fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

ကောင်းကောင်းမွန်မွန်နဲ့ ဒီမိုကရေစီနိုင်ငံတခု သွားနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်ကို ကျနော်တို့က လူထုကို ရှင်းပြရတာပါ

ပြီးခဲ့တဲ့ ဗဟို ကော်မတီ အစည်းအဝေးမှာလည်း လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတခု ဖြစ်ထွန်းရအောင် ကျနော်တို့ ပါတီကလည်း ပါဝင် ဆောင်ရွက်မယ်ဆိုတာ ရှိပါတယ်။ ဆိုလိုတာကတော့ ပါတီစည်းရုံးရေး ကိစ္စရော၊ ကျန်တဲ့ကိစ္စတွေ ကိုရော သေသေချာချာ လုပ်ပေးမယ်ပေါ့


Want create site? Find Free WordPress Themes and plugins.

လက်ရှိ အာဏာရပါတီ မန္တလေးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(USDP)ပါတီ ဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ် လည်း ဖြစ်သူ ဦးရဲမြင့်သည် ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်မှတဆင့် ၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဦးရဲမြင့်သည့် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့နှင့် မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)တို့ကို ရရှိခဲ့ပြီး စစ်မှုထမ်းသက် နှစ် ၄၀ အကြာတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ်အတွင်း မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် အသက် ၆၄ နှစ် ရှိပြီ ဖြစ်ပါသည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ဦးမည့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်ကို မန္တလေး အခြေစိုက် သတင်းစာဆရာ ဖိုးစမ်းချောင်း(GG)က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။ ။ ပြင်ဦးလွင်မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ပြိုင်ဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ ။ ။ ၂၀၁၀တုန်းကလည်း ပြင်ဦးလွင် မဲဆန္ဒနယ် ၂ ကနေ ပြိုင်ခဲ့ပါတယ်။ အခုလာမယ့် ၂၀၁၅ ပြိုင်ဖို့ အခြေအနေကလည်း လူထု က တော်တော်လေး တောင်းဆိုပါတယ်။ ပါတီကလည်း ကျနော်တို့ကို ဒီတိုင်းပဲ တာဝန်ပေးခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ဒီမှာပဲ ဝင်ပြိုင်ဖို့ စဉ်းစားခဲ့ပါတယ်။

မေး ။ ။ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲက အခြေအနေတွေ မတူတော့တဲ့အတွက် အခုရွေးကောက်ပွဲမှာ ဘယ်လိုမျိုး စိန်ခေါ်မှုတွေ ကြုံတွေ့ရမယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ မတူတော့တာတော့ မှန်ပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီတွေက များလာပြီလေ။ နောက်တခုကတော့ ဒီနေ့ ဒီအချိန်အခါမှာ လည်း ပြည်သူလူထုက နိုင်ငံရေးအသိတွေလည်း ပိုပြီးတော့ ရှိလာပါပြီ။ ဒီနေရာမှာ နိုင်ငံရေး အသိရှိလာတော့ ကျနော်တို့ ဒေသအတွက် တိုင်းဒေသကြီးအတွက် နိုင်ငံအတွက် ပိုပြီးတော့ အကျိုး သက်ရောက်နိုင်တာကို စဉ်းစားဖို့ လိုလာပါပြီ။ အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်တဲ့ အတွက်ကြောင့် ရှေ့အနာဂတ်တွေ အားလုံးအတွက် ကောင်းကောင်းမွန်မွန်နဲ့ ဒီမိုကရေစီ နိုင်ငံတခု သွားနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်ကို ကျနော်တို့က လူထုကို ရှင်းပြရတာပါ။

မေး ။ ။ လာမယ့် ရွေးကောက်ပွဲအတွက် မန္တလေးတိုင်း ကြံ့ခိုင်ရေး ပါတီရဲ့ ပြင်ဆင်ထားမှု အခြေအနေနဲ့ ပါတီဝင် အင်အားကို သိချင်ပါတယ်။

ဖြေ ။ ။ လက်ရှိ ပါတီဝင် အင်အားကတော့ ၉ သိန်းကျော် ရှိပါတယ်။ ပါတီလိုလားသူ ဆိုတာကတော့ ကိုယ်စည်းရုံးနိုင်ရင် စည်းရုံးနိုင် သလောက် ရှိတာပေါ့။ အခုကတော့ တော်တော်များများကို စည်းရုံးနိုင်တဲ့ အခြေအနေ ရှိပါတယ်။ မဲဆွယ်စည်းရုံးတဲ့ အနေအထားမှာ တော့ တကယ်ကို မှန်ကန်သော စည်းရုံးမှု ဖြစ်အောင် ကျနော်တို့ အားလုံးက ရည်ရွယ်ပြီးတော့ လုပ်နေပါတယ်။ ပြီးခဲ့တဲ့ ဗဟို ကော်မတီ အစည်းအဝေးမှာလည်း လွပ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတခု ဖြစ်ထွန်းရအောင် ကျနော်တို့ ပါတီကလည်း ပါဝင် ဆောင်ရွက်မယ်ဆိုတာ ရှိပါတယ်။ ဆိုလိုတာကတော့ ပါတီစည်းရုံးရေး ကိစ္စရော၊ ကျန်တဲ့ ကိစ္စတွေကိုရော သေသေချာချာ လုပ်ပေးမယ်ပေါ့။ ဒါကို ဗဟိုကော်မတီကကို အစည်းအဝေး ဆုံးဖြတ်ချက် ချထားတာ ရှိပါတယ်။

မေး ။ ။ ရွေးကောက်ပွဲကာလအတွင်း ပြဿနာ ဖြစ်ပေါ်မှာကို စိုးရိမ်နေကြသူတွေ ရှိပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် အနေနဲ့ ရွေးကောက်ပွဲ ကာလတည်ငြိမ် အေးချမ်းမှုရဖို့ ဘယ်လိုအစီအမံတွေ ဆောင်ရွက်ထားပါသလဲ။

ဖြေ ။ ။ ရွေးကောက်ပွဲ မတိုင်ခင် လုံခြုံရေးနဲ့ ပက်သက်ပြီး ပြည့်ပြည့်ဝဝ ဆောင်ရွက်နေတာ ရှိပါတယ်။ အမှားတွေ ဖြစ်လာကြတယ်။ တယောက်နဲ့တယောက် Complain တွေ ဖြစ်လာကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကော်မရှင်က ရှင်းတာတွေ ရှိသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က ဥပဒေကြောင်းအရ ရှင်းလင်းပေးတာတွေ ရှိပါတယ်။ သိပ်တော့ မပြောပလောက်ပါဘူး။ ကျနော်တို့ ကောင်းကောင်းလည်း ထိန်းနိုင်ပါ တယ်။ ဂရုတော့ စိုက်ပေးရပါတယ်။ ရွေးကောက်ပွဲနေ့ အတွက်လည်း သီးခြား အစီအစဉ်နဲ့ လုံခြုံရေး ကိစ္စတွေ အားလုံး စီစဉ်ဆောင်ရွက် ပြီးပါပြီ။ မနေ့ကပဲ ကျနော်တို့ တိုင်းမှာ အားလုံး ညှိနှိုင်းပြီးတော့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင် ဦးစီးပြီး လုပ်နေတာတွေ ရှိပါတယ်။ ရွေး ကောက်ပွဲ နောက်ပိုင်းကာလကိုတော့ အကုန်လုံးကလည်း အာရုံစိုက်ကြတယ်လို့ သတင်းတွေကလည်း ဖြစ်နေပါတယ်။

ဒီအာရုံစိုက်ကြတယ် ဆိုတာကလည်း ဒီအရှုံးအနိုင်တွေအပေါ်မှာ မူတည်တယ်လို့လည်း သုံးသပ်နိုင်ပါတယ်။ သို့သော် ကျနော်တို့ အစိုးရ အဖွဲ့ အနေနဲ့ကတော့ ဒီလိုကိစ္စရပ်မျိုးကို နိုင်နိုင်နင်းနင်း ဖြစ်အောင်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဥပဒေပိုင်းဆိုင်ရာ အခြေအနေ အချက် အလက်စတာတွေကို အကုန်လုံး စနစ်တကျနဲ့ စီစဉ်ထားပြီး ဖြစ်ပါတယ်။ အကောင်းဆုံး ထိန်းနိုင်မယ်လို့လည်း ထင်ပါတယ်။ ခုနက သူ တို့ စိုးရိမ်တကြီး ဖြစ်ကြတယ်ဆိုတာက စောစောက ပြောခဲ့သလိုပဲ အရှုံးအနိုင်ပေါ် မူတည်ပြီး ဖြစ်လာနိုင်တယ် ဆိုတာမျိုးကို သူတို့မှန်း ထားတာပေါ့။ ကျနော်တို့ ပါတီဖက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ တတွေဟာ ကောင်းကောင်းမွန်မွန်၊ အေးအေးချမ်းချမ်း ဖြစ်မယ့် ရွေးကောက်ပွဲတခုကို ကျနော်တို့က ပါဝင်ပူးပေါင်း ဆောင်ရွက်ပေးဖို့ကတော့ အစီအစဉ်တွေနဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မေး ။ ။ မန္တလေးတိုင်း ဝန်ကြီးချုပ် အဖြစ် ၂၀၁၀ -၂၀၁၅ အချိန် အတွင်း တာဝန်ထမ်းဆောင်ခဲ့တဲ့ အခါမှာ ဘယ်အခန်းကဏ္ဍတွေကို ဦးစားပေး ဆောင်ရွက်ခဲ့ပါသလဲ။

ဖြေ ။ ။ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို တကယ် ထိထိရောက်ရောက် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆိုလိုတာက အရင်တုန်းက ဆိတ်လေး တကောင်တောင် မပိုင်တဲ့သူက အခုအခါဆို ဆိတ်လေး ၁၀ ကောင်၊ ၁၅ ကောင် ပိုင်သွားပြီ။ ကျေးရွာ မီးလင်းတာလည်း အများကြီး ဖြစ်သွားပြီ။ ရွာပေါင်း ၄၇၈၀ ရှိတာ ၃၀၀၀ ကျော် မီးလင်းသွားပြီ။ နောက်တခါ ရေရရှိရေး ကိစ္စဖြစ်တဲ့ ဆည်တွေ၊ ကန်တွေ ဆောင်ရွက်နိုင်ခဲ့တာ များပါတယ်။ တချို့ဒေသတွေမှာ စိုက်ပျိုးရေက မလုံလောက်ဘူး။ မိုးကိုပဲ မျှော်နေရတာကြောင့် မိုးမမျှော်ရအောင် စက်ရေတွင်းတွေ တူးပေးခဲ့တယ်။

ပညာရေးကဏ္ဍမှာ ဆိုရင်လည်း အခြေခံပညာကျောင်းတွေက ဆရာ၊ဆရာမတွေ အင်္ဂလိပ်စာ အရည်အသွေး မြှင့်တင်ဖို့ Cambridge တက္ကသိုလ်ကနေ ဒီပလိုမာ ဘွဲ့ရအောင် လုပ်ပေးခဲ့တယ်။ ဒါ တိုင်းဒေသကြီးအစိုးရ အစီအစဉ်နဲ့ လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျန်းမာရေး ကဏ္ဍကိုတော့ အများဆုံး လုပ်ပေးနိုင်ခဲ့တယ် ထင်ပါတယ်။ အခု မန္တလေးမှာဆို ၁၀ ထပ် ဆေးရုံကြီး ဖြစ်သွားပြီ။ မြန်မာနိုင်ငံမှာ ကျန်းမာ ရေးဝန်ကြီးဌာန လက်အောက်မှာ ဘယ်နေရာမှ ၁၀ ထပ် ဆေးရုံ မရှိသေးဘူး။ မန္တလေးမှာပဲ ရှိတယ်။ အဲဒီဆေးရုံကြီး ဖြစ်မြောက်ဖို့ အတွက် ကျနော်တို့ တိုင်းဒေသကြီး အစိုးရရယ်၊ စေတနာရှင် ပြည်သူလူထုရယ် ပူးပေါင်းပြီး ဆောင်ရွက်လိုက်တာပဲ ဖြစ်ပါတယ်။ ဒေါက်တာ စိုင်းမောက်ခမ်းကိုယ်တိုင်ကို ဒီဆေးရုံကြီး ဘယ်လို ဘယ်ပုံဖြစ်ပေါ်လာသလဲဆိုတာ ကျနော်ကို မေးပါတယ်။ ဒါက တကယ် လိုအပ်နေပြီလေ။ လိုအပ်နေတော့ တကယ် လုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီ ကျန်းမာရေး၊ ပညာရေး၊ ကျေးလက်ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာတော့ တော်တော်များများကို အောင်မြင်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ လက်ရှိ ဆောင်ရွက်နေဆဲ ကဏ္ဍတွေကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ မန္တလေးမှာ ကျူးကျော်ဆိုတဲ့ ကိစ္စရပ်က ရှိနေတော့ ရှင်းရမယ့် အနေအထားမှာ ကိုယ်က ဘယ်လို လုပ်ပေးနိုင်မလဲ ဆိုတာကို အရင်စဉ်းစားပါတယ်။ အဲဒီတော့ မန္တလေးမှာ အဆောက်အဦတွေ ဆောက်လိုက်ပါတယ်။ သူတို့ကိုပဲ ဦးစားပေးပြီး ကျနော် နေရာချပေးလိုက်တယ်။ နောက်တခုကတော့ ဝန်ထမ်းအိမ်ရာ ဖြစ်ပါတယ်။ မြို့နယ်တိုင်းမှာ ဝန်ထမ်း အိမ်ရာတွေ ဆောက်နေပါတယ်။ အခုဆို အထိုက်အလျောက်တော့ ဖြည့်ဆည်းနိုင်ပါပြီ။ ရှေ့လျှောက်လည်း လုပ်ကြဦးမှာ ဖြစ်ပါတယ်။ နောက်တခုကတော့ အငှားအိမ်ရာ စနစ် ဖြစ်ပါတယ်။ အိမ်ရာတခုကို အငှားစနစ်လုပ်လိုက်တော့ ဒီနှစ် နိုင်ငံတော်က ၁၀ ဘီလီယံ ချပေးပါတယ်။ မန္တလေးမှာ တခု၊ ပြင်ဦးလွင်မှာ တခု ဆောက်နေပါတယ်။ အကုန်လုံး Well Prepared ဖြစ်နေပါပြီ။ မြို့နေရာကလည်း တိုးချဲ့နေတာ ဖြစ်ပါတယ်။ စီစဉ်ပေးမယ့် စနစ်ကတော့ မြေကွက်ကိစ္စမှာ ရောင်းမှား၊ ဝယ်မှား ဖြစ်တဲ့သူတွေကိုလည်းပေး အငြိမ်းစား ဝန်ထမ်းကြီးတွေကိုလည်း ပေးမှာဖြစ်သလို တိုးပွားလာတဲ့ မြို့နေလူထုကိုလည်း ပေးရမှာပါ။ ဒါတွေကို အစီအစဉ်တကျ ဆက်လုပ်မှာပါ။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ပြည်ခိုင်ဖြိုးကနေ အစိုးရ ပြန်ဖွဲ့နိုင်မယ်ဆိုရင် ဘယ်လို ကဏ္ဍတွေကို ဆက်လက် လုပ်ဆောင်ပေးမှာပါလဲ။

ဖြေ ။ ။ အခုဆိုရင် နယ်မြေဒေသတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တာတွေ ရှိပြီးပြီပေါ့။ ထပ်မံပြီး လိုအပ်တာတွေ လည်း ရှိပါတယ်။ ဒါတွေကို ကျနော်တို့ ဖြည့်ဆည်းပေးဖို့ လာမယ့် ကာလအတွက် ပြင်ရမှာ ဖြစ်ပါတယ်။ ကျေးလက်ကဏ္ဍ ဆိုတာလည်း ပိုပြီးတော့ ဆောင်ရွက်ပေးရဦးမှာ ဖြစ်ပါတယ်။ နောက်လျှပ်စစ်ကဏ္ဍ၊ ရွာတိုင်း မီးလင်းရေးကို ကျနော်တို့ ကြိုးစားနေပေမယ့် နည်းနည်း လေး လိုနေပါသေးတယ်။ ရွာတိုင်း မီးလင်းရမယ်။ ဒီနေ့ဆို မီးလင်းသွားတဲ့ ရွာတွေက တအားကို ဝမ်းသာနေကြတယ်။ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ဖြစ်သွားသလို စီးပွားရေး လုပ်နိုင်တဲ့ အပြောင်းအလဲတွေလည်း ဖြစ်သွားကြတာကိုး။ ဒါက လုပ်ကို လုပ်ပေးရမှာပါ။

နောက်တခုက လမ်းပန်း ဆက်သွယ်ရေး ကဏ္ဍပါ။ မန္တလေးတိုင်းမှာ လမ်းမပေါက်တဲ့ နေရာတော့ မရှိတော့ဘူး။ ဒါပေမယ့် မြေသားလမ်း တွေကို ကျောက်ချောလမ်း၊ အဲဒီကနေ ကတ္တရာလမ်း ဖြစ်အောင် အဆင့်ဆင့် လုပ်သွားဦးမှာ ဖြစ်ပါတယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးလည်း လုပ်ရဦးမှာပါ။ အလုပ်အကိုင် ရရှိစေတဲ့ သင်တန်းကျောင်းတွေ ဖွင့်ပေးဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအတွင်းမှာ မြို့သာ Industrial Park ဆိုတာ ရှိပါတယ်။ အဲဒီကနေ အလုပ်အကိုင် နှစ်သိန်းလောက်အထိ ရနိုင်ပါတယ်။ စိုက်ပျိုးရေးတခုတည်းနဲ့ သွားနေမယ်ဆိုရင် သွားတော့ သွားနေမယ်။ စက်မှုကဏ္ဍလေးဝင်ထားလိုက်ရင် ပိုကောင်းသွားတာပေါ့။

မေး ။ ။ ဖြည့်စွက် ပြောစရာ ဘာများရှိပါသေးလဲ။

ဖြေ ။ ။ သီးခြား ပြောစရာ မရှိတော့ပါဘူး။ တော်တော်လေးလည်း ပြည့်စုံပါပြီ။

Did you find apk for android? You can find new Free Android Games and apps.