fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
ဆောင်းပါး

၁ မိနစ်နဲ့အပြီး မဲပေးဖို့ အဆင်သင့်ဖြစ်ပြီလား

ပမာအနေနဲ့ မဲရုံတရုံမှာ လူဦးရေ ၆၀၀ မဲပေးရမယ်ဆိုပါက လူတဦးအနေနဲ့ ၁ မိနစ်အတွင်း မဲအပြီးပေးရမှာဖြစ်ပြီး လူဦးရေ ၁၂၀၀ ရှိမည်ဆိုပါက မဲဆန္ဒတဦးအနေနဲ့ မဲအပြီးပေးဖို့ စက္ကန့် ၃၀သာ အချိန်ရရှိတာ ဖြစ်ပါတယ်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် အထွေထွေရွေးကောက်ပွဲကို ပါဝင်ဆင်နွှဲကြမယ့် မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ မဲပြားတွေကို ကိုယ်စားလှယ်လောင်းတွေအတွက် ဆန္ဒမဲပေးရာမှာ အချိန်အနည်းငယ်သာ ရရှိမှာဖြစ်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေအရ မဲရုံတရုံမှာ မဲပေးနိုင်သူဦးရေကို ၃၀၀ ကနေ ၃၀၀၀ အထိ သတ်မှတ်ထားပြီး ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံကို နံနက် ၆ နာရီမှာ စတင်ဖွင့်လှစ်မည်ဖြစ်ကာ မဲရုံပိတ်ချိန်ကိုတော့ ညနေ ၄ နာရီ သတ်မှတ်ထားပါတယ်။

ဒီအတွက် မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးချိန် ၁၀ နာရီအတွင် တဦးလျှင် ၁ မိနစ်နှုန်းနဲ့ မဲအပြီးပေးနိုင်မည် ဆိုပါက လူ ၆၀၀ သာ မဲပေးနိုင်မှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်ဦးရေ များပြားတဲ့မြို့နယ်တွေမှာ ပြဿနာတွေ ရှိလာနိုင်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာပါဝင်သူ မဲဆန္ဒရှင်တွေအနေနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်တို့အတွက် အနည်းဆုံး မဲ ၃မဲ ပေးကြရမှာဖြစ်ပြီး တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်ပါဝင်တဲ့ မဲဆန္ဒနယ်အတွင်း နေထိုင်သူတွေအနေနဲ့ မဲ ၄ မဲ ပေးရမှာ ဖြစ်ပါတယ်။

ဥပမာအနေနဲ့  မဲရုံတရုံမှာ လူဦးရေ ၆၀၀ မဲပေးရမယ်ဆိုပါက လူတဦးအနေနဲ့ ၁ မိနစ်အတွင်း မဲအပြီးပေးရမှာဖြစ်ပြီး လူဦးရေ ၁၂၀၀ ရှိမည်ဆိုပါက မဲဆန္ဒတဦးအနေနဲ့ မဲအပြီးပေးဖို့ စက္ကန့် ၃၀သာ အချိန်ရရှိတာ ဖြစ်ပါတယ်။

မုံရွာခရိုင်၊ အလုံမြို့နယ်ထဲက မဲဆန္ဒရှင်ဦးရေ ၁၇၂၅ ယောက်ရှိတဲ့ ညောင်ခြေထောက်ကျေးရွာ မဲရုံမှာ စောင့်ကြည့် လေ့လာမယ့် ကိုရန်မိုးအောင်ကတော့ “သတ်မှတ်ချိန်ထဲမှာ ဘယ်လိုမှ မပြီးနိုင်ဘူး၊ မမီရင် လူတွေကို သုံးတန်းတန်းပြီး ပေးခိုင်းဖို့တော့ စီစဉ်ထားတယ်၊ မဲရုံကို မီးပြား (ဘက်ထရီးမီး) တွေပါ ယူသွားမှာပါ” လို့ သူ့ရဲ့  အခြေအနေကို ပြောပါတယ်။

အချိန်ပြဿနာအတွက် မဲဆန္ဒရှင်ဦးရေ နည်းပါးတဲ့ ကျေးလက်ဒေသတွေမှာ ပြဿနာ မရှိနိုင်ပေမယ့် အထူးသဖြင့် မဲဆန္ဒရှင်ဦးရေ များပြားတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာတော့ သတ်မှတ်ချိန်အတွင်း မဲပေးခွင့်ရှိသူအားလုံး ပါဝင် မဲပေးနိုင်ရေးအတွက် အချိန်မလုံလောက်မှုတွေ ရှိလာနိုင်ပါတယ်။

ယခုလို ရွေးကောက်ပွဲကျင်းပဖို့ ရက်အနည်းသာ လိုတော့တဲ့အချိန်မှာလည်း မဲဆန္ဒရှင် ပြည်သူအများစု အနေနဲ့ မဲပေးပုံနည်းစနစ်တွေကို သေချာစွာ သိရှိနားလည်သူ နည်းပါးနေသေးတယ်လို့ သာကေတ မြို့နယ်အတွင်း မဲဆန္ဒရှင်ပညာပေး လှုပ်ရှားဆောင်ရွက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်အဖွဲ့ဝင် မဇာနည်ထွန်းက ပြောပါတယ်။

“မဲပေးသူတွေက တဦးကို မဲ ၃ ပြားစီလောက် အနည်းဆုံးပေးရတဲ့နေရာမှာ မဲတပြားထုတ်လိုက် တခါပေးလိုက်နဲ့ လုပ်ကြည့်တဲ့အခါမှာ တဦးကို နာရီဝက် (မိနစ် ၃၀) လောက် ကြာတာကို တွေ့ရတယ်” လို့လည်း သူ့ရဲ့အတွေ့အကြုံကို မဇာနည်ထွန်းက ပြောပါတယ်။
ယင်းအတွက်ကြောင့် မဲဆန္ဒရှင်တွေအနေနဲ့  အများဆုံးအချိန် ၁ မိနစ်ခန့်အတွင်း မဲပြားတွေအပေါ် တံဆိပ်တုံး ရိုက်နှိပ်ရာမှာ မြန်မြန်နဲ့မှန်မှန် တိကျစွာ ရိုက်နှိပ်နိုင်ဖို့ သေချာစွာ သိရှိနားလည်ထားဖို့ လိုပါတယ်။

မဲပေးတာနဲ့ ပတ်သက်လို့ လုံလောက်တဲ့ သတင်းအချက်အလက်နဲ့ အသိပညာပေးမှုတွေမှာလည်း မဲဆန္ဒရှင်တွေအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် မရရှိခဲ့ကြဘဲ သရုပ်ပြလေ့ကျင့်မှုတွေနဲ့ ပညာပေးလုပ်ငန်း တွေမှာ အတော်လေး အားနည်းတာကို တွေ့ရတယ်လို့  ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ဆိုကြပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲစနစ် ပြောင်းလဲမှုမှာ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ မဲစာရွက်ပေါ် ဘောပင်နဲ့ အမှန်ခြစ်ခဲ့ရာကနေ ဒီတကြိမ်မှာတော့ ရာဘာတံဆိပ်တုံးနဲ့ တုံးထုပြီး မဲပေးကြရမှာ ဖြစ်ပါတယ်။

အဲဒီအတွက် တံဆိပ်တုံး ရိုက်နှိပ်ဖူးခြင်းမရှိတဲ့ မဲဆန္ဒရှင်တွေအနေနဲ့ အခက်အခဲတွေ ရှိနိုင်တဲ့အတွက် တံဆိပ်တုံး အစမ်းရိုက်နှိပ်ခြင်း သော်လည်းကောင်း၊ ရာဘာတံဆိပ်တုံးရဲ့  သဘောသဘာဝနဲ့ မင်ရည်ရဲ့ အခြေအနေတွေကို သိရှိထားဖို့ လိုအပ်တာဖြစ်ပါတယ်။

ထိုသို့မဟုတ်ပါက အချိန်အနည်းငယ်အတွင်း အလောတကြီးနဲ့ တံဆိပ်တုံး ရိုက်နှိပ်မည်ဆိုပါက နေရာလွဲမှားခြင်း၊  တကြိမ်ထက်ပို ရိုက်နှိပ်မိခြင်း၊ မင်ထွက်များပြီး မဲပြား စွန်းပေခြင်းတွေ ဖြစ်လာနိုင်တဲ့အတွက် ပယ်မဲတွေ ဖြစ်သွား နိုင်တာကို သတိပြုရမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေမှာတော့ “မဲရုံကို ညနေ ၄ နာရီတိတိအချိန်တွင် ပိတ်သည့်အခါ မဲရုံ  မပိတ်မီ ထိုမဲရုံပရိဝုဏ် အတွင်း၌ ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် ဆန္ဒမဲ မပေးရသေးသူများ ရှိပါက ယင်းတို့ကို စာရင်းကောက်ယူ၍ ထိုစာရင်းတွင် ပါသူများကိုသာလျှင် ဆန္ဒမဲပေးချိန်ကျော်လွန်ပြီး ဖြစ်စေကာမူ ဆန္ဒမဲပေးခွင့်ပြုရမည်” လို့ ပြဌာန်းထားပါတယ်။

ယင်းသို့ ဥပဒေပါ ပြဌာန်ချက်အတိုင်း မဲရုံပိတ်ချိန်မှာ မဲရုံပရဝုဏ်အတွင်းကို ရောက်ရှိနေသူအားလုံး မဲပေးခွင့် ရရေးအတွက် NLD အနေနဲ့ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ  ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းကတော့ “မဲမပေးလိုက်ရမှာကို စိုးရိမ်စရာ မရှိဘူး။ သတ်မှတ်ချိန် ကျော်သွားပေမယ့် မဲရုံပရဝုဏ် အတွင်းမှာ မဲပေးမယ့်သူတွေ ကျန်နေသေးလား တာဝန်ရှိသူက မေးမယ်။ ကျန်နေသေးတယ် ဆိုရင် မဲပေးချိန်ကျော်သွားလည်း ပေးခွင့်ရှိမှာပါ” လို့ အောက်တိုဘာ ၂၇ ရက်က နေပြည်တော်ရှိ UEC ရုံးချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်း စာရှင်းလင်းပွဲမှာ  ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ တခုသိထားရမှာက မဲရုံပရဝုဏ်ကို များသောအားဖြင့် ကိုက် ၅၀၀ သတ်မှတ်တယ် ဆိုပေမယ့် နေရာဒေသအလိုက် ဘယ်လောက် အကျယ်အထိ သတ်မှတ်ထားမှာလဲဆိုတာ တိတိကျကျ ပြဌာန်းထားတာ မရှိတဲ့အတွက် အချိန်မီမဲရုံအတွင်း ရောက်ရှိနေမှသာ  စိတ်ချရမယ့် အနေအထားပဲ ဖြစ်ပါတယ်။

မြို့ပေါ်ရပ်ကွက်တွေနဲ့  နေရာ တော်တော်များများမှာ ပြုလုပ်ထားတဲ့ မဲရုံဖွဲ့စည်းပုံတွေဟာ ပရိဝုဏ် အကျယ်အဝန်း သတ်မှတ်ဖို့ အခက်အခဲရှိတဲ့အတွက် သက်ဆိုင်ရာ မဲရုံမှူးတွေရဲ့ အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မယ့် ဒါန-ရှေ့ဆောင် မြန်မာအဖွဲ့က CEO တဦးဖြစ်တဲ့ ဦးချမ်းငြိမ်းအောင်က “မဲရုံပိတ်ချိန် မဲပေးမယ့်သူတွေ ကျန်နေသေးရင် သူက စာရင်းလိုက်ကောက် မှာလား၊ ဘယ်လောက် ကျန်သေးတယ်ဆိုပြီး ကြေညာပေးမလား၊ ဘာလုပ်မယ်ဆိုတာ စောင့်ကြည့်ရမှာပဲ” လို့ ဆိုပါတယ်။

နောက်ထပ် သတိထားရမယ့် အချက်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးသူအချို့ ကနေ ရည်ရွယ်ချက် ရှိရှိ မဲပေးချိန်ကြန့်ကြာအောင် အကြောင်းအမျိုးမျိုးရှာ အချိန်ဆွဲမှုတွေ ရှိလာနိုင်တာကိုလည်း မဲရုံကိုယ်စားလှယ်တွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ပူးပေါင်းဖြေရှင်းကြဖို့  လိုအပ်ပါတယ်။

အခြေအနေအမျိုးမျိုးအတွက် မဲဆန္ဒတွေအနေနဲ့ မဲရုံကို စောစောသွားကြဖို့၊ မဲလက်မှတ်တွေကို သေချာစွာ စစ်ဆေးယူကြဖို့နဲ့ ကိုယ့်အတွက်နဲ့ မဲပေးတဲ့လုပ်ငန်းစဉ် နှောင့်နှေးမှုမဖြစ်စေဘဲ အဆင်ပြေ မြန်ဆန်ဖို့အတွက် မဲရုံမှာ တာဝန်ထမ်းဆောင်နေကြတဲ့ မဲရုံဝန်ထမ်းတွေနဲ့ အတူပူးပေါင်းလုပ်ဆောင် ကြဖို့လည်း တိုက်တွန်းလိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.