fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနိုင်ရကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း

ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း အတတ်နိုင်ဆုံး ကျနော်တို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခါကျတော့ ကျနော်တို့ပါတီကို ထောက်ခံအားပေးတဲ့ ပရိသတ်တွေ မလျော့သွားဘူး။ အဲဒီအနေထားမှာ ဒီဘက်က အင်အားကြီးပါတီ ၂ ခု ဝင်လာသော်လည်းပဲ ကျနော် ရှုံးနိမ့်ခြင်း မရှိခဲ့ပါဘူး။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သော ၂၀၁၅ အထွေထွေ ရွေးေကောက်ပွဲ၌ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦး ကို ဧရာဝတီ သတင်းဌာနမှ ဟေမာနွန်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။

ဒေါက်တာ အောင်နိုင်ဦးသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိခဲ့သူ ဖြစ်သည်။

မေး။   ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကြားကမှ မွန်ပါတီက ကိုယ်စား လှယ် လောင်း တယောက်အနေနဲ့ ဘာကြောင့် အနိုင်ရခဲ့တယ်လို့ ထင်ပါလဲ။
ဖြေ။   ။ ကျနော်ဝင်ပြိုင်တဲ့ ဒေသမှာ မွန်လူမျိုးစုတွေ အများစု နေထိုင်တဲ့ဒေသ ဖြစ်တယ်။ နောက်တခု၂၀၁၀ ကနေ၂၀၁၅ ဖြစ်လာ မယ့် အခြေအနေအပေါ်မှာ ကြိုမြင်တဲ့အတွက် မွန်လူမျိုး လှုပ်ရှားမှုတွေ၊ မွန်အမျိုးသားရေး ပြန်လည်စုစည်းရေးတွေ အများကြီး ကြိုးပမ်းခဲ့တယ်။ နောက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေလည်း အတတ်နိုင်ဆုံး ကျနော်တို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အခါကျတော့ ကျနော်တို့ပါတီကို ထောက်ခံအားပေးတဲ့ ပရိသတ်တွေ မလျော့သွားဘူး။ အဲဒီအနေထားမှာ ဒီဘက်က အင်အားကြီးပါတီ ၂ ခု ဝင်လာသော် လည်းပဲ ကျနော် ရှုံးနိမ့်ခြင်း မရှိခဲ့ပါဘူး။

မေး။    ။ မွန်ပါတီတွေ ရှုံးနိမ့်သွားတာက ဘာလိုအပ်ချက်တွေ ရှိလို့ပါလဲ။
ဖြေ။    ။ ၃ ချက်လောက် ပြောရရင်တော့ မွန်ပါတီတွေ အကွဲအပြဲဖြစ်တဲ့ ကိစ္စပါ။ မွန်လူထုက ရာခိုင်နှုန်းအားဖြင့် အင်မတန် အားနည်း ပါတယ်။ လူထုနည်းနေတဲ့ ကြားထဲက ၃ ပါတီ ဖြစ်သွားတဲ့ အခါကျတော့ မဲကွဲတဲ့ ပြဿနာဖြစ်တယ်။ မဲကွဲတဲ့အပြင်ကို အချင်းချင်း ပါတီခေါင်းဆောင်ကြီးတွေ တဖက်နဲ့တဖက် အပြစ်တွေ ပုတ်ခတ်ပြောဆိုတာ ရှိခဲ့တယ်။ ဒါကလည်း ယှဉ်ပြိုင်မှုအရ ပြောကြတယ်လို့ပဲ ကျနော်မြင်တယ်။ အဲဒီအပေါ်မှာ တဖက်နဲ့တဖက်ကို ပြောဆိုတဲ့အပေါ်မှာ လူထုက တော်တော်လေးကို စိတ်ပျက်သွားတဲ့ အနေအထားမျိုး ကျနော်မြင်တယ်။

သူတို့ဘက်က စိတ်ပျက်သွားတဲ့ အခါကျတော့ မွန်ပါတီတွေကိုပေးမယ့်အစား အင်အားကြီးပါတီ တခုခုကို ပေးမယ်ဆိုရင် ပိုကောင်း မယ်ဆိုပြီး အဲဒီလိုမျိုး ဆုံးဖြတ်ထားကြတာလည်း ရှိတယ်။ မွန်ပါတီ ၃ ခု ဖြစ်သော်ငြားလည်းပဲ ၂၀၁၀ တုန်းကရထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လူထုကို စွမ်းဆောင်ပေးနိုင်မှုက လူထုလိုလားတဲ့ လိုအပ်ချက်အတိုင်း ပြန်မရတာ ပိုများတယ်။ ဆိုလိုတာက လူထုက မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့ အပြင်ကို လူထုမကြိုက်တဲ့ ကိစ္စရပ်တွေ လုပ်တာမျိုး ဖြစ် လာတဲ့ အခါကျတော့ လူထုက စိတ်ပိုပြီးတော့ကုန်တယ်။ နောက်ထပ် ငါတို့မဲပေးလိုက်မယ်ဆိုရင် ဒီလိုပဲလာမလား။ ဒီသဘော ကို စိတ်ပူပြီးတော့ မဲမပေးတာလည်း ဖြစ်နိုင်တယ်။

နောက်ဆုံးတချက်က တနိုင်ငံလုံးကလည်း အပြောင်းအလဲကို လိုလားတယ်။ အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်တာက အင်အားကြီးပါတီတွေပဲ ဖြစ်တယ်။ NLDပဲ ဖြစ်နိုင်တယ်။ သူသာရရင် အပေါ်ကနေအောက်ကို ၁၀၀ ရာခိုင်နှုန်း ပြောင်းလဲပေးနိုင် မယ်လို့ လူထုက ယုံကြည်လက်ခံထားတယ်။ အဲဒီအခြေအနေအရ ကျနော်တို့ မရှုမလှ ရှုံးတယ်လို့ ကျနော်မြင်တယ်။

မေး။    ။  မွန်ပါတီတွေ အကွဲအပြဲဖြစ်တော့ မွန်လူထုထောက်ခံမှု အားနည်းသွားတယ်လို့ ထင်ပါလား။
ဖြေ။    ။ ပါတီ ၃ ခု ဖြစ်သွားတဲ့ အချိန်မှာ အုပ်စုအလိုက် ကွဲသွားတာပေါ့နော်။ ဒါ့အပြင် အဲဒီအုပ်စုမှာ အရင်တုန်းက ဆောင်ရွက်ခဲ့တဲ့ အမာခံတွေက ခေါင်းဆောင်အချင်းချင်း ကွဲသွားတာကို စိတ်ကုန်ပြီးတော့ နုတ်ထွက် အနားယူလိုက်တာတွေ၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် မလုပ်ချင်တော့တာတွေ အများကြီး ဖြစ်လာပြီ ဆိုတော့ သုံးစုဖြစ်သော်လည်း အရင် ၂၀၁၀ တုန်းက အင်အားက မစု စည်းနိုင်တော့ဘူး။ အင်အားက သုံးခုရှိလို့ အရင်တခုစာလောက်တောင် မရှိဘူး။

မေး။    ။ လက်ရှိမဲအများဆုံးလို့ သိထားတဲ့ NLD ကို ဘယ်လိုမြင်ပါလဲ။
ဖြေ။    ။ ကျနော့်အမြင်က လူထုက NLD ကို မဲပေးတယ် ဆိုတာက အပြောင်းအလဲအတွက် ပေးတာ။ အပြောင်းအလဲကို လိုချင်လို့ပေးတာ။ ကျနော်တို့ နိုင်ငံတခုလုံးက အစဉ်တစိုက် အာဏာရထားတဲ့ ပါတီတွေ တော်တော်များများက အချိတ်အဆက် ဆက်စပ်မှုတွေ ရှိမယ်လို့ လူထုက ဒါတွေကို သိနေတယ်။ သိတဲ့ခါကျတော့ လုံးဝပြောင်းလဲပေးနိိုင်စွမ်း ရှိတာက NLD ပဲ။ ကျနော်မြင်တာက NLD ကို မဲပေးတဲ့ နေရာမှာ အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းကို ကြည့်တာထက် ပါတီကိုကြည့်ပြီး မဲပေးကြတာ။ ဒါကြောင့်မို့ NLD က အပြတ်အသတ် မဲရသွားတာပါ။

မေး။    ။ လွှတ်တော်မှာ မွန်အမတ်တွေ နည်းတဲ့အပေါ်မှာ မွန်တွေအတွက် ဆောင်ရွက်ချက်တွေ အားလျော့ သွားနိုင်မလား။
ဖြေ။    ။ တခါတလေကျတော့ ကျနော်တို့က အရေအတွက်နဲ့ ဆုံးဖြတ်လို့ မရကောင်းသလို အရည်အချင်းကိစ္စကိုလည်း ထည့်မတွက်လို့လည်း မရဘူးပေါ့နော်။ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက မွန်ပြည်နယ် လွှတ်တော်မှာ ၇ ယောက်ရှိတယ်။ ပြည်ထောင်စု လွှတ်တော်မှာ ၇ ယောက်လောက်ရှိတယ်။ ဒီလူတွေရဲ့ စွမ်းဆောင်ရည်က ဘယ်လောက်ရှိသလဲ။ တခါတလေကျတော့ အရေအတွက် များပြီးတော့ အလုပ်မဖြစ်တာလည်း ရှိကောင်းရှိနိုင်တယ်။
တကယ်ကို လုပ်ရည်ကိုင်ရည် ရှိမယ်ဆိုရင် အရေအတွက်က အဓိက မကျပါဘူး။ အရည်အချင်းက ပိုပြီးအဓိကကျတယ်။ အရည် အချင်းရှိမယ် ဆိုလို့ရှိရင် လူနည်းပါစေ အများကြီး အလုပ်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့ အရင်ကထက် စွမ်းဆောင် ရည်တွေ၊ ကိုယ်စားပြုနိုင်မှုတွေဟာ မွန်လူထုအတွက် လွှတ်တော်ထဲမှာ ကစားပေးနိုင်တာတွေ အရင်ကထက် လျော့ကျသွားလိမ့် မယ် လို့ ကျနော် မမြင်ဘူး။

မေး။    ။ မွန်ပါတီတွေ ရှုံးနိမ့်သွားတဲ့ အပေါ်မှာ နောက်ထပ်ပြင်ဆင်ချက်တွေက ဘာတွေပါလဲ။
ဖြေ။    ။၂၀၁၅ သင်ခန်းစာကို ကျနော်တို့ တကယ်ကို လေးလေးနက်နက် ရယူသင့်ပြီလို့ မြင်တယ်။ ဒီသင်ခန်းစာသည် မွန်တမျိုးသားလုံးကို တော်တော်လေး ခြိမ်းခြောက်ကိုင်လှုပ်လိုက်တဲ့ သင်ခန်းစာ တခုပဲ။ အထူးအားဖြင့် တကယ့်ကို နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ အင်မတန်ကို သတိထားပြီးတော့ လေးလေးနက်နက် စဉ်းစားဖို့ သင့်ပြီလို့ ကျနော်မြင်တယ်။ ကိုယ့်ရဲ့အတ္တ၊ မာန်မာန၊ ပုဂ္ဂိုလ်အစွဲတွေကို မွန်လူထုတွေ၊ သံဃာတော်တွေ ပြောခဲ့ပေမယ့် သူတို့ကိုင်ထားတဲ့ အစွဲတွေကို လက်မလွှတ်ခဲ့ဘူး။ လက်မလွှတ်ခဲ့လို့ဘဲ ဒီလိုမျိုး ဒုက္ခအကြီးအကျယ် မရှုမလှ ရှုံးနိမ့်ခဲ့ရတယ်။

ဒီအစွဲတွေ ဒီအချိန်မှာ ချွတ်သင့်နေပြီ။ ဆက်ပြီးတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ လွှမ်းမိုးထားမယ် ဆိုလို့ရှိရင် ကျနော်တို့ ဒီနိုင်ငံ ရေးအရွေ့က ဒီထက်ပိုပြီး ရွေ့မလာနိုင်တော့ဘူး။ သူတို့ကို လုံးဝမသုံးတော့ဘူးလို့ မဆိိုလိုပါဘူး။ တခုခုတော့ စဉ်းစားသင့်ပြီးပေါ့နော်။ နောက်တခုက မွန်လူငယ်တွေ၊ ပညာရှင်တွေ တကယ်ကို စိတ်ဓာတ်ရှိတဲ့ လူငယ်တွေ စုစည်းဖို့ သင့်တယ်လို့ မြင်တယ်။ ပုဂ္ဂိုလ် အစွဲတွေကြောင့် ဝင်မလုပ်တာတွေ၊ အဖွဲ့အစည်း အစွဲတွေကြောင့် အပြင်မှာ ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေတယ်။ အဲဒီ လူတွေ ပြန်စုစည်းဖို့ လိုတယ်။ ၂၀၂၀ မတိုင်ခင် ဒါကိုပြင်ဆင်ထားဖို့လိုပြီလို့ မြင်ပါတယ်။    ။

Did you find apk for android? You can find new Free Android Games and apps.