ယှဉ်ပြိုင် ရဖွယ်ရှိသည်ဟု ဒေသခံများက ပြောသည်။

မအူပင်မြို့နယ်၊ ၄ ရပ်ကွက်နေ ဦးထိုက်ထိုက်က“မြို့ပေါ်မှာ အနီ အားကောင်းတယ်။ ရွာတွေမှာ အစိမ်း အားကောင်းတယ်။ ငါးဆယ် ငါးဆယ်ပဲ။ NLD နိုင်လည်း ကပ်နိုင်မယ်။ USDP နိုင်လည်း ကပ်နိုင်မယ်။ အပြတ်အသတ် မနိုင်နိုင်ဘူး”ဟု ခန့်မှန်း ပြောဆိုသည်။

ငွေကြေးအင်အား တောင့်တင်းခိုင်မာပြီး လက်ရှိ အာဏာရပါတီလည်း ဖြစ်သည့် USဲDP သည် မဲဆွယ်စည်းရုံးရေးလုပ်ရာတွင် တခြားပါတီများထက် ငွေကြေးပိုမိုသုံးနိုင်သည်ဟု ၎င်းက ဆိုသည်။

မအူပင်မြို့နယ်တွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌလည်းဖြစ် သမ္မတရုံး ဝန်ကြီး လည်းဖြစ်သူ ဦးသိန်းညွန့်သည် အာဏာရ USDP မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့မှ လမ်းပန်း ဆက် သွယ်ရေး ဝန်ကြီး ဦးသန်းထွန်း၊ အေဝမ်း ဆောက်လုပ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးရန်ဝင်းတို့ကလည်း USDP ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၈၈ ခု ရှိသည့် မအူပင် မြို့နယ်တွင် USDP သည် မြို့ပေါ်ထက် ကျေးလက်ဒေသတွင် ပိုမို အား ကောင်းပြီး ၇၀ ရာခိုင်နှုန်း အနိုင်ရမည်ဟု မျှော်မှန်းထားသည်ဟု မအူပင်ခရိုင် USDP အတွင်းရေးမှူး ဦးမြင့်အောင်က ပြောသည်။

“ကျေးလက်က ပိုပြီး အားကောင်းပါတယ်။ ကျေးလက်က နိုင်ဖို့ များတယ်။ ကိုယ့်ပါတီမို့ ပြောတာ မဟုတ်ပါဘူး။ အခုမြို့မှာဆို လည်း လမ်းတွေ၊ မီးတွေ၊ ကျောင်းတွေ အများကြီးပဲလေ။ တို့လုပ်ပေးခဲ့တာ။ သူတို့ အဆိုအရ အစိုးရက လုပ်ပေးရမယ့် တာဝန် ရှိတယ်။ ဒါပေမယ့် အစိုးရက လုပ်ပေးအောင် ဘယ်သူက တွန်းအားပေးသလဲ” ဟု ၎င်းက မေးခွန်းထုတ်သည်။

ဝန်ကြီး ဦးသိန်းညွန့်ကိုယ်တိုင် မဲဆွယ်စည်းရုံးရေး ကာလအတွင်းတွင် ကျေးရွာအုပ်စုပေါင်း ထက်ဝက်ကျော်သို့ ကိုယ်တိုင် သွား ရောက် မဲဆွယ်စည်းရုံးခဲ့ကြောင်း၊ လမ်း၊ တံတား၊ လျှပ်စစ်မီး စသည်ဖြင့် ဒေသဖွံ့ဖြိုးရေးကို အကြောင်းပြုပြီး မဲထည့်ရန် ပြောဆိုမှု များရှိခဲ့သည့်အတွက် ဝေဖန်မှုများရှိနေပြီး ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုသည်ဟုဆိုကာ တိုင်ကြားခံရခြင်းများလည်း ရှိကြောင်း သိရသည်။

“ရွေးကောက်ပွဲနီးမှ သူတို့က မီးဆင်ပေးတာတို့၊ လမ်းခင်းပေးတာတို့၊ ဘုန်းကြီးကျောင်းကို ဝတ္ထုငွေ လှူတာတို့ လုပ်တယ်။ မဲဆွယ် စည်းရုံးတဲ့အခါ ကျေးဇူး ရှိတယ်။ ကျေးဇူးဆပ်ကြရမယ်ဆိုပြီး စည်းရုံးရော” ဟု ဒေသခံတဦးက ပြောပြသည်။

မအူပင်မြို့နယ် မဲဆန္ဒနယ်၌ ဝင်ပြိုင်မည့် ဝန်ကြီးဦးသိန်းညွန့်သည် နိုင်ငံသားဖြစ်မှုအတွက် တိုင်ကြားခံရခြင်း အပါအဝင် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်သည်ဟု စွပ်စွဲမှုများ ရှိသော်လည်း ယနေ့အချိန်အထိ တစုံတရာ ဖြေရှင်းမှု မရှိသေးကြောင်း သိရသည်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်းတွင် USDP နှင့် NLD တို့သည် ၂ ကြိမ်စီ မအူပင်မြို့တွင်း လှည့်လည် စည်းရုံးမှုများ ပြုလုပ်ပြီး အပြိုင်အဆိုင် အင်အားပြခဲ့ကြသည်။

USDP မှ နိုဝင်ဘာ ၅ ရက်က နောက်ဆုံးပြုလုပ်သော မဲဆွယ်စည်းရုံးရေး လှည့်လည်ပွဲတွင် မအူပင်မြို့နှင့်နီးစပ်ရာ ကျေးရွာများမှ ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များနှင့် လူအင်အား ၅ သောင်းခန့် ပူးပေါင်းပါဝင်ခဲ့ပြီး တမြို့လုံးနီးပါး အစိမ်းရောင် လွှမ်းသွားခဲ့သည်။

“တို့က ဦးသိန်းညွန့်ပဲ ပေးမှာပါ။ ပေးမှာမို့လည်း ဒီလောက်ထိ အလုပ်များတဲ့ကြားက တက်လာတာပေါ့။ သူက အများကြီး လုပ်ပေးခဲ့တာလေ။ သူလိုလူမျိုး နောက်တယောက် မရနိုင်တော့ဘူး။ နောက်ပြီး သူက ကိုယ့်ရွာသားလည်း ဖြစ်တယ်လေ” ဟု နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် စည်းရုံးရေးလှည့်လည်ပွဲသို့ ပူးပေါင်းပါဝင်ခဲ့သော ကျောင်းရွာ ဒေသခံတဦးက ပြောသည်။

သို့သော် မအူပင်မြို့နယ်တွင် မြို့ပေါ် ၁၂ ရပ်ကွက်ရှိရာ အများစုက NLD ထောက်ခံသူများ ဖြစ်ကြောင်း၊ NLD အနေဖြင့် မြို့ပေါ် တွင် အပြတ်အသတ် အနိုင်ရမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၆ ရက်တွင် NLD က မြင်းအကောင် ၄၀ ကျော် အပါအဝင် ထော်လာဂျီ၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်၊ ဆိုက်ကားများဖြင့် တမြို့လုံးလှည့်လည်ပြီး အနီရောင်လွှမ်းစေခဲ့ကြောင်း NLD ထောက်ခံသူများက ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ယှဉ်ပြိုင်ရမည့် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ဝင်းက ၎င်းအနေဖြင့် စိုးရိမ်မှု တစုံတရာမရှိဘဲ NLD အနေဖြင့် ၈၅ ရာခိုင်နှုန်း အနိုင်ရမည်ဟုယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အစိမ်းနဲ့အနီ ဘယ်လိုရှိမလဲဆိုတော့ ၈၅ ရာခိုင်နှုန်း အနိုင်ရမယ်လို့ ယုံကြည်ထားတယ်။ မညစ်ဘူး မလိမ်ဘူး။ လွတ် လပ်၍ တရားမျှတတဲ့ ရွေးကောက်ပွဲ အမှန်တကယ် လုပ်ပေးတယ်ဆို အန်ကယ်က ၈၅ ရာခိုင်နှုန်းနိုင်မှာ သေချာတယ်” ဟု ၎င်းက ဆိုသည်။

မအူပင်မြို့နယ်၌ မဲဆွယ်စည်းရုံးရေး ကာလအတွင်းတွင် NLD ၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရမှုအပြင် တားဆီးခြိမ်းခြောက်မှုနှင့် ရိုက်နှက်ခြင်းတို့ပါ ခံခဲ့ရကြောင်း မအူပင်မြို့နယ် NLD ပါတီဝင်တချို့က ပြောသည်။

ကျေးရွာများတွင် မဘသဘုန်းကြီးတချို့နှင့် ဆရာ၊ ဆရာမတချို့က NLD ကို မဲပေးပါက ဒေါ်အောင်ဆန်းစုကြည် အနိုင်ရပါက မြန်မာနိုင်ငံသည် ကုလားနိုင်ငံဖြစ်မည်ဟူ၍ လည်းကောင်း၊ NLD သည် မျိုးစောင့်ဥပဒေကို ကန့်ကွက်သည့်အတွက် အမျိုး မစောင့်သည့်ပါတီဖြစ်သောကြောင့် မဲမပေးကြရန်ဟူ၍ လည်းကောင်း လက်ကမ်းစာစောင်များဝေသည့် ဖြစ်စဉ်များ ရှိကြောင်း ဦးစိန်ဝင်းက ပြောပြသည်။

ထိုဖြစ်ရပ်များအပြင် မအူပင်မြို့နယ်တွင် မဲစာရင်းမှားယွင်းခြင်း၊ နောက်တိုးမဲစာရင်းများကို သတ်မှတ်ချက်နှင့် ကိုက်ညီခြင်းမရှိဘဲ မဲစာရင်း၌ ထည့်သွင်းရန်ကြိုးစားခြင်း၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းရှိသော်လည်း မဲစာရင်းတွင်မပါသည့် အတွက် သက်သေ ခံလက်မှတ်များမရရှိခြင်းတို့ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့သော အမှားအယွင်းများကြောင့် မဲမသမာမှုဖြစ်မည်ကို စိုးရိမ်နေကြပြီး မဲပေးနည်းစနစ် ရှုပ်ထွေးသည့်အတွက်ကြောင့် ပယ်မဲများစွာ ဖြစ်ပေါ်လာမည်ကိုလည်း စိုးရိမ်သည်ဟု မအူပင်မြို့၊ ၁ ရပ်ကွက်နေ ဦးထွန်းထွန်းက ပြောသည်။

မဲဆန္ဒရှင်ပေါင်း ၂ သိန်းကျော် (၂၂၂၄၆၇) ရှိသည့် မအူပင်မြို့နယ်တွင် USDP၊ NLD၊ ခေတ်သစ် ပြည်သူ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အမျိုးသားတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ်ပေါင်း ၁၇ ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လောလောဆယ် အခြေအနေအရ အစိမ်းနှင့်အနီတို့၏ အားပြိုင်မှုသည် အကြိတ်အနယ်ဖြစ်နေသော်လည်း အမှန်တကယ် လွတ် လပ် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မည်ဆိုပါက အနီသာ အနိုင်ရမည်ဟု မြို့ပေါ်ဒေသခံများက ယုံကြည်နေကြသည်။

“ဂုဏ်သိက္ခာရှိပြီး နိုင်ငံတကာ အစိုးရတွေနဲ့ ယှဉ်နိုင်တဲ့ အစိုးရမျိုး လိုချင်တယ်။ အမှန်တကယ် ပြောင်းလဲချိန် တန်ပါပြီ” ဟု မအူပင် စုပေါင်း ကားဝန်းမှ ဦးဝင်းနိုင်က ပြောသည်။

မည်သို့ပင် ဆိုစေကာမူ မအူပင်မြို့နယ်မှ အစိမ်းနှင့်အနီတို့၏ ရလဒ်မှာ မနက်ဖြန် နိုဝင်ဘာ ၈ ရက်နေ့တွင် သိနိုင်ကြမည် ဖြစ်ပါ သည်။

Did you find apk for android? You can find new Free Android Games and apps.