fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

“ဦးသိန်းစိန် သမ္မတ ဆက်လုပ် မယ်ဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်”

NLD ပါတီကို သံသယ ကြီးကြီးနဲ့ စောင့်ကြည့် လာခဲ့တာတာ ၂၀၁၂ ရခိုင် အရေးအခင်း ပြီးကတည်းကပဲ။ ဦးဇင်းတို့ အနေနဲ့ကတော့ နိုင်ငံသား ဆိုရင် တရုတ်ဖြစ်စေ မွတ်စလင် ဖြစ်စေ ပါတီထဲမှာ ရှိနေတာကို မကန့်ကွက်ပါဘူး။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် ဘာသာရေးကို နိုင်ငံရေးအရ အသုံးချ၍ မဲဆွယ်ခြင်း၊ အသုံးချခြင်းများ ရှိလာ နေပြီး မြန်မာ့နိုင်ငံရေးတွင် ဘာသာရေး အကြောင်းပြုသည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ နောက်ဆက်တွဲ ဖြစ်ပွား လာမည်ကို စိုးရိမ်သူများလည်း ရှိနေသည်။ လက်ရှိ အချိန်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) က လည်း ရွေးကောက်ပွဲတွင် မည်သည့်အမတ်လောင်းကို  မဲပေးသင့်သည်၊ မည်သို့သော အမတ်လောင်းကို မဲမပေး မသင့် သည်ဟု ပြောဆို စည်းရုံးမှုများရှိနေသည်။ ထို့ကြောင့်  မဘသ ဦးဆောင် ဆရာတော်တပါးဖြစ်သူ မန္တလေး မြို့ မစိုးရိမ်တိုက်သစ်မှ နာယက ဆရာတော်ဦးဝီရသူကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်း ထားပါသည်။

မေး ။    ။ မျိုးစောင့် ဥပဒေ ၄ ခုကို လွှတ်တော်မှာ ပြဋ္ဌာန်းနိုင်ခဲ့လို့ တနိုင်ငံလုံးမှာ မဘသ (အမျိုးဘာသာ သာသနာ စောင့် ရှောက် ရေးအဖွဲ့)တွေက အောင်ပွဲခံဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘယ်လို ပုံစံမျိုး အောင်ပွဲခံမှာပါလဲ။

ဖြေ ။    ။ တိုင်းနဲ့ပြည်နယ် တခုစီတိုင်းမှာ တရက်စီ အောင်ပွဲခံဖို့ ရှိပါတယ်။ ပုံသဏ္ဍန် မတူဘူးပေါ့။ များသော အားဖြင့် တော့ အခမ်းအ နားမှာ ဟောပြောကျ၊ မှတ်တမ်းတင်ကြတာမျိုးတွေ ပါသလို ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး အောင်ပွဲ ခံတာ မျိုးလည်းပါမယ်။ အလှူ ငွေတွေလည်း ရထားပါတယ်။ နည်းတော့ နည်းပါတယ်။ တိုင်းနဲ့ပြည်နယ်တိုင်းမှာ တပွဲကို သိန်း ၃၀ လောက် သုံးဖို့ စီစဉ်ထားပါတယ်။ မဘသ(ဗဟို)က ချထားပေးတာပါ။ အင်္ဂလိပ်လို ၁၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၁၄ ရက် လုပ်မှာပါ။ အခမ်းအနားကြီးကတော့ ၂၈ ရက်နေ့ကျရင် ရန်ကုန်မှာ လုပ်မှာပါ။ တိုင်းနဲ့ ပြည်နယ် အသီးသီးက မဘသတွေလည်း တက်ကြမှာပါ။

မေး ။    ။ ရွေးကောက်ပွဲနီးလာပြီဆိုတော့ အရှင်ဘုရားတို့ မဘသ အဖွဲ့က ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေဟာ ဘယ်လိုလူမျိုးတွေ ဆိုတာ လေ့လာပြီး စစ်တမ်းကောက်နေတယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုရည်ရွယ်ချက်ပါလဲ။ ဘာလုပ်မှာပါလဲ။

ဖြေ ။    ။  အဓိက, ကတော့ ပြည်သူတွေအနေနဲ့ ဦးဇင်းတို့ ပြည်သူတွေက ကိုယ့်ဒေသမှာ ဘယ်သူတွေ အရွေးခံမယ် ဆိုတာ သိ အောင်နဲ့ ဘယ်သူတွေက ဘယ်လို အရည်အချင်းတွေ ရှိတယ်။ ဘယ်သူတွေကို ရွေးသင့်တယ်ဆိုတာ သိအောင် လို့ ပြည်သူတွေကို ရွေးချယ်တတ်အောင် ညွှန်ပြပေးတဲ့ သဘောပါ။

မေး ။    ။ အခုလို လုပ်ဆောင်မှာက မန္တလေးမြို့တခုတည်းကိုပဲ လုပ်မှာလား။ တနိုင်ငံလုံးမှာ လုပ်သွားမှာလား။

ဖြေ ။    ။ တနိုင်ငံလုံးတော့ မနိုင်ပါဘူး ဒကာကြီး။ မန္တလေးမှာတောင် ပြည်သူ့လွှတ်တော် အမတ်လောင်းတွေနဲ့ အမျိုး သား လွှတ်တော် အမတ်လောင်းတွေလောက်ပဲ လုပ်နိုင်ပါတယ်။ တိုင်းဒေသကြီး လွှတ်တော် အမတ်လောင်း တွေကို တော့ မလုပ်နိုင်သေးပါဘူး။

မေး ။    ။ ဦးပဉ္စင်းတို့က ဘယ်လိုလူမျိုးကို မဲပေးစေချင်တာလဲ။

ဖြေ ။    ။ ဦးပဉ္စင်း တို့ မူဝါဒ ချထားတာကတော့ အဂတိတရား ၄ ပါး ကင်းကင်းရှင်းရှင်းနဲ့ မဲပေးစေချင်တယ်။ ချစ်ခြင်း တရားကို ရှေ့တန်းတင်ပြီးတော့ ကိုယ်ကြိုက်တဲ့သူကိုချည်းပဲ မဲပေးလို့လည်း မကောင်းဘူး။ ကိုယ်ကြိုက်တဲ့သူက အရည် အချင်းရှိရင် တော် သေးတယ်။ အရည်အချင်း မရှိရင် တိုင်းပြည်နစ်နာတာပေါ့။ အမုန်းတရားကို ရှေ့တန်းတင်ပြီးတော့ မဲမပေးဘူး ဆိုရင်လည်း တကယ်အရည်အချင်း ရှိနေတဲ့သူ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲလိုဆို တိုင်းပြည် နစ်နာ တာပေါ့။

ပြီးတော့ အကြောက်တရား ဖိစီးနေပြီးတော့ ကြောက်လို့ထောက်ခံတာလည်း မကောင်းဘူး။ အများအားဖြင့် ဝန်ထမ်း တွေပေါ့ ။ ကိုယ်ရွေး ချယ်ချင်တဲ့ ပါတီကို ရွေးချယ်ခွင့့် မရှိခဲ့ဘူး။ ဟိုခေတ်ကပေါ့။ အဲဒါကြောင့် အကြောက်တရား ကင်း ကင်း နဲ့ ရွေးချယ်တတ်ကြဖို့ လိုတယ်။  ကိုယ်က ဘယ်သူကို မဲပေးလို့ ပေးရမှန်းလည်း မသိဘူး။ သူများပေးလို့ ပေးလိုက် ရတာမျိုး၊ သူများရွေးလို့ ရွေးလိုက်ရတာမျိုးလည်း မဖြစ်  အောင် ပြောမယ်ဆိုရင် မသိတရား လွှမ်းမိုးခံနေရလို့ ရွေးချယ် လိုက်ရတဲ့ ပုံစံမျိုးနဲ့ ရမ်းသန်းပြီး မဲပေးတာမျိုးလည်း မကောင်းဘူး။

အဲဒီလို အချစ်တရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိတရားလို့ ခေါ်တဲ့ အဲဒီ ၄ ခုကို ရှောင်ရှားပြီးတော့ ကိုယ်မြို့၊ ကိုယ့်ရွာ အတွက် ယုံကြည်ရတဲ့ စိတ်ချရတဲ့ အားကိုးထိုက်တဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမတ်လောင်းတွေကို ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲနဲ့ ရွေးချယ်ကြဖို့ ဦးပဉ္စင်းတို့က တိုက်တွန်းနေတာပါ။

မေး ။    ။ အခုလို တိုက်တွန်းချက်တွေထဲမှာ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တဲ့ ပုဂ္ဂိုလ်မျိုးတွေကို ရွေးချယ်ဖို့ တိုက်တွန်းတာမျိုးရော ပါလား။

ဖြေ ။    ။ ပါပါတယ်။ မြို့ရွာဆိုတာ အဲဒါတွေ အကုန်အကျုံးဝင်တာပေါ့နော်။ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ အတွက် ယုံကြည်စိတ်ချ အားကိုးရတဲ့ ဘယ်သူကိုမဆို ပါတီအကြီးကြီးကပဲ ဖြစ်ဖြစ် ပါတီသေးသေး လေးကပဲ ဖြစ်ဖြစ် တသီးပုဂ္ဂလပဲ ဖြစ်ဖြစ် ရွေးချယ်ကြဖို့ တိုက်တွန်းတာပါ။

မေး ။    ။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ မျိုးစောင့် ဥပဒေ ၄ ခုကို ပြဋ္ဌာန်းနိုင်ခဲ့တာဆိုတော့ ဒီဥပဒေတွေ ပြဋ္ဌာန်း ပေးခဲ့ တဲ့ လွှတ်တော် နဲ့ သမ္မတကို ဘာများ ပြောချင်လဲ။ မျိုးစောင့်ဥပဒေတွေ ပြဋ္ဌာန်းနိုင်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ဦးသိန်းစိန် ကို ဒုတိယ သက်တမ်းမှာ သမ္မတအဖြစ် ဆက်မြင်ချင်သေးလား။

ဖြေ ။    ။ နံပါတ် ၁ ကတော့ လွှတ်တော်မှာ အတိုက်အခံတွေကြားထဲကနေ အကြိတ်အနယ် ဆွေးနွေးပေးတဲ့ အမတ် တွေကို ကျေးဇူး တင်ဖို့ ကောင်းတာပေါ့။ နံပါတ် ၂ ကတော့ ဘယ်သူပဲဖြစ်ဖြစ် အစိုးရဆိုတာ နာမည်ကောင်း ရချင်တာပဲ။ ကန့်ကွက် တာ ဆန့်ကျင်တာ တွေ လက်မခံချင်ဘူးလေ။ ဒီကိစ္စမျိုးကို အစိုးရက လက်မခံဘူးဆိုရင် နိုင်ငံတကာရဲ့ ထောက်ခံမှု ကို သေချာပေါက်ရမှာပဲ။ ဦးသိန်းစိန်ကို ပိုပြီးတော့ သဘောကျမှာပေါ့။ သို့သော်လည်းပဲ သူ့ကိုတော့ သဘောကျပေမယ့် တိုင်းပြည်လုံခြုံရေးအတွက် အန္တရာယ်ကြီးသွားနိုင် တယ်။ တိုင်းပြည်ကို မကာကွယ်နိုင်ဘူး ဖြစ် သွားမယ်။

အဲဒီလို နိုင်ငံတကာက ဖိအားပေးနေတဲ့ ကြားထဲကနေပြီးတော့ မျိုးစောင့် ဥပဒေ တွေကိုရအောင် အကောင်အထည် ဖော်ပေးနိုင်တဲ့ သမ္မတကြီးကိုတော့ အထူးကျေးဇူးအတင်ဆုံးပဲ။ ဒုတိယ သက်တမ်းအနေနဲ့ ဦးသိန်းစိန် သမ္မတ ဆက်လုပ် မယ်ဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။

မေး ။    ။ မဘသက ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို မဲမပေးဖို့ လိုက်ပြီး စည်းရုံးနေတယ်လို့ ကြားသိရတယ်။ အဲဒီလို ဖြစ်စဉ်မျိုးကို သိလား။ တကယ်ပဲ မဘသက အဲဒီလို လိုက်စည်းရုံးနေလား။

ဖြေ ။    ။ ဦးပဉ္စင်းတို့မှာတော့ အဲလို မူဝါဒ မရှိပါဘူး။ ဘယ်ပါတီကို မဲပေးပါလို့လည်း မပြောကောင်းဘူး။ ဘယ်ပါတီကို မဲမပေးပါနဲ့လို့ လည်း မပြောကောင်းဘူး။ ပါတီတခုခုကို ယိုင်တာမျိုးတော့ မရှိဘူး။ သို့သော်လည်းပဲ ပါတီတိုင်းပါတီတိုင်းမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စိစစ်ရမယ်။ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို မကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ညံတဲ့ပုဂ္ဂိုလ်တွေ ရှိသလို တော်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အကောင်းဆုံး အတော်ဆုံး ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ တိုက်တွန်းတာလည်း ရှိတယ်။

မေး ။    ။ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစု အခွင့်အရေးကို လေးစားပါလို့ ပြောတယ်။ အဲဒီစကားကို လူတွေက မွတ်စလင်တွေ ကိုပဲ ရည်ညွှန်းတယ်လို့ ထင်ကြတယ်။ လူနည်းစုဆိုရင် တိုင်းရင်းသားတွေလည်း လူနည်းစုပဲ။ ရခိုင်က ဘူးသီးတောင် မောင်တောမှာ ရခိုင်က လူနည်းစုလေ။ ဆိုတော့ ဦးပဉ္စင်းတို့က ဒေါ်အောင်ဆန်းစုကြည် အခုလို ပြောတာကို မွတ်စလင်တွေကို ကာကွယ်ပေးနေတယ်လို့ ထင်တာလား။

ဖြေ ။    ။ ဦးပဉ္စင်း NLD ပါတီကို သံသယကြီးကြီးနဲ့ စောင့်ကြည့်လာခဲ့တာတာ ၂၀၁၂ ရခိုင် အရေးအခင်းပြီးက တည်းကပဲ။ ဦးပဉ္စင်း နိုင်ငံသားဆိုရင် တရုတ်ဖြစ်စေ မွတ်စလင်ဖြစ်စေ ပါတီထဲမှာ ရှိနေတာကို မကန့်ကွက်ပါဘူး။  သို့သော်လည်းပဲ ရပ်တည်ချက် လိုအပ်တာပေါ့ဗျာ။ အရေးရယ် အကြောင်းရယ် ဆိုရင်လည်း ကိုယ့်လူမျိုး ကိုယ့်ဘာ သာဘက်မှာ ရပ် တည်တဲ့လူကိုပဲ လိုလားတယ်။ ကိုယ့်နိုင်ငံဘက်မှာ ရပ်တည်တဲ့သူကိုပဲ လိုလားတယ်။ ကိုယ့်ဘာသာ ကိုယ့်သာသနာ ဘက်မှာ ရပ်တည်တဲ့သူကိုပဲ လိုလားတယ်။ ဒါပေမယ့် အခုချိန်ထိ ရပ်တည်မှု မတွေ့ရသေးတဲ့အတွက် ဆက်လက်ပြီး စောင့်ကြည့်နေတယ်။

မေး ။    ။ မဘသအဖွဲ့ ပေါ်ပေါက်လာတဲ့အတွက် တိုင်းပြည်မှာ ဘယ်လိုကိစ္စမျိုးတွေမှာ အပြောင်းအလဲ ဖြစ်ခဲ့လဲ။ မဘသက ဘာတွေ လုပ်ခဲ့တာ ရှိလဲ။

ဖြေ ။    ။ မျိုးစောင့် ဥပဒေတွေ ပေါ်ပေါက်လာတယ်။ ရခိုင်ကနေ ဒီဘက်ကို ကူးစက်လာတဲ့ အဓိကရုဏ်းတွေ ချုပ်ငြိမ်းသွားအောင် လုပ်ပေးနိုင်ခဲ့တယ်။ တနိုင်ငံလုံးက သံဃာတွေကို စုစည်းနိုင်ခဲ့တယ်။ ယဉ်ကျေးမှု သင်တန်းတွေ ထွန်းကားအောင် လုပ်နိုင်ခဲ့တယ်။ ပရဟိတဆိုရင် ရေဘေးနဲ့ ပတ်သက်တာတွေ လုပ်တယ်။ ပြန်လည် ထူထောင်ရေးအတွက်လည်း အခုလုပ်ပေးနေတယ်။ လောက်ကိုင်ဘက်က စစ်ရှောင် ဒုက္ခသည်တွေကို ကူညီပေးခဲ့တာတွေ ရှိတယ်။ ပရဟိတဘက်ကိုလည်း တော်တော်လည်း အထောက်အကူပြုလာနိုင်တယ်။ အဲဒါတွေကတော့ လက်တွေ့ခံစားရတဲ့ အကျိုးကျေးဇူးတွေပဲ။

မေး ။    ။ မဘသအဖွဲ့ကို ဘယ်လို ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တာလဲ။ အခုလက်ရှိ အင်အား ဘယ်လောက် ရှိလဲ။

ဖြေ ။    ။ မဘသထောင်တဲ့ ရည်ရွယ်ချက်က အမျိုးဘာသာ သာသနာ လုံခြုံရေးပါပဲ။ အင်အားက ပြောဖို့ ခက်တယ်။ နှစ်ပတ်လည် ညီလာခံ လုပ်တော့လည်း မြို့နယ်ပေါင်း ၁၇၀ လောက်က လာတယ်။ အခုတော့ မြို့နယ်ပေါင်း ၂၀၀ ကျော် သွားပြီလို့ ကြားတယ်။ အရည်အတွက်နဲ့ကတော့ မန္တလေး မဘသကိုတောင် အတိအကျ မပြောနိုင်ဘူး။ မျိုးစောင့်ဥပဒေ တွေ ပြဋ္ဌာန်းနိုင်ဖို့ လက်မှတ်ထိုး တောင်းဆိုတဲ့သူတောင် ၅ သန်းကျော်ပါတယ်။ ပြောမယ်ဆိုရင် ဒါက မဘသ ဖွဲ့စည်း ကာစတုန်းက အင်အားလို့ ပြောလို့ရတယ်။

Did you find apk for android? You can find new Free Android Games and apps.