fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျုး

“တပ်ဘက်က ၈၀ ရာခိုင်နှုန်းကျော်၊ ၉၀ ရာခိုင်နှုန်းအထိ ထောက်ခံမယ်လို့ ထင်တယ်”

ဘာကြောင့် ပြောနိုင်လဲဆိုတော့ မြို့နယ်ထဲက ရွာပေါင်း ၈၈ ရွာမှာ အကုန်လုံးကို တခေါက်တည်း မဟုတ်ဘဲ ၂ ခေါက် ရောက်ပြီးပြီ။ ၁၇၆ ခေါက် ရောက်ပြီးပြီ။ အဲဒီအခြေအနေကို ကြည့်ခြင်းဖြင့် ကိုယ့်ကိုယ် ထောက်ခံသူ များတယ်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလ၌ နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဟောင်း၊ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးဝေလွင်ကို မဲဆွယ်စည်းရုံးကာလအတွင်း ကြံခိုင်ရေးပါတီ၏ လုပ်ဆောင်ချက်၊ အမြင်၊ သုံးသပ်ချက်များနှင့် ပတ်သက်ပြီး ပုဗ္ဗသီရိမြို့နယ် ကြံခိုင်ရေးပါတီရုံးတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။    ။ ဦးဝေလွင်အနေနဲ့ ပုဗ္ဗသီရိမြို့နယ် လူထုတွေ့ဆုံပွဲမှာ မဲနိုင်ခြေ ၇၀ ရာနှုန်း နိုင်မယ်မှန်းထားတယ်လို့ ပြောထားတယ်ဆိုတော့ ဘာကြောင့် အဲဒီလို ပြောနိုင်ရတာပါလဲ။
ဖြေ။    ။ ဘာကြောင့် ပြောနိုင်လဲဆိုတော့ မြို့နယ်ထဲက ရွာပေါင်း ၈၈ ရွာမှာ အကုန်လုံးကို တခေါက်တည်း မဟုတ်ဘဲ ၂ ခေါက် ရောက်ပြီးပြီ။ ၁၇၆ ခေါက် ရောက်ပြီးပြီ။ အဲဒီအခြေအနေကို ကြည့်ခြင်းဖြင့် ကိုယ့်ကိုယ် ထောက်ခံသူ များတယ်။ ကြည့်ခြင်းအားဖြင့် ၃ ပုံ ၂ ပုံက ထောက်ခံတယ်။ ၆၀ ရာနှုန်းလောက် ထောက်ခံနိုင်တယ်လို့ ပြောတဲ့သဘောပဲ။ ကိုယ်တိုင်ကိုယ်ကျ ရောက်လို့ ပြောနိုင်တာ။

မေး။    ။ ပြိုင်ဘက်ပါတီက USDP ပါတီနဲ့ အစိုးရကို ဝေဖန်တိုက်ခိုက်တယ်လို့ ပြောတယ်။ အဲဒီလိုပြောတာ ကြားတယ်ဆိုတော့ ဘယ်လို တုံ့ပြန်ချင်ပါလဲ။
ဖြေ။    ။ ဒီလို တိုက်ခိုက်တယ်လို့ ပြောတာတောင်မှ ဒီနေ့က မဲဆွယ်ကာလ နောက်ဆုံးနေ့မို့ ပြောတာကလွဲလို့ ကျန်တာဘာမှ မလုပ်ဘူး။ သူတို့ပါတီနိုင်ဖို့ လုပ်နေတာပဲလေ လွတ်လွတ်လပ်လပ် ပြောပါစေ။ တချို့ကလည်း ရွာတွေမှာ ကြားနေရတာက ပွဲစကတည်းက ပြောနေကြတာ? ပွဲပြီးတဲ့အထိ အစိုးရ မကောင်းတာတွေချည်း ပြောနေကြတာ။ အဲဒီလိုပဲ ကြားနေရတယ်။ ဒါပေမယ့် ပြန်ကန့်ကွက်တာ မရှိဘူး။ မလုပ်ဘူး။

မေး။    ။ ဦးဝေလွင်က တပ်မတော်ကနေ အရပ်ဘက် ပြောင်းလာတဲ့သူတဦး ဖြစ်နေတော့ တပ်ဘက်က မဲရနိုင်ခြေနဲ့ အားပေးထောက်ခံမှု ဘယ်လောက်ရှိမယ်လို့ မှန်းထားပါလဲ။
ဖြေ။    ။ တပ်ဘက်က ၈၀ ရာခိုင်နှုန်းကျော် ၉၀ ရာခိုင်နှုန်းအထိ ထောက်ခံမယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှာ တိုင်းမှူးအဖြစ် ၄ နှစ်ခွဲတောင် တာဝန်ထမ်းဆောင် လာတယ်လေ။ ဒီနေ့ ရပ်သူရွာသားတွေနဲ့ ဖက်လဲတကင်း နေသလို ရဲဘော် ရဲမေတွေနဲ့လည်း ဒီအတိုင်းပဲ နေတော့ အမုန်းပွားတာမျိုး မရှိဘူး။ ချစ်တာပဲရှိတော့ ၈၀ ရာခိုင်နှုန်း ထောက်ခံမယ်လို့ မျှော်မှန်းတာ ဖြစ်တယ်။

မေး။    ။ USDP ပါတီ ကိုယ်စားလှယ်လောင်း တချို့က မဲဆွယ်ကာလအတွင်း သူတို့တွေ ငွေကြေးဘယ်လောက် သုံးစွဲလဲဆိုတာ ထုတ်ဖော်ပြောနေကြပြီ။ ဦးဝေလွင်ကရော ဒီကာလအတွင်း ငွေဘယ်လောက်အထိ သုံးစွဲဖြစ်ပါလဲ။
ဖြေ။    ။ အဲဒီလို သုံးထားတာ မရှိဘူး။ နည်းနည်းလေး သုံးဖြစ်တာကတော့ သြဂုတ်လဆန်း တပ်က အငြိမ်းစားယူတော့ ပင်စင်အငြိမ်းစား ဆုကြေး ၅၇၇ သိန်း ရတယ်။ မိတ်ဆွေကုမ္ပဏီက သိန်း ၃၅၀ ပေးတယ်။ ကျနော့် အငြိမ်းစားဆုကြေး သိန်း ၃၀၀ နဲ့ ပေါင်းပြီး၊ ကျေးရွာတွေမှာ မိဘမေတ္တာဖောင်ဒေးရှင်း အနေနဲ့ မီးလင်းရေးကိစ္စ လုပ်ပေးတာကလွဲရင် ကြီးကြီးမားမား သုံးစွဲတာ မရှိဘူး။ အုပ်ချုပ်ရေးနဲ့ သွားလာရေး ကိစ္စကလွဲပြီး ကြီးကြီးမားမား သုံးစွဲတာ မရှိဘူး။ ဝန်ထမ်းတယောက် ဖြစ်တာကြောင့် သုံးနိုင်တဲ့ အင်အားလည်း မရှိဘူး။စီးပွားရေးသမားလည်း မဟုတ်ဘူး။ အဲဒီလို မသုံးနိုင်ဘူး။

မေး။    ။ USDP ပါတီဝင်တချို့ ပြောနေတာက ပါတီက အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် လက်ရှိ သမ္မတဦးသိန်းစိန်ကို ဆက်ပြီး နေရာပေးထားဖို့ ရှိတယ်လို့ ပြောနေကြတယ်။ ဦးဝေလွင်ကရော ပါတီ CEC တယောက်အနေနဲ့ မှတ်ချက်ပေးလို့ ရနိုင်မလားရှင့်။
ဖြေ။    ။ ပြီးမှ လုပ်မယ့်ကိစ္စဖြစ်တာကြောင့်၊ CEC ရဲ့ ဆုံးဖြတ်ချက် မဟုတ်တာကြောင့် ကိုယ်ထင်တာ ကိုယ်ပြောနေကြတာ။ လူစွဲပုဂ္ဂိုလ်စွဲတွေနဲ့ စိတ်ထဲထင်တာ ပြောနေတာ ဖြစ်တယ်။ တရားဝင် ဘာမှပြောလို့ မရသေးဘူး။

Did you find apk for android? You can find new Free Android Games and apps.