fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျုး

သူရ ဦးရွှေမန်းနှင့် ယှဉ်ပြိုင်သည့် NLD ကိုယ်စားလှယ် ဦးသန်းညွှန့်နှင့် တွေ့ဆုံခြင်း

ချီးကျူးဂုဏ်ပြုတဲ့ သဘောနဲ့ပေါ့လေ။ သူနဲ့ ကျနော်နဲ့က သူငယ်ချင်းလည်း ဖြစ်တယ်လေ။ ကျနော်တို့က ဆယ်တန်းတုန်းက ကျောင်းနေဖက်တွေပါ။ ကိုယ်က ဘယ်လောက်ပဲ အနေအထားအရ ရှုံးနိမ့်ပေမယ့် တယောက်ကို တယောက် လေးလေးစားစား ဆောင်ရွက်တယ်။ ဂုဏ်ယူတယ်ဆိုတာကို သူကပြသတာပါ


Want create site? Find Free WordPress Themes and plugins.

ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေတွင် ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (ကြံခိုင်ရေးပါတီ)က ၎င်းနှင့်ယှဉ် ပြိုင်ဘက်ဖြစ်သည့် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန်းညွှန့်ကိုယနေ့နံနက်ပိုင်းက ထွက်ပေါ်လာသော အနိုင်ရရှိသည့် ရလဒ် အတွက် ဝမ်းမြောက်ကြောင်းကို တယ်လီဖုန်းမှတဆင့် ဂုဏ်ပြုပြောဆိုခဲ့သည်။

ထိုသို့ သူရဦးရွှေမန်းက ဝမ်းမြောက်ကြောင်း ပြောဆိုခဲ့မှုကို ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဦးရွှေမန်းက တရားဝင်ကြေညာခဲ့သည်။

ရွေးကောက်ပွဲ၌ ဖြူးမြို့နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွှန့် အနိုင်ရရှိထားသော်လည်း ဖြူးမြို့နယ် ကော်မရှင် အဖွဲ့ခွဲက အတည်ပြု ထုတ်ပြန်ခြင်း မရရှိသေးပေ။

ဖြူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ၏ မဲစာရင်းရလဒ်ကို လာရောက်စောင့်ကြည့် နားထောင်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း NLD ပါတီဝင် ဦးသန်းညွှန့်ကို ဖြူးမြို့နယ်တွင် ရောက်ရှိနေသည့် ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။     ။ သူရဦးရွှေမန်းက ဦးသန်းညွှန့်ကို ဝမ်းမြောက်ကြောင်း မနက်က ဖုန်းဆက်ပြောတယ်လို့ သိရပါတယ်။ ဘယ်အချိန်မှာ ဖုန်းဆက်တာပါလဲ။
ဖြေ။     ။ ဒီနေ့မနက် ခြောက်နာရီခွဲက ဖုန်းဆက်တယ်။ ချီးကျူးဂုဏ်ပြုတဲ့ သဘောနဲ့ပေါ့လေ။ သူနဲ့ ကျနော်နဲ့က သူငယ်ချင်းလည်း ဖြစ်တယ်လေ။ ကျနော်တို့က ဆယ်တန်းတုန်းက ကျောင်းနေဖက်တွေပါ။ ကိုယ်က ဘယ်လောက်ပဲ အနေအထားအရ ရှုံးနိမ့်ပေမယ့် တယောက်ကို တယောက် လေးလေးစားစား ဆောင်ရွက်တယ်။ ဂုဏ်ယူတယ်ဆိုတာကို သူကပြသတာပါ။

မေး။     ။ နိုဝင်ဘာလ ၉ ရက် မနက် ၁၀ နာရီ အချိန်အထိ မဲစာရင်းရလဒ်က အတည်မထွက်လာသေးခင်မှာ သူကအခုလို ဖုန်းဆက် ပြောတဲ့အပေါ် ဦးသန်းညွှန့်ရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။
ဖြေ။     ။ ညကတည်းက သူ့(သူရရွှေမန်း)ရဲ့ ပုဂ္ဂိုလ်တွေ မြို့နယ်ရုံးမှာလာပြီး မဲစာရင်း ကူးသွားတော့ ဒီမှာက မဲစာရင်းက ဖြူး (၁)၊ ဖြူး (၂) မဲစာရင်း ခွဲတယ်။ နောက်ပြီးတော့ ညောင်ပင်သာအုပ်စုက သတ်သတ် မဲစာရင်းခွဲတယ်။ ဇေယျဝတီအုပ်စု မဲစာရင်းခွဲတယ်။ ကညွှတ်ကွင်းအုပ်စု မဲစာရင်းခွဲတယ်။ ဒီမဲစာရင်းရဲ့ ရလဒ်တွေအားလုံး သူတို့ယူသွားတဲ့အတွက် ဒီရလဒ်အပေါ်မှာ သူသုံးသပ်သွားတာ ဖြစ်ပါလိမ့်မယ်။

မေး။     ။ သူရဦးရွှေမန်းနဲ့ စတင်ယှဉ်ပြိုင်မယ် ဆိုကတည်းက ဦးသန်းညွှန့်ရော ဘယ်လိုတွေးထားလဲ။ နိုင်မယ်လို့ ယုံကြည်ထား လား။
ဖြေ။     ။ ကျနော်တို့ကတော့ NLD က ပြိုင်တယ်ဆိုကတည်းက သူများတွေက နိုင်သွားရင် ကျနော်တို့ကမနိုင်လို့ မဖြစ်ဘူးလေ။ နိုင် ရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့တော့ ပြိုင်ရတာပေါ့။ ဒီသဘောကတော့ ဘောလုံးသမားတွေလို တဘက်အသင်း ရောက်သွားတော့လည်း ဘောလုံးသမားဟာ ကိုယ့်အသင်းနိုင်ဖို့အတွက် ကန်ကြရတာပဲလေ။ အဲဒီလိုပေါ့။ ဒီသဘောပါ။

မေး။     ။ နောက်ပြီး တဘက်ပြိုင်ဖက်က နိုင်ငံတော်အကြီးအကဲ တဦးလည်း ဖြစ်နေတော့ ဦးသန်းညွှန့်အနေနဲ့ ဘာတွေ ကြိုတင် ပြင် ဆင်ခဲ့ရပါလဲ။
ဖြေ။     ။ ကျနော့်အနေနဲ့ ကြိုတင်ပြင်ဆင်တယ်လို့တော့ မရှိဘူး။ ကျနော်က ဒီမြို့နယ်မှာ ဥက္ကဋ္ဌ ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကို ရွေးချယ်လိုက်တာကတော့ ရှင်းရှင်းလေးပဲ။ ကျနော့်အနေနဲ့ ငါးဆယ်ရာခိုင်နှုန်းပဲ ရည်မှန်းချက်ထားပါတယ်။ ပါတီ ဗဟိုဌာနချုပ်က ဦးရွှေမန်းနဲ့ ပြိုင်ရင် ဒီထက်တော်တဲ့သူနဲ့ လွှတ်မှဆိုတဲ့ အနေအထားလည်း ရှိကောင်းရှိမယ်လေ။ ဒါမှမဟုတ် ကျနော့် ကိုပဲ တာဝန်ပေးကောင်း ပေးမယ်လေ။ ဒါကို အဖွဲ့ချုပ်က မင်းနေရာကို အစားထိုးမယ်ဆိုရင်လည်း ကျနော်က လက်ခံရမှာပဲလေ။ ဘာဖြစ်လို့လဲဆိုရင် ကျနော်ဟာ နိုင်ငံအတွက် ပါတီအတွက်ကိုလုပ်ရမယ့်အတွက် ကျနော်တို့ဟာ စွန့်လွှတ်ရမှာပါ။ ဒါကတော့ ကိုယ့် နိုင်ငံအတွက်ဆို စွန့်လွှတ်ရမှာပါ။ အဲဒီသဘောနဲ့ ကျနော် ငါးဆယ်ရာခိုင်နှုန်းပဲ မှန်းပြီး လုပ်တာပါ။ ဒါပေမယ့် ပါတီဗဟိုကတော့ ကျနော့် ကိုပဲ ချပေးလိုက်ပါတယ်။

မေး။     ။ အခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်က အတည်ပြု မထုတ်ပြန်သေးပေမယ့် သူရဦးရွှေမန်းက ဝမ်းမြောက်ကြောင်း လှမ်းပြောနေပြီဆိုတော့ ဦးသန်းညွှန့်အတွက် ကိုယ်စားလှယ်စာရင်း အတည်ဖြစ်သွားပြီလို့ ပြောနိုင်မလား။
ဖြေ။     ။ အဲဒါကတော့ ကျနော့်ကို သက်ဆိုင်ရာတာဝန်ရှိသူကမှ အသိအမှတ်မပြုသေးတာ ကျနော်ကတော့ မမှှတ်ယူထားပါဘူး။ ကျနော်ကတော့ သူတို့ထုတ်ပြန်တဲ့ အချိန်ကျမှ အတည်ပြုနိုင်မှာပေါ့။ သူတို့က နောက်နှစ်ရက်လောက်နေမှ မဲစာရင်း အတည်ပြုချက် ရနိုင်မယ်လို့ပြောတော့ ကျနော့်ကို ဗဟိုက ဖုန်းဆက်နေပြီ။ ဒီရလဒ်တွေကို တင်ပြဖို့၊ ဒါကို ကျနော်ဘယ်လို ဖြေရမယ်ဆိုတာကို ကော်မရှင်ကို မေးမြန်းတဲ့အခါမှာ ဒါကို ဖြစ်သွားပြီလို့တော့ မရုတ်မလွန် ပြောပါတယ်။

မေး။     ။ ဒီနေ့ ခံစားချက်အပေါ်လည်း ပြောပြပေးပါ။
ဖြေ။     ။ ကျနော်ကတော့ ဒါကိုပြိုင်တာ ခံစားချက်ကို လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီအပေါ်မှာ ကျနော် ခံစားချက် မရှိဘူး ဆို တာ က ကျနော့်မှာ ယုံကြည်တာ တခုရှိတယ်။ ပြည်သူက ပါတီပေါ်မှာ ယုံကြည်တယ်။ ကျနော်တို့ အပေါ်မှာ ယုံကြည်တယ်ဆိုရင် ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ အဲဒီယုံကြည်ချက် ရှိတယ်။ ပြည်သူ့အားက တကယ်အရေးကြီးပါတယ်။ ပြည်သူ့အားနဲ့ ထောက်ခံချက်က တကယ်အားရှိပါတယ်။ ကျနော့်အနေနဲ့ ပြည်သူအပေါ်မှာ တကယ်ယုံကြည်ပါတယ်။ ပြည်သူ့ဘဝနဲ့ ပြည်သူ့လိုအင်နဲ့ ပြည်သူ့ဆန္ဒကို ကြည့်လိုက်လို့ ရှိရင် ယနေ့ပြောင်းလဲချိန်ကို သိတယ်။ ဒါကြောင့် ပြည်သူ့အပေါ် ယုံကြည်တဲ့အတွက် ကျနော်သိပ်မတုန်လှုပ်ဘူး။ နောက်ပြီးတော့ ယှဉ်ပြိုင်မှုရဲ့ ရှုံးတဲ့အားကို ကျနော်လက်ခံနိုင်တယ်။ အဲဒါကြောင့် ကျနော်က မတုန်လှုပ်တော့တာပါ။ ဒါကြောင့် မနေ့ကလည်း ဒီအတိုင်းပါပဲ။ ဒီနေ့လည်း ဒီအတိုင်းပါပဲလို့ ဆိုလိုချင်တာပါ။

မေး။     ။ ဦးသန်းညွှန့် လွှတ်တော်ထဲရောက်ပြီဆိုရင် ပြည်သူအတွက် ကိုယ်စားလှယ်တယောက်အနေနဲ့ ဘာတွေဆောင်ရွက်သွားမှာပါလဲ။
ဖြေ။     ။ ကျနော်ကတော့ နိုင်ငံတော်မှာ ကလေးတွေရဲ့ ပညာရေးကဏ္ဍနဲ့ ရင်းနှီးမြှုပ်နှံမှုကို တောင်းဆိုမယ်။ ကလေးတွေရဲ့ ပညာ ရေး စရိတ်တွေ ပိုပြီးတော့ တောင်းဆိုချင်တယ်။ ကျနော်တို့ နိုင်ငံမှာ လူတွေပေါတယ်။ ဒီလူတွေကို တန်ဖိုးရှိအောင်လုပ်မှ ကျနော်တို့နိုင်ငံ တိုးတက်မယ်။ အဲဒီသဘောကြောင့် ကလေးတွေကို ပညာရေး မြှင့်တင်ပေးဖို့ ကျနော်စိတ်ကူးရှိတယ်။ နောက် လမ်းပန်း ဆက်သွယ်ရေး ကလည်း အချိန်မရွေး သွားနိုင်တဲ့လမ်းမျိုး တောဖြစ်ဖြစ် တောင်ဖြစ်ဖြစ် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်ချင်တဲ့ စိတ်ကူးရှိပါတယ်။

မေး။     ။ သူရဦးရွှေမန်းက အခုလိုကြေညာလိုက်လို့ ဗဟိုကသိသွားပြီး ဦးသန်းညွှန့်ကို တခုခုပြောကြားတာမျိုး ရှိသလား။ ဥပမာ ဂုဏ်ပြုကြောင်း စကားမျိုးပေါ့။
ဖြေ။     ။ လက်ရှိ အထိတော့ ဘာမှပြောကြားတာမျိုး မရှိသေးပါဘူး။

မေး။     ။ ဦးသန်းညွှန့်ကို ရွေးချယ်ခဲ့တဲ့ ပြည်သူကို ဘာများပြောချင်ပါလဲ။
ဖြေ။     ။ အားလုံး မှန်ကန်တဲ့ရွေးချယ်မှု၊ မှန်ကန်သော အစိုးရကြီး ဖွဲ့နိုင်လို့ မှန်ကန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်သွားပါလိမ့်မယ်လို့ ပြည်သူတွေကို ကျနော် ပြောချင်ပါတယ်။    ။

Did you find apk for android? You can find new Free Android Games and apps.