fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

၁၉၉၀ ရွေးကောက်ပွဲက ပေးခဲ့သော သမိုင်းသင်ခန်းစာများ

ဗြိတိန်သံတမန်ဟောင်း ဒါရက်တွန်ကင် (Derek Tonkin) နှင့် မြန်မာနိုင်ငံမှ အာဏာရှင် စစ်အစိုးရများကို ကာကွယ်ရာတွင် လူသိများသော ရောဘတ်တေလာ (Robert Taylor) တို့သည် သမိုင်းများကို ပြင်ဆင်ရေးသားရာတွင် တခြားသူများထက် ပို၍ သာသည်။


Want create site? Find Free WordPress Themes and plugins.

ယခု ရွေးကောက်ပွဲ နီးလာသည့် အချိန်၌ လွန်ခဲ့သော ၂၅ နှစ်က မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲတခု ရှိခဲ့သည်ကို သတိရသင့်ပါသည်။ ဒေသတွင်း စံနှုန်းများ အရ ကြည့်လျှင်လည်း အံ့အားသင့်ဖွယ်ရာကောင်းအောင် လွတ်လပ်ပြီး မျှတခဲ့သည့် ရွေးကောက်ပွဲတခုလည်း ဖြစ်ပါသည်။

သို့သော်လည်း ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက် နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲ အပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် အခါ ခံစားခဲ့ရသည့် ဝမ်းသာပီတိများသည် နောက်ထပ် ၂ လ တိတိ ကြာမြင့်ခဲ့ချိန် ၁၉၉၀ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ ရောက်သည့်အခါတွင် ချောက်ချားစရာ ယူကျုံး မရမှုများ အဖြစ် ပြောင်းလဲ သွားခဲ့ရသည်။

ထိုစဉ်က အုပ်ချုပ်နေသည့် စစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ – နဝတ) က ကြေညာချက် “၁/၉၀” ကို ထုတ်ပြန်၍ ၎င်းတို့အစိုးရ၌သာ ဥပဒေပြုရေးအာဏာ ရှိကြောင်းနှင့် ယခုရွေး ကောက်ပွဲတွင် ပြည်သူတို့က ရွေးချယ်ပေးလိုက်သည့် ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ နိုင်ငံသစ်အတွက် အခြေခံဥပဒေတရပ် ရေးဆွဲပေးရန်သာ တာဝန်ရှိကြောင်း ကြေညာခဲ့ပါသည်။

မြန်မာနိုင်ငံမှ အဖြစ်အပျက်များနှင့် ပတ်သက်၍ သတင်းရေးနေကြသည့် ကျနော်နှင့် တခြားသတင်းသမားများ ထိုအချိန်က မယုံနိုင်အောင်ဖြစ်ခဲ့ ရသည်ကို မှတ်မိနေပါသေးသည်။ ကျနော်တို့ ဆက်သွယ်ခဲ့သည့် မြန်မာနိုင်ငံတွင်းမှ ပြည်သူများ ကလည်း စိတ်ပျက်ဒေါသ ဖြစ်ရကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောကြသည်။ စစ်အစိုးရ၏ ကြေညာချက် “၁/၉၀” က ၎င်းတို့ ယခင်က ပေးထားခဲ့သည့် ကတိများနှင့် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ရွေးကောက်ပွဲ၏ ရလဒ် ကလည်း အလွန်ပင် ရှင်းလင်းထင်ရှားခဲ့သည်။

တလကျော် ကြာမြင့်ခဲ့ပြီး နေ့စဉ် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည့် ဒီမိုကရေစီ တောင်းဆိုမှုများကို စစ်အစိုးရက ရက်စက်ကြမ်းတမ်းစွာ ဖြိုခွဲအဆုံးသတ်ခဲ့ ပြီးနောက် ၄ ရက်အကြာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ လ ၂၂ ရက်နေ့ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ အတွင်းရေးမှူး (၁) နှင့် အာဏာပြင်းသည့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ညွန့်က ရန်ကုန်မြို့၌ နိုင်ငံခြား စစ်သံမှူးများနှင့် တွေ့ဆုံရာတွင် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု ရရှိလာသည်နှင့် ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပါတီကို စနစ်တကျ အာဏာလွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တခု ရေးဆွဲရန် လိုအပ်ကြောင်း တခွန်းမျှ မပြောခဲ့ပါ။

ရွေးကောက်ပွဲ ကျင်းပရန် ၁ နှစ်ခန့် အလို ၁၉၈၉ ခုနှစ် မေလ ၃၁ ရက်နေ့တွင် နဝတအစိုးရက ဥပဒေ ၁၄/၈၉ ကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေဟု ခေါ်တွင်စေရမည် ဟု ဖော်ပြ ထားသည် ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော် ဆိုသည်မှာ ပါလီမန်ကို ဆိုလိုခြင်း ဖြစ်သည်။ တော်လှန်ရေး ကောင်စီက ရေးဆွဲခဲ့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် “ပြည်သူ့ လွှတ်တော်သည် နိုင်ငံသားများ ကိုယ်စား နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ခံယူကျင့်သုံးသော နိုင်ငံတော်၏ အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်း ဖြစ်သည်” ဟု ဖော်ပြထား သည်။ လွတ်လပ်ရေး မရမီက ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲပေးခဲ့သော ဥပဒေပြု အဖွဲ့အစည်းကို ပြည်သူ့လွှတ်တော် ဟု မသုံးစွဲဘဲ “တိုင်းပြည်ပြုလွှတ်တော်” ဟုသာ ခေါ်ဝေါ်သုံးစွဲ ခဲ့ပါသည်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် “ပြည်ထောင်စုနိုင်ငံ၏ ဥပဒေပြုမှုအာဏာသည်၊ ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန်တွင် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစု လွှတ်တော်တို့ ပါဝင်ရမည်။ ဤအခြေခံဥပဒေတွင် ပါလီမန်ကို “ပါလီမန်”၊ သို့တည်းမဟုတ် “ပြည်ထောင်စုပါလီမန်” ဟု ခေါ်ရမည်” ဟု ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ကြောင့် အခြေခံဥပဒေရေးဆွဲသည့် လွှတ်တော်ကို ပြည်သူ့လွှတ်တော်ဟု တိုက်ရိုက် သုံးနှုန်းခြင်း မရှိ ကြောင်း တွေ့ရမည်ဖြစ်သည်။ ၁၉၉၀ မေလ ရွေးကောက်ပွဲမတိုင်မီအထိ နဝတက ပြည်သူ့ လွှတ် တော်ဟုသာ သုံးစွဲခဲ့ပြီး “တိုင်းပြည်ပြုလွှတ်တော်” အဖြစ် ဖော်ပြခြင်း လုံးဝမရှိခဲ့ပါ။

သို့သော်လည်း ၎င်းအချက်များသည် လတ်တလောကာလတွင် နိုင်ငံခြားမှ စောင့်ကြည့်လေ့လာသူ အမြောက် အမြားက ၁၉၉၀ ရွေးကောက်ပွဲ၏ အလုံးစုံ ရည်ရွယ်ချက်အပေါ် အထင်မှား ပြောဆိုမှုများ ဖြစ်မလာစေရန် မတားဆီး နိုင်ခဲ့ပါ။ ဩစတြေးလျနိုင်ငံသား စာနယ်ဇင်းသမားတဦးဖြစ်ပြီး Myanmar Times ဂျာနယ် အယ်ဒီတာဟောင်း ဂျက်ဖရီ ဂေါ့ဒတ် (Geoffrey Goddard) က ၂၀၁၅ ခုနှစ် ဧပြီလက ထုတ်ဝေခဲ့သည့် Mizzima Weekly အပတ်စဉ် ဂျာနယ် တွင် ၁၉၉၀ ရွေးကောက်ပွဲက လွှတ်တော်တခု ဖွဲ့စည်းရန် မဟုတ်ဘဲ အခြေခံဥပဒေ ရေးဆွဲမည့် အဖွဲ့အစည်းတခုကို ရွေးချယ်ခြင်းသာ ဖြစ်ကြောင်း ရေးသားခဲ့သည်ကို တွေ့ရသည်။

ဂျက်ဖရီ ဂေါ့ဒတ်က မည်သည့် အရင်းအမြစ်ကို ကိုးကား ရေးသားခဲ့ပါသနည်း။ သမိုင်းများကို ပြင်ဆင်ရေးသား ခြင်းဖြင့် တခြားသူများထက် ပို၍ အလုပ်များနေခဲ့သည့် ဗြိတိန်သံတမန်ဟောင်း ဒါရက်တွန်ကင် (Derek Tonkin) နှင့် မြန်မာနိုင်ငံမှ အာဏာရှင် စစ်အစိုးရများကို ကာကွယ်ရာတွင် လူသိများသော ရောဘတ်တေလာ (Robert Taylor) တို့ကို ကိုးကားရေးသားခဲ့ခြင်း ဖြစ်ပါသည်။

ပိုမို၍ အစွန်းရောက်သည့် အမြင်ရှိသူမှာ နော်ဝေနိုင်ငံသား စာနယ်ဇင်းသမားတဦးဖြစ်သည့် ခရစ္စတိုဖာ ရွန်နင်ဘာ့ဂ် (Kristoffer Rønneberg) ဖြစ်သည်။ မကြာမီက ထုတ်ဝေခဲ့သည့် Veien to Mandalay: En reise fra Burma til Myanmar (“The Road to Mandalay: A Journey from Burma to Myanmar”) အမည်ရှိ စာအုပ်တွင် သူက “၎င်းရွေးကောက်ပွဲ (၁၉၉၀ ရွေးကောက်ပွဲ) က အစိုးရသစ်တခု ဖွဲ့စည်းရန် ဖြစ်သည်ဟု ပြည်သူ အမြောက်အမြားက ယနေ့ခေတ်တွင် ယုံကြည်နေကြသည်မှာ ၁၉၉၀ ခုနှစ်နောက်ပိုင်းမှ တက်ကြွလှုပ်ရှား သူများနှင့် အတိုက်အခံများ ကြောင့် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရန် ဖြစ်သည် ဆိုသည်ကို ရွေးကောက်ပွဲ တွင် ပါဝင်ခဲ့သူတိုင်း သိရှိပြီး ဖြစ်ပါသည်” ဟု ရေးသားခဲ့သည်။

ဂျာမန်ပညာရှင် တဦးဖြစ်သော မိုက်ကယ် လီဒေါ (Michael Lidauer) က Nordic Institute of Asian Studies မှ ယမန်နှစ်က ထုတ်ဝေခဲ့သော “Burma/Myanmar: Where Now? ” အမည်ရှိ စာအုပ်တွင် “ရွေးကောက်ပွဲ များ နီးကပ်လာသည့် အချိန်တွင် (နဝတ) က အခြေခံဥပဒေသစ် တခု ရေးဆွဲပြီး နောက်ပိုင်းမှသာ အရပ်သား အစိုးရ၏ လက်သို့ အာဏာလွှဲပြောင်းပေးမည်ဟု ကြေညာခဲ့သည်။ ထို လုပ်ငန်းစဉ်က ဆယ်စုနှစ် ၂ ခု ကြာမြင့် ခဲ့သည်” ဟု ရေးသားခဲ့သည်။ သူ အချက်အလက်ရယူသည့် အရင်းအမြစ်ကလည်း ဒါရက်တွန်ကင်ပင် ဖြစ်သည်။ တခြားသော ဂျာမန် စာရေးဆရာ တယောက် ဖြစ်သည့် ဟန်စ်-ဘားရန့် ဇိုလ်နာ (Hans-Berndt Zöllner) ၏ The Beast and the Beauty အမည်ရှိ စာအုပ်တွင်လည်း ဒါရက်တွန်ကင်၏ အယူအဆကို ထောက်ခံထားကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရသည်။

အဆိုပါ သမိုင်း အမှားအယွင်းမျိုးကို အွန်လိုင်း စွယ်စုံကျမ်း တခုဖြစ်သည့် ဝီကီပီဒီးယား (Wikipedia) ၌ပင် တွေ့နေရ သည်။ “ရွေးကောက်ပွဲများသည် လွှတ်တော်က ရွေးချယ်သည့် အစိုးရတခု ဖွဲ့စည်းရန် မဟုတ်ပါ။ ပါလီမန်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရေး ကော်မတီတခု ဖွဲ့စည်းရန် အတွက်သာ ဖြစ်သည်” ဟုWikipedia တွင် ဖော်ပြထားသည်။

၎င်းကိုးကားထားသည့် အချက်ကို အမေရိကန်နိုင်ငံသား မြန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) ၏ “Burma/Myanmar : What Everyone Needs to Know” စာအုပ်၏ စာမျက် နှာ ၉၀ မှ ၉၃ အတွင်းတွင် တွေ့ရှိရသည်။ သို့သော်လည်း အဆိုပါ စာမျက်နှာများတွင် ဒေးဗစ် စတိန်းဘာ့ဂ် ရေးသားခဲ့သည်မှာ “ရွေးကောက်ပွဲမတိုင်မီ ၁ နှစ်ခန့် အလိုတွင် စစ်အစိုးရက ရွေးကောက်ခံရသူများသည် အခြေခံဥပဒေအသစ် တခု ရှိမလာမီ အချိန် အထိ အစိုးရဖွဲ့စည်းခြင်း ပြုနိုင်မည် မဟုတ်ဟု လူသိရှင်ကြား ကြေညာခဲ့ပါသည်” ဟုသာ ရေးသားခဲ့ခြင်း ဖြစ်သည်။

ဒေးဗစ် စတိန်းဘာ့ဂ်က ၎င်းထက် ပို၍ အသေးစိတ် ရေးသားခဲ့ခြင်း မပြုခဲ့ပါ။ ထိုအချိန်က ပြောခဲ့သည့် အကြောင်းအရာ အားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်စေမည့် ကိစ္စမျိုးကို နဝတအဖွဲ့ မည်သည့်အချိန်တွင် မည်ကဲ့သို့ ဖော်ပြခဲ့သည် ဆိုသည် ကလည်း ရှင်းလင်းမှု မရှိပါ။

၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျနော်နှင့် ထိုင်းနိုင်ငံ အခြေစိုက် စာနယ်ဇင်းသမား အများအပြား မြန်မာနိုင်ငံသို့ စစ်အစိုးရ အာဏာပိုင်များ၏ အစီအစဉ်ဖြင့် သွားရောက်ခဲ့ကြပါသည်။ ထိုနေ့တွင် နဝတ၏ သတင်းထုတ်ပြန်ရေး ကော်မတီမှ ဗိုလ်မှူးကြီး ရဲထွဋ် (လက်ရှိ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် မဟုတ်ပါ။ နာမည် တူခြင်းသာ ဖြစ်ပါ သည်။) နှင့် ကျနော်တို့ တွေ့ဆုံခဲ့ကြပါသည်။ “ရွေးကောက်ပွဲ ကျင်းပပြီးတာနဲ့ ကျနော်တို့က ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးပြီးတော့ စစ်တန်းလျားကို ပြန်မယ်” ဟု သူက ကျနော်တို့ကို ရှင်းရှင်းလင်းလင်းပင် ပြောခဲ့ပါသည်။

NLD ပါတီ အနိုင်ရရှိခဲ့ပါကလည်း ဤကဲ့သို့ ပြုလုပ်မည်လား ဟု ကျနော်က မေးသည့်အခါ ဗိုလ်မှူးကြီး ရဲထွဋ်က “ဟုတ်ပါတယ်။ ကျနော်တို့ စစ်သားတွေက ကတိ တည်ပါ တယ်။ ကျနော်တို့ စစ်တန်းလျားကို ပြန်ပါ မယ်” ဟု ပြန်ဖြေ ခဲ့သည်။ ထိုအချိန်က ကျနော်နှင့် အတူ AP သတင်းဌာန၏ ဒေသဆိုင်ရာဗျူရို အကြီးအကဲနှင့် တခြားနိုင်ငံခြား သတင်းထောက်များလည်း ရှိနေခဲ့ပါသည်။

၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ပြုလုပ်သည့် နဝတ အဖွဲ့ အစည်းအဝေးတွင် ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး စောမောင်က “ကျနော်တို့နိုင်ငံရဲ့ အာဏာနဲ့ပတ်သက်လို့ ပြောခဲ့ပြီးပြီ။ ရွေးကောက် ပွဲ ကျင်းပပြီးတာနဲ့ အစိုးရအဖွဲ့ တခုကို ဥပဒေနဲ့အညီ ဖွဲ့စည်းပြီး အာဏာလွှဲပြောင်း ယူလို့ရပြီ။ ရွေးကောက်ပွဲက အစိုးရတခု ပေါ်ပေါက် လာဖို့ ကျင်းပတာ ဖြစ်တယ်။ ဒါက ကျနော်တို့ တာဝန်ပဲ။ ရွေးကောက်ပွဲနောက်ပိုင်းမှာ တရားဝင် အစိုးရတခု ဖွဲ့စည်းဖို့က တပ်မတော်ရဲ့တာဝန်ဖြစ် တယ်။ ခုချိန်မှာ ဒါကိုကျနော်တို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောနေပါတယ်” ဟု ပြောကြား ခဲ့သည်။ ထိုအစည်းအဝေးသို့ နဝတအဖွဲ့ဝင်များနှင့် စစ်တိုင်းမှူးများ တက်ရောက်ခဲ့ကြပြီး မိန့်ခွန်းအပြည့် အစုံကို ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့ပါ သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တခု ရေးဆွဲရေးသည် ရွေးကောက်ပွဲ မတိုင်မီက ပြောဆိုဆွေးနွေးစရာ အကြောင်း အရာတခု မဟုတ်ခဲ့ပါ။ NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း ပြောလာသည်ကိုပင် ဗိုလ်ချုပ်မှူးကြီး စောမောင် ကိုယ်တိုင်က ဝေဖန်ပြောဆိုခဲ့သည်။ တက်ကြွလှုပ်ရှားသူ တချို့က ထိုအချိန်တွင် အခြေခံဥပဒေနှင့် ပတ်သက်၍ စတင် လုပ်ဆောင်နေကြပြီ ဖြစ်သည်။

ရွေးကောက်ပွဲ မတိုင်မီ ၂ ပတ်အလို ၁၉၉၀ ခုနှစ်၊ မေလ ၁၀ ရက်နေ့က မိန့်ခွန်းတခုတွင် ဗိုလ်ချုပ်ကြီး စောမောင်က “အရင် တုန်းက ရှေ့နေချုပ် တာဝန် ထမ်းဆောင်ခဲ့ တဲ့ ပုဂ္ဂိုလ်တယောက်က အခြေခံဥပဒေရဲ့ အရေးပါပုံကို ပြောခဲ့တယ်။ ကျနော်တို့ရဲ့ လက်ရှိ ရည်မှန်းချက်ကတော့ ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့ အတိုင်း ကျင်းပဖို့ပဲ။ အဲဒီပုဂ္ဂိုလ် ပြောခဲ့တဲ့ အခြေခံဥပဒေ ဆိုတာက ကျနော်တို့နဲ့ မဆိုင်ပါဘူး။ ထပ်ပြောရရင် ကျနော်တို့ အလုပ် မဟုတ်ပါဘူး။ အခြေခံဥပဒေသစ် တခု ဆွဲမယ် ဆိုရင်လည်း ဆွဲနိုင်ပါတယ်။ အခြေခံဥပဒေ ဟောင်းကို အနည်းငယ် ပြင်ဆင်ပြီးတော့ ပြန်သုံးမယ် ဆိုရင်လည်း သုံးနိုင်ပါတယ်” ဟု ပြောကြားခဲ့ သည်။ (လုပ်သားပြည်သူ့နေ့စဉ်၊ ၁၉၉၀ ခုနှစ်၊ မေလ ၁၁ ရက်)

ဗိုလ်ချုပ်မှူးကြီး စောမောင် ရည်ညွှန်းခဲ့သည်မှာ ရှေ့နေချုပ်ဟောင်း ဦးလှအောင် ဖြစ်သည်။ ဦးလှအောင်သည် NLD ပါတီနှင့် နီးစပ်သူတယောက် ဖြစ်ပြီး ထိုအချိန်က ဒီမိုကရေစီ လှုပ်ရှားမှုအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးရာ ကိစ္စများကို သုတေသန ပြုလုပ်နေသူ ဖြစ်သည်။ ၁၉၈၉ ခုနှစ် ဖေဖော် ဝါရီလအတွင်းက သူနှင့် ကျနော် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး တညနေခင်းလုံး သူနှင့်အတူ ရှိနေခဲ့ပါ သည်။

၁၉၄၇ ခုနှစ် အခြေခံဥပဒေကို မည်ကဲ့သို့ ပြင်ဆင်အသုံးပြုနိုင်ကြောင်း သူက ကျနော့်ကို ပြသခဲ့ပါသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ သူ၏ အိမ်တွင်း စားပွဲပေါ်တွင် တင်ထားသော ကြီးမားသည့် ဇယား ကြီးတခုကို ကျနော် မှတ်မိနေပါ သေးသည်။ အထင်ကြီးစရာ တခု ဖြစ်သော်လည်း နဝတက ဤသို့ မထင်ခဲ့ပါ။ နှုတ်ပိတ်နေဖို့ သူ့ကိုပြောခဲ့ကြသည်။

ဒေးဗစ် စတိန်းဘာ့ဂ် က သူ၏ စာအုပ်တွင် ကိုးကားခဲ့ပြီး Wikipedia ကလည်း ဖော်ပြခဲ့သည်မှာ မည်သည့် ကြေညာချက် ဖြစ်နိုင်ပါသနည်း။ ထိုစဉ်က မြန်မာနိုင်ငံတွင် အာဏာအလွန် ပြင်းသည့် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့်က ပြောကြားခဲ့သည့် စူးစမ်းချင်စရာ ကြေညာချက်တခုတော့ ရှိပါသည်။ သို့သော်လည်း ရွေးကောက်ပွဲ မကျင်းပမီ တနှစ်နီးပါး အလိုက ထုတ်ပြန်ခဲ့ခြင်း မဟုတ်ဘဲ ရွေးကောက်ပွဲ မတိုင်မီ တလကျော် အလို ၁၉၉၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့က ထွက်ပေါ်လာခဲ့ ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲပြီးတာနဲ့ အစိုးရ ဖွဲ့စည်းနိုင်မှာ မဟုတ်ပါဘူး။ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ခင်ညွန့်က ပြောကြားခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့မှ သံတမန်တဦးက “အခြေခံ ဥပဒေ ရှိမလာသေးသရွေ့ စစ်တပ်က အာဏာလွှဲ ပေးမှာ မဟုတ်ဘူး ဆိုတာ ပထမဆုံး ပြတ်ပြတ်သားသား ပြောလိုက်တာ ဖြစ်ပါတယ်။ ကတ္တီပါလက်အိတ်ရဲ့ အောက်မှာ ဘာရှိတယ် ဆိုတာကို ပထမဆုံး ပြသလိုက်တာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

ထောက်လှမ်းရေး အကြီးအကဲ ဖြစ်သည့် ဗိုလ်ချုပ် ခင်ညွန့်က ပြည်သူလူထု၏ စိတ်သဘောထားကို တခြားသော နဝတ အဖွဲ့ဝင်များထက် ပို၍ သိနေခဲ့နိုင်ပါသည်။ NLD အနိုင်ရရှိတော့မည် ဖြစ်ကြောင်း သူ စတင် သတိထားမိခဲ့သည်။ ကြုံတွေ့လာနိုင်သည့် အကျပ်အတည်းမှ လွတ်မြောက်ရန် ထိုသို့ ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ်က သူ ပြောခဲ့သည်များနှင့် လုံးဝဆန့်ကျင်နေသော ဗိုလ်ချုပ်ခင်ညွန့်၏ ကြေညာချက်ကို အရေးတယူ လုပ်သူ အနည်းငယ် မျှသာ ရှိခဲ့ပါသည်။ သို့သော်လည်း ကျနော်တို့ ကဲ့သို့ မြန်မာနိုင်ငံမှ အဖြစ်အပျက်များနောက်ကို လိုက်နေသည့် မီဒီယာသမားများကတော့ အကယ်၍ NLD အနိုင်ရရှိခဲ့လျှင် ဖြစ်လာနိုင်သည့် အကြောင်းပြချက်တခု ဖြစ်လိမ့်မည်ဟု ကောက်ချက်ချခဲ့သည်။

ထိုအချိန်က ရေးသားခဲ့သော ကျနော်တို့၏ သံသယများကို ပြီးခဲ့သည့် နှစ်များ အတွင်းတွင် ဒါရက်တွန်ကင်က ၁၉၉၀ ရွေးကောက်ပွဲသည် အခြေခံဥပဒေရေးဆွဲရေး ညီလာခံတခု အတွက်သာ ဖြစ်ပြီး လွှတ်တော်ဖွဲ့စည်းရန် မဟုတ်ကြောင်း သက်သေပြရန် အတွက် အသုံးချခဲ့သည်ကို တွေ့ရသည်။ အခြေခံဥပဒေသစ် တခု ရေးဆွဲရေးသည် လနှင့်ချီ၍ သို့မဟုတ် နှစ်နှင့် ချီ၍ နှောင့်နှေးနိုင်သည်ဟု သံတမန်တဦးက မှတ်ချက်ပေးကြောင်းလည်း Reuters သတင်းဌာနက ရေးသားခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း အလားတူ စိုးရိမ်မှုရှိကြောင်း သူ နေအိမ် အကျယ်ချုပ်ချထားခြင်း ခံခဲ့ရသည့် ၁၉၈၉ ခုနှစ် ဇူလိုင်လ မတိုင်မီ ပြုလုပ်ခဲ့သည့် Asia Week နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီက ရောဘတ်တေလာ ပြောခဲ့သည်ကို ပြန်အမှတ် ရသင့်ပါ သည်။ ထိုအချိန်ကစ၍ အခြေခံဥပဒေ ရေးဆွဲရေး ညီလာခံတခု အကြောင်း သူက ရေးသားခဲ့သည်။ ၁၉၉၀ ခုနှစ် မတ်လထုတ် Current History ဂျာနယ်တွင် ရေးသားခဲ့သော ဆောင်းပါးရှည် တပုဒ်တွင် ရောဘတ်တေလာက “ရွေးကောက်ပွဲတွေက လွှတ်တော် အသစ်တခု ရွေးချယ်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်က ရွေးချယ်ခံ ဥပဒေပြု လွှတ်တော်က ဖွဲ့စည်းပေးတဲ့ အစိုးရကို ဘယ်အချိန်မှာ ဘယ်လို လွှဲပြောင်း ပေးမယ် ဆိုတာကတော့ မရှင်းလင်းသေး ပါဘူး။ ဒါပေမယ့် မြန်မာ့နိုင်ငံရေး သမိုင်းနဲ့ အကျွမ်းတဝင် ရှိတဲ့ မည်သူမဆို အစိုးရသစ် တခုဖွဲ့စည်းပြီးတဲ့ နောက်မှာ စစ်တပ်က သူ့ရဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းတွေ အားလုံးကို စွန့်လွှတ်မယ် လို့ မမျှော်လင့်ပါဘူး” ဟု ရေးခဲ့သည်။

ထို့ကြောင့် ရောဘတ်တေလာ၏ အဆိုအရ ရွေးကောက်ပွဲများသည် ပြည်သူ့လွှတ်တော်တခု ဖွဲ့စည်းရန် ဖြစ်ကြောင်း သေချာနေ ပါသည်။ အခြေခံဥပဒေ ရေးဆွဲမည့် ညီလာခံတခု ပြုလုပ်ရန် မဟုတ်ပါ။ အစိုးရသစ်ကို မည်သည့် အချိန်တွင် ဖွဲ့စည်းနိုင်မည် ဆိုသည်ကိုသာ မေးခွန်းထုတ်ရန် ရှိပါသည်။ ရောဘတ်တေလာ ထိုသို့ စိတ်ချလက်ချ ရေးခဲ့ခြင်းမှာ စစ်တပ်က ကျောထောက် နောက်ခံပေးထားသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကြောင့် ဖြစ်သည်။

တစည ပါတီသည် စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်တွင်း တခုတည်းသော တရားဝင် ပါတီအဖြစ် ရပ်တည်ခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ကို အမည်ပြောင်းထားသည့် ပါတီ ဖြစ်သည်။ “လေ့လာစောင့်ကြည့်သူ အများအပြားက တစည ပါတီ ရွေးကောက်ပွဲမှာ အခြေအနေကောင်းမယ် လို့ ယူဆခဲ့ကြ တယ်” ဟု သူက ဆိုသည်။ NLD ပါတီက မြို့ပြ ဒေသများတွင် အင်အားကောင်းနိုင်သော်လည်း ကျေးလက်နေ ပြည်သူများက “သူတို့သိသော နတ်ဆိုးများ” (တစည တဖြစ်လဲ မဆလများ) ကိုသာ မဲပေးလိမ့်မည်ဟု ပြောဆိုမှုများ လည်း ထိုအချိန်က ရှိခဲ့သည်။

သို့သော်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၏ မဲရလဒ်များ ရေတွက်ပြီးသည့်အခါ NLD ပါတီက ကိုယ်စားလှယ် ၄၈၅ နေရာတွင် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ မြို့ပြများတွင်မက ကျေးလက်ဒေသများတွင်ပါ တနိုင်ငံလုံးတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် တစည ပါတီက ကိုယ်စားလှယ်နေရာ ၁၀ ခုသာ ရရှိခဲ့သည်။ တစည ပါတီက ထောက်ခံမဲ ၂၀ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်ဟု စောဒကတက်ဖွယ်ရာ ရှိသော်လည်း မြန်မာနိုင်ငံမှ ရွေးကောက်ပွဲက အချိုးကျကိုယ်စားပြုသည့် စနစ် မဟုတ်ပါ။ မည်ကဲ့သို့ မြင်ကြသည် ဖြစ်စေ တစည ပါတီ ကျဆုံးသွား ခဲ့ရပြီ ဖြစ်သည်။

ထို့ကြောင့် စစ်တပ်က နိုင်ငံရေးအဖွဲ့အစည်းအသစ် တခု တည်ထောင်ရန် ဖြစ်လာခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းကို တည်ထောင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းသည် ၂၀၁၀ တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟု အမည်ပြောင်းလဲ ခဲ့သည်။

အရေးကြီးသည့် ကစားပွဲတွင် ဗိုလ်ချုပ်ခင်ညွန့် မှန်ခဲ့ပါသည်။ NLD က ထောက်ခံမဲ များစွာ ရရှိခဲ့သည်။ မနိုင်စေချင် သော ပါတီနိုင်ခဲ့သည်။ ထို့ကြောင့် ဥပဒေများ ပြောင်းလဲဖို့ ဖြစ်လာရသည်။ ၁၉၉၀ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက် မတိုင်မီတွင် ဗိုလ်ချုပ်ခင်ညွန့်၏ (ထောက်လှမ်းရေး အဖွဲ့အစည်းထက် လျှို့ဝှက်ရဲအဖွဲ့ နှင့် ပိုတူသော) ထောက်လှမ်း ရေးအဖွဲ့က ရွေးချယ်ခံရသည့် NLD ပါတီမှ ကိုယ်စားလှယ်များအပေါ် ကြီးမားသော စစ်ဆင်ရေးတခု ဆင်နွှဲခဲ့သည်။

နှစ်ကုန်သည့်အခါ ၆၅ ယောက် အဖမ်းခံခဲ့ရပြီး ကိုယ်စားလှယ် တဒါဇင်ခန့် မှာ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံကဲ့သို့သော အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြရသည်။ နုတ်ထွက် သွားခဲ့သူလည်း အများအပြား ရှိခဲ့သည်။ အကယ်၍ ရွေးကောက်ပွဲတွင် တစညပါတီ အနိုင်ရရှိခဲ့ပါကလည်း အလားတူ ဖြစ်လိမ့်မည်ဟု မည်သူက အမှန်တကယ် ယုံကြည် နိုင်မည်နည်း။ ပြည်သူ့လွှတ်တော်နှင့် အခြေခံဥပဒေသစ်တခု ရေးဆွဲနေချိန်တွင် တာဝန်ယူမည့် ကြားဖြတ် အစိုးရ တခုတို့ ရက်အနည်းငယ် အတွင်းမှာပင် ပေါ်ပေါက်လာမည်မှာ သံသယဖြစ် စရာ မလိုပါ။

သို့သော်လည်း NLD အနိုင်ရရှိခဲ့သည့် အတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ပေါ်ပေါက် မလာခဲ့ရပါ။ နောက်ဆုံးတွင် “တိုင်းပြည်ပြုလွှတ်တော်” တခုပင် ပေါ်ပေါက်မလာခဲ့ပါ။ အခြေခံ ဥပဒေရေးဆွဲရန် အတွက် အမျိုးသား ညီလာခံ ကျင်းပသည့် အခါ ရွေးချယ်ခံရသည့် ကိုယ်စားလှယ် ၄၈၅ ဦးထဲမှ ၁၀ဝ ခန့်သာ ပါဝင်လာခဲ့သည်။ ရွေးကောက်ခံ မဟုတ်သော ကျန်သည့် ညီလာခံကိုယ်စားလှယ် ၆၀ဝ မှာ စစ်တပ်က စိတ်ကြိုက် ရွေးချယ်ထားသူများ ဖြစ်သည်။

အကယ်၍ စစ်တပ်က စစ်တန်းလျားသို့ မပြန်မီ အခြေခံဥပဒေတခုကို ရေးဆွဲရမည် ဆိုသည့် အယူအဆကို လက်ခံသူ ရှိလျှင်ပင် ထိုတာဝန်ကို ရွေးကောက်ခံ ကိုယ်စားလှယ်များ လက်သို့ ပေးအပ်ရမည် ဖြစ်သည်။ အမျိုးသား ညီလာခံ ကိုယ်စားလှယ် ၇၀ဝ ထဲတွင် တချို့တလေ ပါဝင်ခွင့် ပေးခြင်းမျိုး မဖြစ်ရပါ။ ဒါရက်တွန်ကင် နှင့် ရောဘတ်တေလာတို့ ပင် ရွေးကောက်ပွဲ မတိုင်မီ မြန်မာစစ်ဘက် အာဏာပိုင်များ ကြေညာခဲ့သမျှ အားလုံးကို ရဲရဲတင်းတင်း လက်မခံခဲ့ကြ ပါ။ ခရစ္စတိုဖာ ရွန်နင်ဘာ့ဂ် ကဲ့သို့သော စာရေးဆရာများ ယုံကြည်ခဲ့သလို မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသူများက သူတို့ ရွေးကောက်ပွဲဝင်သည့် အချိန်တွင် ဖြစ်လာမည့် အကြောင်းအရာတွေကို ကြိုတင် သိရှိထားခြင်းလည်း မရှိခဲ့ကြပါ။

သူ၏ Network Myanmar ဝက်ဘ်ဆိုက်တွင် ဒါရက်တွန်ကင်က ၁၉၉၀ အောက်တိုဘာလတွင် NLD ထိပ်တန်း ခေါင်းဆောင် တဦး ဖြစ်သော ဒေါ်မြင့်မြင့်ခင်က အခြေခံဥပဒေသစ် ရေးဆွဲရေး အတွက် အမျိုးသားညီလာခံတွင် ပြန်လည် ပါဝင်ရန် NLD ပါတီကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြောင်း၊ NLD ပါတီက ၁၉၉၀ မေလ ရွေးကောက်ပွဲ ရလဒ် အတိုင်း အစိုးရဖွဲ့စည်းရန် အစီအစဉ်ကို လက်လျှော့လိုက်ခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းတွင် တက်ကြွလှုပ်ရှားသူ တဦးဖြစ်ခဲ့သည့် ဒေါ်မြင့်မြင့်ခင်က အဆိုပါ ကြေညာချက်ကို ကြီးမားစွာ ဖိအားပေးလာမှုများကြောင့် လက်မှတ်ထိုးပေးလိုက်ခြင်း ဖြစ်သည်ဟု ဖော်ပြရန် ပျက်ကွက်ခဲ့ပါသည်။ နောက်ပိုင်းတွင် သူလည်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အဖြစ်မှ နုတ်ထွက်သွားခဲ့သည်။

ဤသို့ဆိုပါလျှင် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲနောက်ပိုင်း အဖြစ်အပျက်များမှ ကျနော်တို့ မည်သည့် သင်ခန်းစာများ ရရှိနိုင်ပါသနည်း။

ပထမဆုံး သင်ခန်းစာမှာ ရွေးကောက်ပွဲ တခု၏ ရလဒ်က မြန်မာ စစ်ဘက်အာဏာပိုင်များနှင့် ဆက်စပ်မှု မရှိလျှင် ကတိများ၊ အာမခံချက်များသည် နောက်ပိုင်းတွင် အချည်းနှီးသာ ဖြစ်သည် ဆိုသော အချက် ဖြစ်ပါလိမ့်မည်။ အကယ်၍ ကြိုးကိုင်မှုများ၊ ခြိမ်းခြောက်မှုများ ရှိခဲ့လျှင်လည်း ဥပဒေများက အာဏာရှိသူများ၏ အလိုဆန္ဒအတိုင်း ပြောင်းလဲထားခဲ့ပြီးဖြစ်သည့် အတွက် ကျနော်တို့ အနေဖြင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်က ကျနော်တို့ ထင်ထားသည့် အတိုင်း မဟုတ်ကြောင်း၊ လုံးလုံးလျားလျား ကွဲပြားခြားနားမှုများ ရှိနေကြောင်း၊ အနာဂတ် အချိန်တခု တွင် ကျနော်တို့ကို ပြောပြမည့် (အစိုးရဘက်က) ရှေ့နေလိုက်သူများနှင့် မျက်နှာလို မျက်နှာရ လုပ်လိုသူအချို့ကို တွေ့ရဖွယ်တော့ မရှိပါ။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော ဆောင်းပါးရှင် ဘာတေးလင့်တနာ (Bertil Lintner) ၏ The 1990 Election; Sorting Fact from Fiction ကို နိုင်မင်းသွင် ဘာသာပြန်သည်။ ဘာတေးလင့်တနာသည် အာရှနှင့် မြန်မာနိုင်ငံအကြောင်း စာအုပ်များရေးသားထုတ်ဝေခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံ ချင်းမိုင်တွင် နေထိုင်လျက်ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.