fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ရွေးကောက်ပွဲများနှင့် ကာကွယ်ရေး ဦးစီးချုပ်များ၏ သမိုင်းဝင် ပြောဆိုချက်များ

အလားတူ ဘက်မလိုက်ရေး ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲအလွန် အနိုင်ရပါတီကို အာဏာလွှဲပေးကာ စစ်တန်းလျား ပြန်မည်ဟု ပြောဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည်လည်း အနိုင်ရ NLD ပါတီကို အာဏာလွှဲအပ်ခြင်း မရှိခဲ့ပေ။


Want create site? Find Free WordPress Themes and plugins.

မြန်မာပြည် ရွေးကောက်ပွဲများနှင့် ပတ်သက်လျှင် အခြေအနေ အရပ်ရပ်၏ ပေးထားချက်များအရ တပ်မတော်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ချည်း ဖြစ်သည်။

တပ်မတော်သည် အဓိကကျသော ရွေးကောက်ပွဲကြီးများ ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း လက်ထက် ပြုလုပ်သည့် ၁၉၆၀ ရွေးကောက်ပွဲ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက် ပြုလုပ်သည့် ၁၉၉၀ ရွေးကောက်ပွဲဟု ၂ ကြိမ်ဖြတ်သန်းခဲ့ပြီး ဖြစ်သကဲ့သို့၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သက်တမ်းအတွင်း ပြုလုပ်မည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ဆိုလျှင် ၃ ကြိမ် ထိတွေခဲ့သည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၃ ဦး၏ ရွေးကောက်ပွဲနှင့် ပတ်သက်သော ညွှန်ကြားချက်များကို ပြန်လည် ထုတ်ဖော် တင်ပြလိုက်ပါသည်။

၁၉၆၀ ရွေးကောက်ပွဲတွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်း၏ ဘက်မလိုက်ရေး ညွန်ကြားချက်မှာ “တပ်မတော်အနေဖြင့် နိုင်ငံရေး ပါတီများနဲ့ ကင်းကင်းရှင်းရှင်း ရှိရမည်၊ ဘက်လိုက်ပါဝင်ခြင်း မပြုသင့်၊ ရွေးကောက်ပွဲမှာ မိမိတို့ တဦးချင်း ဆန္ဒအတိုင်း မဲပေးနိုင်ခွင့်ရှိသည်၊ တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ကိစ္စမှန်သမျှ ရှောင်ကြဉ်ရမည်” ဟူ၍ ဖြစ်သည်။

သို့သော် တကယ်တမ်းတွင်မူ ဗိုလ်မှူးချုပ် မောင်မောင်၊ တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ရွှေ၊ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်း၊ တပ်မဟာ (၁၀) တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး ကျော်မြင့်၊ တပ်မဟာ (၁၁) တပ်မဟာမှူး ဒု ဗိုလ်မှူးကြီး ဘဖြူ၊ တပ်မဟာ (၁၂) တပ်မဟာမှူး ဗိုလ်မှူးကြီး တင်မောင် (မြတ်ထန်)၊ ဒု ဗိုလ်မှူးကြီး ချစ်ခိုင် တို့သည် ဦးကျော်ငြိမ်း၊ ဦးဘဆွေခေါင်းဆောင်သော (တည်မြဲ) ဘက်သို့ လိုက်ခဲ့သည့်ပြစ်ချက်ဖြင့် တပ်မှ ထုတ်ပယ်ခံခဲ့ရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က ရွေးကောက်ပွဲ၌ တပ်မတော်နှင့် ပတ်သက်ပြီး ပြောဆိုချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) လွတ်လွတ်လပ်လပ်နှင့် တရားမျှတမှု အရှိဆုံး ဖြစ်အောင် အဂတိလေးပါး မလိုက်စားဘဲ တပ်မတော်သား တဦးချင်းအနေဖြင့် မိမိဆန္ဒအတိုင်း လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ပြီး တိကျစွာ လိုက်နာကြရန်၊

(ခ) ရာထူး၊ အဆင့်အလိုက် အရှိန်အဝါ၊ သြဇာအာဏာကို အသုံးပြုပြီး မိမိလက်အောက်ခံ တပ်ဖွဲ့များသို့ လည်းကောင်း၊ မိမိရောက်ရှိရာ ဒေသရှိ ပြည်သူများသို့ လည်းကောင်း၊ မိမိလိုလားသည့် အဖွဲ့အစည်းတခုခုတွင် ပါဝင်သော ကိုယ်စားလှယ်ကို မဲထည့်ပါဟု အမိန့်ပေးခြင်း၊ ညွှန်ကြားခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ ခြောက်လှန့်ခြင်း၊ စည်းရုံးခြင်း လုံးဝမပြုလုပ်ရန် ဖြစ်ကြောင်း၊

(ဂ) ရွေးကောက် တင်မြှောက်ပွဲအတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းပညာဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို တိကျလေးစားစွာ လိုက်နာစောင့်ထိန်းရမည် ဖြစ်ကြောင်း၊

(ဃ) ဤအချက်များကို အရာရှိများအဆင့်သာ သိရှိနေရုံသာမက အောက်ခြေအဆင့်နှင့် မိသားစုများ အတွင်းအထိ သိရှိနားလည်ရန်အတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊

(င) မိမိတို့သည် တပ်မတော်သားများ ဖြစ်သည်နှင့်အညီ နယ်ဘက် ဥပဒေသာမက တပ်မတော်ဆိုင်ရာ ဥပဒေများကို လိုက်နာကျင့်သုံးရသူများ ဖြစ်ကြောင်း အမြဲသတိချပ်ပြီး မကြာမီ ကျင်းပမည့် ရွေးချယ် တင်မြှောက်ပွဲကို တပ်မတော်သား တဦးချင်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အပြောအဆို အမူအကျင့်များ မပြုလုပ်မိရန် အထူးသတိပြု လိုက်နာရန် ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က တပ်မတော်၏ အမာခံနယ်မြေများဟု ယူဆထားသော မင်္ဂလာဒုံ၊ မှော်ဘီ စသည့် တပ်နယ်မြေများတွင် သာမက တနိုင်ငံလုံး အတိုင်းအတာနှင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၃၉၂ ဦး ရွေးချယ် တင်မြှောက်ခံခဲ့ရသည်။ သို့သော် အစိုးရဖွဲ့ခွင့် မရပေ။

ရက်ပိုင်းသာ လိုတော့သည့် ၂၀၁၅ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်မှာလည်း အောက်ပါအတိုင်း ဖြစ်သည်။

“နိုင်ငံရေးနှင့် ပတ်သက်ပြီး မကြာမီ ကိုယ်တိုင် ရွေးချယ်ပေးကြရတော့မည်ဖြစ်၍ ရွေးချယ်မှု မှန်ကန်ရန် လိုအပ်ကြောင်း၊ တိုင်းပြည်ကို ခေါင်းဆောင်နေသူသည် နိုင်ငံနှင့်ဒေသကို ဖွံ့ဖြိုးအောင်လုပ်မည့်သူ၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မည့်သူ၊ တပ်မတော်အပေါ် နားလည်မှု ရှိသူ၊ အမြင် လေးမြင် (နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး) ရှိသူ၊ အမျိုးဘာသာသာသနာနှင့် ပတ်သက်ပြီး မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြား တိုင်းပြည်အဖွဲ့အစည်း တစ်ခုခုဖြင့် တစ်နည်းနည်းဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ်ရန်လိုကြောင်း” ဟု ပြောဆိုထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပထမအကြိမ် စက်တင်ဘာလအတွင်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက် ညှိနှိုင်းအစည်းအဝေးတွင် စတင် ပြောဆိုစဉ်က တပ်မတော်၏ ရပ်တည်ချက် မူဝါဒမှာ မိမိနိုင်ငံ၊ မိမိဒေသအတွက် ကောင်းအောင်ဆောင် ရွက်နိုင်သူ၊ ဒို့တာဝန် အရေးသုံးပါးအား သိရှိနားလည် စောင့်ထိန်းနိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ကာကွယ်ရေး အမြင်လေးမြင်ရှိပြီး တပ်မတော်အပေါ် နားလည်မှုရှိသူ ဖြစ်စေလိုသည်ဟု ရည်ညွန်း ပြောဆိုသော်လည်း နောက်ပိုင်း နေပြည်တော် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်၌ ပြောကြားသည့် မိန့်ခွန်းမှ စတင်ကာ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သူ၊ နိုင်ငံခြားသား၊ နိုင်ငံခြားတိုင်းပြည် အဖွဲ့အစည်း တခုခုဖြင့် တစ်နည်းနည်းဖြင့် ဆက်သွယ်မှုမရှိသူ၊ လွှမ်းမိုးမှု မရှိသူဖြစ် ရန်လိုကြောင်း ထည့်သွင်းပြောဆိုလာခြင်း ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရလျှင် ၁၉၆၀ ဖေဖေါ်ဝါရီလ ရွေးကောက်ပွဲ၌ ဘက်မလိုက်ရေး ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေဝင်းသည် နောင် ၂ နှစ်အကြာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် သူအကာကွယ် ပေးခဲ့သည့် ဦးနု၏ ပထစ အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့သည်။

အလားတူ ဘက်မလိုက်ရေး ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲအလွန် အနိုင်ရပါတီကို အာဏာလွှဲပေးကာ စစ်တန်းလျား ပြန်မည်ဟု ပြောဆိုခဲ့သည့် ဗိုလ်ချုပ်မှူးကြီး စောမောင်သည်လည်း အနိုင်ရ NLD ပါတီကို အာဏာလွှဲအပ်ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ရက်ပိုင်းသာလိုတော့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရည်ညွှန်းပြော ဆိုခဲ့သည့် နိုင်ငံခြားသား၊ နိုင်ငံခြား တိုင်းပြည်အဖွဲ့အစည်း တခုခုဖြင့် တနည်းနည်းဖြင့် ဆက်သွယ်မှု၊ လွှမ်းမိုးမှုရှိသူ၊ တပ်မတော် အပေါ်နားလည်မှု မရှိသူသာ ရွေးကောက်ပွဲတွင် အနိုင်ရ၍ အာဏာရခဲ့လျှင် တပ်မတော်အနေဖြင့် မည်သို့ ရပ်တည်မည်ဆိုသည်ကို ဆက်လက် စောင့်ကြည့်ရမည့် အချိန်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.