fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

ပြည်ပရောက် မြန်မာတွေ မဲအပြည့်ပေးခွင့် ရနိုင်ပါ့မလား

မဲပေးခွင့် မရသေးသူများအတွက် မဲပေးခွင့်ရရန် စီစဉ်ပေးသွားမည်ဟု ဦးတင်အေးက ပြောဆိုခဲ့သော်လည်း မဲစာရင်းတွင် နေရပ်လိပ်စာ လွဲနေသူများ၊ နာမည်လွဲနေသူများ၊ ကိုယ်စားလှယ်လောင်း အပြည့်အစုံ မပေးခဲ့ရသူများအတွက်မူ မဲပေးခွင့်ရရန် မသေချာတော့ကြောင်း ပြည်ပရောက် မြန်မာများက ပြောသည်။


Want create site? Find Free WordPress Themes and plugins.

ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးရာ၌ မဲပေးခွင့် ဆုံးရှုံးသူများ ရှိနေသည့်အတွက် ပြန်လည်ပေးခွင့်ရရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရန်ကုန်မြို့၌ အောက်တိုဘာလ ၂၀ ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ဦးတင်အေးက ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ပြည်ပနိုင်ငံ ၃၀ ကျော်၌ မြန်မာနိုင်ငံသား သန်းချီရှိသော်လည်း ၃ သောင်းကျော်သာ ကြိုတင်မဲပေးရန် လျှောက်ထားခဲ့ကြသည်။ ယင်းနိုင်ငံများအနက် စင်ကာပူရောက် မြန်မာနိုင်ငံသား ၁၆၀၀၀ ကျော်က ကြိုတင်မဲ ပေးခဲ့ကြပြီး အများဆုံး မဲပေးသည့် နိုင်ငံလည်း ဖြစ်သည်။

စင်ကာပူနိုင်ငံ၌ မဲပေးသူဦးရေ များပြားသည့်အတွက် မဲပေးခွင့်ရက်ကို တိုးပေးခဲ့သော်လည်း မပေးလိုက်ရသူများလည်း ရှိသေးသည်။ မပေးလိုက်ရသူများအား ပြန်ပေးနိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း၊ သို့သော် စင်ကာပူ၊ ထိုင်း၊ မလေးရှား စသည့် နီးစပ်သည့် နိုင်ငံများအတွက်သာ ဆောင်ရွက်နိုင်တော့မည်ဟုလည်း ဦးတင်အေးက ပြောဆိုခဲ့သည်။

ဦးတင်အေးက “မပေးလိုက်ရသူတွေအတွက် ပြန်ပေးနိုင်အောင် စီစဉ်ပေးမယ်၊ ဒါပေမယ့် ကြိုတင်မဲတွေ သိပ်ပြီးတော့ ဖောင်းပွလို့တော့မရဘူး” ဟု ဆိုသည်။

မဲပေးခွင့် မရသေးသူများအတွက် မဲပေးခွင့်ရရန် စီစဉ်ပေးသွားမည်ဟု ဦးတင်အေးက ပြောဆိုခဲ့သော်လည်း မဲစာရင်းတွင် နေရပ်လိပ်စာ လွဲနေသူများ၊ နာမည်လွဲနေသူများ၊ ကိုယ်စားလှယ်လောင်း အပြည့်အစုံ မပေးခဲ့ရသူများအတွက်မူ မဲပေးခွင့်ရရန် မသေချာတော့ကြောင်း ပြည်ပရောက် မြန်မာများက ပြောသည်။

စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး၌ ကြိုတင်မဲပေးခဲ့သူ ကိုမျိုးမင်းက ပြောရာတွင် ၎င်းအနေဖြင့် မိမိပေးလိုသည့် ကိုယ်စားလှယ်လောင်း အပြည့်ပေးခွင့် ရခဲ့ကြောင်း၊ ယင်းမဲသည် ၎င်းပေးသည့် ကိုယ်စားလှယ်ထံ ရောက်ရှိမည်ဟု ရာနှုန်းပြည့် မယုံကြည်သော်လည်း နိုင်ငံတကာ စောင့်ကြည့်လေ့လာရေး အဖွဲ့များရှိနေ၍ အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း ဧရာဝတီကို ပြောသည်။

ကိုမျိုးမင်း၏ သူငယ်ချင်း တချို့တွင် မဲအပြည့် မပေးခဲ့ရသူ၊ မဲလက်မှတ် မရ၍ မပေးခဲ့ရသူများလည်း ရှိကြောင်း၊ မဲပြား အပြည့် မရသူများကိုလည်း ရသည့်မဲပြားကိုသာ ပေးကြဟု သံရုံးအာဏာပိုင်များက ပြောဆိုသည်ဟု ကိုမျိုးမင်းက ဆိုသည်။ မဲလက်မှတ် မရ၍ မပေးရသေးသူများကို ယခုရက်ပိုင်း အတွင်း ပေးနိုင်ရန် သက်ဆိုင်ရာသံရုံးများက စီစဉ်နေကြောင်း သိရသည်။ မဲပေးခွင့် မရလိုက်သူများအား မဲပြန်ပေးခွင့် ပေးမည်ဟု သက်ဆိုင်ရာက ပြောဆိုထားသော်လည်း မဲမပေးရသေးသူ အားလုံး ပေးခွင့်ရရန် မသေချာဟု စင်ကာပူရောက် မြန်မာတချို့က ဧရာဝတီ ကို ပြောသည်။

စင်ကာပူ၊ ဂျပန်၊ ကိုးရီးယား၊ ထိုင်း စသည့် နိုင်ငံများ၌ အဆင်ပြေချောမွေ့စွာ မဲပေးခဲ့ရသူများကမူ လွတ်လပ်စွာ မဲပေးခွင့် ရသည့်အတွက် ဝမ်းမြောက် ဂုဏ်ယူကြပြီး ၎င်းတို့၏ မဲများသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲကို အထောက်အကူ ပြုမည်ဟု မျှော်လင့်ကြောင်း ပြောဆိုကြသည်။

ထိုင်းနိုင်ငံ၊ သံရုံး၌မဲလာပေးသူ တဦးက “ပထမဆုံးအကြိမ် မဲပေးခွင့်ရလို့ အရမ်းပျော်ပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျနော်ပေးလိုက်တဲ့ မဲတပြားဟာ ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲအတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်လို့ လာပေးတာပါ” ဟု ဆိုသည်။

ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား တရားဝင် လာရောက်လုပ်ကိုင်နေသူ ၁ သန်း ၇ သိန်းကျော် ရှိသော်လည်း ကြိုတင်မဲပေးရန် လျှောက်ထားသူ ထောင်ဂဏန်းသာရှိကြောင်း ဘန်ကောက်ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီ ကို ပြောသည်။

လျှောက်ထားသူ ထောင်ဂဏန်းတွင် တရားဝင် မဲပေးခွင့်ရသူ အရေ အတွက်သည် ဘန်ကောက်သံရုံး၌ ၅၆၁ ဦးနှင့် ချင်းမိုင်မြို့၊ ကောင်စစ်ဝန်ရုံး၌ ၅၀ ဦးသာ ကြိုတင်မဲပေးခွင့်ရသည်။

မဲပေးပိုင်ခွင့်ရှိသော်လည်း နာမည်စာရင်း မှားနေ၍ မဲမပေးခဲ့ရသူများအနေဖြင့် ကိုယ့်အရပ်ဒေသသို့ ပြန်လည်သွားရောက်၍ ပေးကြရန် သံရုံးအာဏာပိုင်များက ပြောဆိုကြောင်း၊ ၎င်းတို့သည် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွား၍ မဲပေးရန် မဖြစ်နိုင်ကြောင်း နာမည်စာရင်းမှား၍ မဲမပေးခဲ့ရသူ တဦးက ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိအရပ်ဒေသသို့ပြန်၍ မဲပေးမည်ဆိုပါက ငွေကြေးကုန်ကျမှုများ ပြား၍ မဲပြန်ပေးသူ နည်းပါးမည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းသည် နိုင်ငံသားအားလုံး မဲပေးခွင့် မဆုံးရှုံးစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သို့သော် ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်မှု အားနည်းမှုကြောင့် ပြည်ပရောက် နိုင်ငံသား အများအပြား မဲပေးခွင့် ဆုံးရှုံးရခြင်း ဖြစ်ကြောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ၏ ပြောခွင့်ရသူ ဦးစိုင်းညွန့်လွင်က ဧရာဝတီကို ပြောသည်။

၎င်းက “ကြိုတင်မဲပေးရတဲ့ စနစ်ဆိုတာ နိုင်ငံသားတိုင်း မဲပေးခွင့် မဆုံးရှုံးစေဖို့အတွက် လုပ်ဆောင်တာ ဖြစ်တယ်၊ ကိုယ့်ဒေသကိုယ် ပြန်ပေးကြ ဆိုတာက တရားမဲ့ စကားပြောတာပေါ့၊ နိုင်ငံတကာရောက်နေတဲ့ နိုင်ငံသားတွေ အတွက် ကြိုတင်ပြီးတော့ စနစ်တကျ လုပ်ဆောင်ထားဖို့ လိုအပ်တယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများသည်လည်း သံရုံး၌ အောက်တိုဘာလ ၁၈ ရက်နေ့က သွားရောက်၍ ကြိုတင်မဲပေးရန် သွားရောက်ခဲ့ရာ တချို့သည် ညစ်ပစ်နေသည့် မဲစာရွက်ကိုသာ ရကြောင်း၊ ထိုမဲပြားအား ပြန်လဲပေးရန် တောင်းဆိုသော်လည်း ပြန်လဲမပေးကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားတချို့က လူမှုကွန်ရက် စာမျက်နှာများ၌ ရေးသားထား ကြသည်။ ထို့အတူ နိုင်ငံတချို့၌ ကိုယ်စားလှယ်လောင်း အရေအတွက် အပြည့်အစုံ မရ၍ မဲမပေးခဲ့ရသူများလည်း ရှိကြသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မဲပြား အပြည့်မရခြင်း၊ မဲစာရင်း အချက်အလက် မှားယွင်းခြင်း စသည်တို့သည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်မှု အားနည်းချက်များကြောင့် ဖြစ်ကြောင်း၊ တာဝန်ရှိဆုံးအဖွဲ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပါ ဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးခွင့်မရပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ယူရမည် ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ဧရာဝတီကို ပြောသည်။

ပြည်ပရောက် မြန်မာနိုင်ငံသား အားလုံး ကြိုတင်မဲပေးခွင့် ရရှိစေရန် မည်သို့ လုပ်ဆောင်ရမည် ဆိုသည်ကို အချိန်ယူ၍ စနစ်တကျ ကြိုတင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆက်ပြောသည်။

၎င်းက “နိုင်ငံသားတွေ အားလုံးမဲပေးနိုင်ဖို့ အစောကြီးကတည်းက လုပ်သင့်တယ်၊ အခုကတော့ အဲဒီလို ကြိုတင်ပြီးတော့ စနစ်တကျ လုပ်ထားတာ မရှိသလောက်ပါပဲ” ဟု ဆိုသည်။

ပြည်ပရောက် မြန်မာများ မဲပေးရာ၌ အခက်အခဲများ ရှိနေသည့်အပြင် ပြည်တွင်းရှိ မဲစာရင်း အမှားအယွင်း ပြဿနာများ သည်လည်း ယနေ့အထိ အဆင်ပြေခြင်း မရှိသေးပေ။ ထိုသို့ အမှားအယွင်းများ များပြားနေခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာရပါတီ၊ အစိုးရ တို့က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဟု စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။

ထို့အတူ မဲပေးမှုနှင့် ပတ်သက်၍လည်း ပြည်သူအား အသိပညာပေးမှု နည်းပါးသည်ဟု နိုင်ငံရေးပါတီများက ဆိုသည်။ ပြည်တွင်း၊ ပြည်ပရှိ မဲစာရင်းနှင့် ပတ်သက်၍ အမှားအယွင်းများ ဖြစ်ပေါ်နေခြင်းကြောင့် ထိုမဲများသည် အာဏာရပါတီထံ ရောက်သွားမည်ကိုလည်း နိုင်ငံရေးပါတီ အများစုက စိုးရိမ်မကင်း ဖြစ်နေကြသည်။

ပြည်တွင်း၌ မဲစာရင်း အမှားအယွင်းများ ဖြစ်ပေါ်နေခြင်းသည် နည်းပညာအရ လွဲချော်ခြင်း၊ အတွေ့အကြုံ နည်းခြင်း စသည် တို့ကြောင့် ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည်။

မဲစာရင်း အမှားအယွင်းများ ဖြစ်နေခြင်းသည် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အတွေ့အကြုံမရှိဟု ပြောမည်ဆိုပါက လက်မခံနိုင်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲအား ကျင်းပပေးခဲ့သည့် ကော်မရှင်သည်လည်း အတွေ့အကြုံမရှိဘဲ စနစ်တကျ ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် အကြောင်းပြချက် အမျိုးမျိုး ပေးနေမည့်အစား ပြည်တွင်း ပြည်ပရှိ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများ အားလုံး မဲပေးခွင့်ရရှိရေးရန် နည်းလမ်းရှာပေးခြင်းသည်သာ အကောင်းဆုံး ရလဒ်ဖြစ်မည်ဟုလည်း အများက ဝေဖန်ထောက်ပြမှုများ ရှိသည်။

ထို့အတူ ကြိုတင်မဲပေးမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင် အဆင့်ဆင့်တို့၏ လုပ်ဆောင်မှုများသည်လည်း ပွင့်လင်းမြင်သာမှု လုံး၀ အားနည်းသည်ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

၎င်းက “ဥပမာ – ဘယ်နိုင်ငံမှာကတော့ မဲပေးပိုင်ခွင့်ရှိသူ ဘယ်လောက်ရှိတယ်၊ မဲလက်မှတ် ဘယ်နှစ်စောင် ပို့ထားတယ်၊ အဲဒီထဲကမှ ဘယ်နှယောက်ကတော့ မဲပေးတယ်ဆိုတဲ့ စတဲ့ အချက်အလက်တွေကို နိုင်ငံရေး ပါတီတွေနဲ့ပြည်သူတွေ သိအောင် ပွင့်လင်းမြင်သာမှု ရှိရှိ မထုတ်ပြန်တာကိုက ကော်မရှင်ရဲ့ အားနည်းချက်လို့ ကျနော်က မြင်တယ်” ဟု ဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများသည် အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာနိုင်ငံ သံရုံးများ၌ ကြိုတင်မဲများ ပေးခဲ့ကြသည်။ အကြောင်း အမျိုးမျိုးကြောင့် မဲမပေးလိုက်ရသူများအား ယခုရက်ပိုင်းအတွင်း ပေးခွင့်ရရန် စီစဉ်ပေးမည်ဟု သက်ဆိုင်ရာ သံရုံးများက ပြောဆိုထားကြောင်း သိရသည်။ ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ပြည်ပရောက် နိုင်ငံသားများ မဲပေးခွင့် မရလိုက်သူများအား ပြန်လည် ပေးခွင့်ရရေး စီစဉ်ပေးမည်ဟု ပြောဆိုထားသော်လည်း အပြည့်အစုံ ပေးခွင့်မရမည်ကို စိုးရိမ်သူများလည်း ရှိနေကြသည်။

Did you find apk for android? You can find new Free Android Games and apps.