fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ရွေးကောက်ပွဲအပြီး ရပ်ကွက်ထဲပြန်ရမယ့် အထူးရဲများ

လက်နက်မဲ့ စစ်ရေးပြနည်း၊ လူ့အခွင့်အရေးဘာသာရပ်၊ ရဲကျင့်ဝတ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံချက်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေကို သင်ပေးမှာပါ


Want create site? Find Free WordPress Themes and plugins.

ပုခုံးဒေါက် အနီရောင်ဖြစ်တာကလွဲလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝတ်စုံနဲ့တစ်ပုံစံတည်း မီးခိုးရောင် အကျႌ၊ နက်ပြာရောင် ဘောင်းဘီတို့ကို ဝတ်ဆင်ထားတဲ့၊ အသက် ၂ဝ အရွယ် ကိုကျော်ရဲလင်း တစ်ယောက် နေပူရှိန်ကြောင့် ချွေးတစို့စို့ ဖြစ်နေပေမယ့်လည်း မျက်နှာကတော့ တည်ကြည်ရဲရင့်လို့နေပါတယ်။

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အဲဒီမြို့နယ်အတွက် အထူးရဲ တပ်ဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဖို့ သင်တန်းတက်နေကြတဲ့ထဲမှာ ကိုကျော်ရဲလင်းလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အထူးရဲ ဆိုတာကတော့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲကျင်းပချိန် မဲရုံတွေမှာ လုံခြုံရေးတာဝန်ယူဖို့ သီးခြားရွေးချယ်လေ့ကျင့်ပေးထားသူတွေပါ။

အထူးရဲတွေ လက်ထိပ်၊ ကြိုး၊ နံပတ်တုတ်တွေ ကိုင်ဆောင်ခြင်း မရှိတာကတော့ မြင်နေကျရဲတွေနဲ့ အဓိက ကွာခြားချက်ပါပဲ။ အထူးရဲတပ်ဖွဲ့ထဲမှာ လူငယ်တွေတင်မက လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။

ကိုကျော်ရဲလင်းတို့လို နိုင်ငံအနှံ့မှာ ရဲတပ်ဖွဲ့က ခေါ်ယူ လေ့ကျင့်ပေးနေတဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေဟာ မကြာခင်မှာကျင်းပတော့မယ့် ပြည်တွင်းပြည်ပ စိတ်ဝင်စားနေကြတဲ့၊ ၁၉၉ဝ နောက်ပိုင်း ပထမဆုံးသော လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယူဆထားကြတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကြီးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ကြရမှာပါ။

“ကျနော်က ရဲဖြစ်ချင်ခဲ့တာ။ ဒီနှစ် ၁ဝ တန်းကို အောင်အောင်တော့ ပြန်ဖြေပြီးရင် ရဲထဲကိုပဲ ပြန်ဝင်မယ်။ အခုအကြိမ်ကတော့ အတွေ့အကြုံရှာတဲ့သဘောမျိုးပဲ” လို့ ကိုကျော်ရဲလင်းက သင်တန်းခဏနားစဉ်မှာ Myanmar Now ကို ပြောပြပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေနဲ့ တစ်ခါမှ အလုပ်တွဲမလုပ်ခဲ့ဖူးဘူး။ ခုမှစတာ ဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့”

အထူးရဲနဲ့ တာဝန်လက်ပတ်နီဝတ်တွေ အတူတူပဲလား

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အထူးရဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း ၄ဝ,၃ဝ၄ ဦး ခန့်အပ်ထားတဲ့ထဲမှာ တက္ကသိုလ် ဘွဲ့ရ ၄ ရာခိုင်နှုန်း၊ အထက်တန်းအောင် ၉ ရာခိုင်နှုန်း၊ အထက်တန်းအဆင့် ၆ဝ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၂၇ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့စာရင်းများ အရ သိရပါတယ်။

အထူးရဲများက တစ်ပတ်ကြာ သင်တန်းတက်ထားတဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင်ဘာ ၁၃ ရက်နေ့အထိ မဲရုံတစ်ရုံမှာ တဦးကျစီ တာဝန်ယူရမှာပါ။

သူတို့ကို ကျန်းမာရေးကောင်းခြင်း၊ ခြေမခွင်ခြင်း၊ ဥပဓိရုပ် ကောင်းခြင်းစတဲ့ မျက်မြင်တွေ့ရှိချက် ၁၂ ချက်အတိုင်း မြို့နယ်အတွင်းရှိတဲ့ မဲရုံအရေအတွက်အတိုင်း ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ သင်္ဃန်းကျွန်းမြို့နယ် ရုံးဦးစီး ရဲအုပ်သက်ဦးက ပြောပြပါတယ်။

“သင်တန်းမှာ သူတို့ကို လက်နက်မဲ့ စစ်ရေးပြနည်း၊ လူ့အခွင့်အရေးဘာသာရပ်၊ ရဲကျင့်ဝတ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံချက်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေကို သင်ပေးမှာပါ” လို့ ရဲအုပ်သက်ဦးက ပြောပါတယ်။

ဒီလို အထူးရဲတွေကို ခေါ်ယူခဲ့ရတဲ့ အဓိကအကြောင်းအရင်းတစ်ခုက ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးဆုံးရေးအတွက် လုံခြုံရေးအပိုင်း တာဝန်ပေးအပ်ဖို့ လက်ရှိ ရဲတပ်ဖွဲ့ရဲ့ ရှိရင်းစွဲ အင်အားနဲ့ မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက တာဝန်ဆိုတဲ့ စာလုံးပါ လက်ပတ်နီတွေ တပ်ဆင်ထားသူကိုသာ မဲရုံတွေမှာ တာဝန်ပေးခဲ့တာပါ။ နောက်ပိုင်းအချိန်များမှာလည်း အုပ်ချုပ်ရေး၊ လုံခြုံ ရေးဆောင်ရွက်ချက်တချို့မှာ အဲဒီတာဝန်လက်ပတ်အနီဝတ်တွေကို ဆက်လက်အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေ ကို လက်ပတ်နီဝတ်တွေနဲ့ ရဲတပ်ဖွဲ့တို့ ဖြိုခွင်းခဲ့တဲ့အခါမှာ ဆေးမင်ကြောင်ထိုးထားတဲ့ လက်ပတ်နီဝတ်တစ်ဦးက ဆန္ဒပြကျောင်းသူတဦးရဲ့လည်ပင်းကိုနောက်ကနေ သိုင်းချုပ်ထားခဲ့တဲ့ပုံက မီဒီယာမှာ ဖော်ပြပြီးနောက်ပိုင်းမှာတော့ လက်ပတ်နီတွေကို တာဝန်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ် အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဝေက ဆိုပါ တယ်။

အထူးရဲဆိုသူတွေဟာ ဘယ်သူတွေလဲ

အထူးရဲအတွက် ခေါ်ယူခဲ့သူ အများစုက အရပ်သားတွေသာဖြစ်ကြပြီး မြို့နယ်အလိုက်ရှိနေတဲ့ အရန်မီးသတ်၊ ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှာ လုပ်ကိုင်ဖူးသူတွေသာ ပါဝင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခင်မောင်ကြိုင်က ပြောပြတယ်။

အထူးရဲတပ်ဖွဲ့ဝင်တစ်ဦး လစာ ကျပ် ၁၅ဝ,ဝဝဝ၊ နေ့တွက်စရိတ် ကျပ် ၁,ဝဝဝ ပေးမယ် လို့ သိရပါတယ်။

စိတ်ဝင်တစား တာဝန်ယူလိုတဲ့ထဲမှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဦးခင်မောင်ထွန်းလည်း ပါဝင်ပါတယ်။

“တာဝန်ထမ်းဆောင်ခွင့်ရတာကို ဂုဏ်ယူပါတယ်။ ရှေ့လျှောက်လည်း သူတို့နဲ့ ပြည်သူ့အကျိုးဆောင်ရွက်ချက် တွေမှာ လက်တွဲသွားဦးမှာပါ။ အခုမှ ရွေးကောက်ပွဲကြောင့် နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရတာ။ အရင်တုန်းက ဒီလိုမျိုး ရဲလုပ်ရလိမ့်မယ်လို့ တွေးလည်းမတွေးထားခဲ့ဘူး”လို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။

အရန်မီးသတ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့စဉ်ကတည်းက ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအပိုင်းနဲ့ နယ်မြေလုံခြုံရေး၊ လှည့်ကင်းဆောင်ရွက်ချက်များ၊ ဥပဒေစိုးမိုးရေးကိစ္စတွေမှာ အတူတကွ လက်တွဲဆောင်ရွက်ခဲ့တဲ့အတွက် မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဆုလက်မှတ် ရရှိခဲ့ဖူးတယ်လို့ သူက ဆက်ပြောပြတယ်။

အထူးရဲတာဝန်ကို ထမ်းဆောင်ဖို့ တက်ကြွနေသူ တဦးကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း (က) ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် ဦးစောသိန်းဖြစ်ပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးတို့၊ အာဏာပိုင်တို့နဲ့ ဒီတကြိမ်က ပထမဆုံးတွဲလုပ်ခဲ့ဖူးတာပဲ။ ကျနော်က ဘာသာရေး၊ လူမှုရေးတွေပဲ လုပ်ခဲ့တာ၊ တခါမှ တိုင်းပြည်အတွက် မလုပ်ခဲ့သေးဘူး၊ ဒီတကြိမ်တော့ အတွေ့အကြုံရအောင် လုပ်ကြည့်မှပဲဆိုပြီး ဝင်လုပ်တာ” လို့ ဦးစောသိန်းက ဆိုပါတယ်။

“ဒါပေမယ့် အခုတာဝန်ပြီးသွားရင် သန္ဓေဝင်ရဲ ဆက် လုပ်ဖို့တော့ အစီအစဉ်မရှိဘူး”

အထူးရဲတာဝန်တွေက ဘာတွေလဲ

အထူးရဲတွေအနေနဲ့ တာဝန်ထမ်းဆောင်တဲ့အခါမှာ ထိန်းထိန်းသိန်းသိန်းနဲ့လုပ်ဖို့၊ ဆန္ဒမလွန်ကဲဖို့၊ စိတ်မစောဖို့၊ မတွေဝေဖို့နဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို မလုပ်လုပ်မိဖို့ အလွန်အရေးကြီးတယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က သင်တန်းအဖွင့်မိန့်ခွန်းမှာ ပြောဆိုပါတယ်။

“ကိုယ်လုပ်ရမယ့်တာဝန်ဟာ ရွေးကောက်ပွဲ ဥပဒေပါ တားမြစ်ချက်တွေကို မကျူးလွန်အောင် ဆောင်ရွက်ဖို့၊ တားဆီးပေးဖို့ ပဲ။ ရပ်ကျေးကော်မရှင်က ခိုင်းတဲ့ကိစ္စဆိုရင်တောင် မဲရုံမှူးကို အသိပေးပြီးမှ ဆောင်ရွက်ဖို့လိုတယ်” လို့ ဦးကျော်လွင်က ဆိုပါတယ်။

“ကိုယ့်ကြောင့် ပြဿနာမကြီးထွားဖို့လိုတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ တားမြစ်ချက်တွေကို အထူးရဲကိုယ်တိုင်က ကျူးလွန်တယ်ဆိုရင်တော့ အင်မတန် နာမည်ပျက်စရာဖြစ်တယ်။ ကိုယ်တိုင်လည်း အရေးပြန်ယူခံရမှာဖြစ်တယ်”

သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ ရဲအုပ်သက်ဦးကတော့ အထူးရဲတွေဟာ ရွေးကောက်ပွဲပြီးရင် ရပ်ကွက်ထဲပြန်နေကြရမှာဖြစ်ပြီး အထူးရဲတာဝန်ထမ်းဆောင်ဖူးသူတဦးရဲ့ သိက္ခာကို ထိန်းသိမ်းကြမယ်လို့ မျှော်လင့်နေပါတယ်။

အထူးရဲတွေ လိုက်နာရမယ့် အချက် ၁၂ ချက်ကို အမြဲမပြတ် အလွယ်တကူ ဖတ်ရှုနိုင်ဖို့ အိတ်ဆောင် လက်ကမ်းစာစောင်နဲ့ ဖြန့်ဝေထားတယ်၊ အဲဒီထဲမှာ အရေးအကြီးဆုံးက အထူးရဲတွေဟာ မဲရုံမှူးရဲ့ ခွင့်ပြုချက်နဲ့ မဲရုံထဲကို ဝင်ရောက်ခြင်းကလွဲရင် ဘယ်သောအခါမှ မဲရုံထဲကို ဝင်ရောက်ခြင်းမပြုဖို့ ဆိုတဲ့ အချက်ပါပဲလို့ သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ ရဲအုပ်သက်ဦးက ဆိုပါတယ်။

“သူတို့မှာ တစုံတဦးကို ဖမ်းဆီး ပိုင်ခွင့်ဆိုတာ မရှိပါဘူး” လို့ ရဲအုပ်က ပြောပါတယ်။

(ယခုဆောင်းပါးသည် ရန်ကုန်အခြေစိုက် Myanmar Now သတင်းဌာန သတင်းထောက် ထက်ခေါင်လင်း၏ ဆောင်းပါးဖြစ်ပြီး www.myanmar-now.org မှတဆင့် ကူးယူဖော်ပြသည်)

Did you find apk for android? You can find new Free Android Games and apps.