fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

ရွေးကောက်ပွဲနဲ့ စီးပွားရေးသမား

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် သမိုင်းဝင် ရွေးကောက်ပွဲကို ရင်ခုန်ကြသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ရှေ့ဆုံးက ပါဝင်ပါတယ်။ ရွေးကောက်ပွဲအပေါ် သူတို့ရဲ့ အမြင်တွေကို ဧရာဝတီက မေးမြန်းစုစည်းတင်ပြလိုက်ပါတယ်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် သမိုင်းဝင် ရွေးကောက်ပွဲကို ရင်ခုန်ကြသူတွေထဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေက ရှေ့ဆုံးက ပါဝင်ပါတယ်။ ရွေးကောက်ပွဲအပေါ် သူတို့ရဲ့ အမြင်တွေကို ဧရာဝတီက မေးမြန်းစုစည်းတင်ပြလိုက်ပါတယ်။

ဦးညိုမြင့်(Senior Managing Director of the KBZ Group of Companies)

ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် ကျနော်တို့က politicall neutral ပါပဲ။ ဝန်ထမ်းတွေကိုလည်း ပြောထားတယ်၊ ကိုယ်ကြိုက်တာ ကိုယ်ရွေးချယ်မဲပေးကြဖို့ပါ။ ကြိုက်တာ လုပ်ခွင့်ပေးပါတယ်။ ကျနော်တို့က စီးပွားရေးလုပ်နေတာဖြစ်တဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်အေးချမ်းတာကိုပဲ လိုလားပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဖြစ်နေမှ စီးပွားရေးလုပ်ငန်းတွေလည်း အဆင်ပြေမှာပါ။ ဒီတော့ ဝန်ထမ်းတွေကို အေးအေးချမ်းချမ်း အလုပ်အကိုင်ပေးနိုင်ပါမယ်။ ဒါကြောင့် ပြည်သူအားလုံးလိုပဲ ဒီရွေးကောက်ပွဲကြီး အေးအေးချမ်းချမ်း ပြီးသွားပါစေလို့ပဲ မျှော်လင့်ပါတယ်။

ဦးမြတ်သင်းအောင် (Chairman of Hlaing Tharyar Industrial Zone)

ဒီရွေးကောက်ပွဲက ပြသာနာတော့ ရှိနိုင်တယ်။ အနိုင်အရှုံးပေါ်လာတာနဲ့ ပြဿနာတွေ တန်းစီတက်လာနိုင်တယ်။ အန်အယ်လ်ဒီဘက်က ရှုံးရင်လည်း မဲခိုးတယ်ဆိုတဲ့ စွပ်စွဲချက်တွေ တက်လာမယ်။ ကြံ့ခိုင်ရေးရှုံးရင်လည်း မထင်မှတ်တဲ့ ပြဿနာတွေတက်နိုင်မယ်။ အခြေအနေက သိပ်ပြီး မပြောင်းလဲသေးဘူး။ ဒီရွေးကောက်ပွဲမှာ အဓိက တာဝန်ရှိသူတွေ အနေနဲ့ အနိုင်ရသူကို ဘယ်လိုပဲ ဖြစ်ဖြစ် အာဏာလွဲပေးမယ်ဆိုတဲ့ ကတိကတော့ ပေးဖို့လိုတယ်။ ဒီလို အတိအလင်း ကြေညာပေးရင်တော့ ပြဿနာနည်းသွားနိုင်တယ်။ သေချာတာက ရှုံးတဲ့သူကတော့ အနှောင့်အယှက်ပေးမှာက အသေအချာပဲ။ ဒီရွေးကောက်ပွဲကြောင့် ပြောင်းတာကတော့ ပြောင်းလိမ့်မယ်။ ဒါပေမယ့် ဘယ်လောက်ပြောင်းမလဲ၊ နည်းနည်းပြောင်းတာနဲ့ များများပြောင်းတာ ကွာပါလိမ့်မယ်။ ဘယ်အစိုးရတက်လာလာ ပြောင်းလဲမှုကတော့ လုပ်ပါလိမ့်မယ်။ အနှေးနဲ့ အမြန်ပြောင်းတာပဲ ကွာမှာပါ။

ဒေါက်တာမောင်မောင်လေး (Vice chairman of UMFCCI)

စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ဒီရွေးကောက်ပွဲကို စိတ်ဝင်စားကြပါတယ်။ ဒီရွေးကောက်ပွဲပြီးရင် တက်လာမယ့် အစိုးရက ဒီစီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တာတွေကို လုပ်ပေးနိုင်မယ့်သူတွေကို အလိုရှိပါတယ်။ အစိုးရသစ်အနေနဲ့ လွယ်ကူပွင့်လင်းပြီး လုပ်ရကိုင်ရ မြန်ဆန်မယ့် ဥပဒေတွေ ပြဌာန်းပေးဖို့လိုမယ်။ ကြိုးနီစနစ်တွေကို မရှိအောင် လုပ်ပေးဖို့လိုမယ်။ မပြီးပြတ်သေးတဲ့ ဥပဒေတွေ၊ ဥပမာ ကွန်ဒိုမီနီယမ်ဥပဒေ၊ ရင်းနှီးမြှပ်နှံမှုဥပဒေ စတာတွေကို မြန်မြန် အတည်ပြုပေးဖို့လိုမယ်။ ပြီးတော့လာမယ့် အာဆီယံစီးပွားရေး အသိုက်အမြုံမှာ မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့နောက်ကောက်မကျပဲ လိုက်လုပ်နိုင်ဖို့ လုပ်သာကိုင်သာ အခွင့်အလမ်းတွေ ဖန်တီးပေးမယ့် အစိုးရလိုတယ်။ ခရိုနီစီးပွားရေးကို ရပ်တန့်ပေးနိုင်မယ့် အစိုးရသစ်ဖြစ်ရမယ်။ တရားဥပဒေစိုးမိုးရေးနဲ့ အညီ လမ်းကြောင်းမှန်အတိုင်း လုပ်ပေးမယ့်သူတွေ လိုအပ်တယ်။ လက်တွေ့ကျကျ လုပ်ကိုင်ခွင့်ရမယ့် ဥပဒေတွေကို ချပေးရမယ်။ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေအဆိုအရ မြန်မာနိုင်ငံဟာ ခုချိန်ထိ ပြောင်းလဲရေးကာလမှာ အဆိုးရွားကြီး မဖြစ်သေးဘူးဆိုတာတွေ့ရတယ်။ တကယ်လို့သာ ရွေးကောက်ပွဲဟာ မျှမျှတတနဲ့ အေးချမ်းစွာ ပြီးသွားရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလည်မှာ စံပြနိုင်ငံဖြစ်လာပါလိမ့်မယ်။

ဒေါက်တာစိုးထွန်း (Chairman of Myanmar Automobile Dealers Association)

အစိုးရသစ်တခု ပေါ်ပေါက်လာဖို့က ရွေးကောက်ပွဲ တရားမျတမှုရှိရှိပြီးဖို့ အရေးကြီးပါတယ်။ တရားမျှတမှုမရှိရင် လက်မခံနိုင်စရာတွေ ဖြစ်လာရင် တိုင်းပြည်က တည်ငြိမ်အေးချမ်းမှာ မဟုတ်တော့ဘူး။ အေးချမ်းစွာ ပြီးမပြီးဆိုတာကိုတော့ မနက်ဖြန် သိရမှာပေါ့။ ခုချိန်မှာ ပြောရတော့ ခက်နေသေးတယ်။ စောင့်ကြည့်နေတဲ့ အချိန်ဖြစ်နေလို့ပါ။ ပြည်သူတွေ ဆန္ဒနဲ့ အညီ ဖြစ်လာမယ်လို့တော့ မျှော်လင့်ပါတယ်။ အားလုံးက လက်ခံတဲ့ ရွေးကောက်ပွဲကိုပဲ မြင်ချင်ပါတယ်။ ဒါဟာ အပြောင်းအလဲတခုလည်း ဖြစ်တဲ့အတွက် နိုင်ငံရေးပြောင်းလာရင် စီးပွားရေးကလည်း လိုက်ပြောင်းလာမှာပဲ။

ဦးသိန်းထွန်း (Chairman of Tun Foundation Bank and Pepsi)

ရွေးကောက်ပွဲကို လုပ်တယ်ဆိုကတည်းက အပြောင်းအလဲကို လိုချင်လို့လုပ်ကြတာလေ။ ဒါပေမယ့် ရွေးကောက်ပွဲထက် အရေးကြီးတာက အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်လုပ်ဖို့ပါပဲ။ မဟုတ်ရင် ဒီနိုင်ငံမှာ ဘာမှ ဘယ်လိုမှ ဆက်သွားလို့ရမှာမဟုတ်ဖူး။ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်တွေ၊ ပါစင်နယ်အီမိုးရှင်းအမြင်တွေ ဘေးဖယ်ထားပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆက်ပြီးတော့ တိုင်းပြည်သည် ပထမ၊ ပြည်သူသည် ဒုတိယ၊ အစိုးရသည် တတိယ၊ မိမိပါတီသည် စတုတ္ထ၊ မိမိကိုယ်ကျိုးသည် နောက်၊ ဒီလိုနဲ့ ဒီတိုင်းပြည်ကို နိုင်ငံရေးသမားတွေအားလုံး အနစ်နာခံပြီး ပြင်မှသွားမှ ဒီကနေ့ နိုင်ငံတိုးတက်ဖို့ တည်ဆောက်လို့ရမယ်။ အဲဒီတည်ဆောက်လို့ရမှ ရေရှည်မှာ ခိုင်မြဲအဆင်ပြေမယ်။ ဒါတွေ မလုပ်ရင် တိုင်းပြည်အခြေအနေဟာ သိပ်ကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ချက်တစ်ခုနဲ့ သွားမှရမယ်။ လူတွေအားလုံးက ကိုယ့်ကိုကို အသာစီးရမှဆိုတာတွေ မတွက်ကြပဲနဲ့၊ တိုင်းပြည်သည် ပထမဆိုပြီး လုပ်ကြဖို့လိုမယ်။ ဒီလိုနိုင်ငံတည်ဆောက်မှရမယ်။ မဟုတ်ရင် နောက်ထပ်နှစ်ပေါင်းများစွာ သံသရာတွေလည်ပြီး လူတွေဟာ အင်မတန်မှ သနားစရာကောင်းတယ်။ ဒါကြောင့် ဒီလိုအခြေအနေမှာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ချင်တဲ့စိတ်၊ စေတနာထားကြတဲ့စိတ်နဲ့ သွားကြမှကောင်းမှာ။ မဟုတ်ရင် ဘာမှလုပ်လို့ရမှာမဟုတ်ဖူး၊ သံသရာပြန်လည်လိမ့်မယ်။ ရွေးကောက်ပွံဲ အေးချမ်းပြီးဖို့ဆိုတာက၊ ပြည်သူရယ်၊ လက်ရှိအုပ်ချုပ်တဲ့ လူတန်းစားရယ်မှာ မူတည်တယ်။ အတွေ့အကြုံနုသေးတဲ့ ပြည်သူကို ကိုင်တွယ်တဲ့အခါမှာ၊ သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်မှဖြစ်မှာ။ မဟုတ်ရင် ပြည်သူကို မလိုလားအပ်ပဲ မြှောက်ပေးတာတွေနဲ့ အကုန်ဖြစ်ကုန်ရင် ယနေ့ နာမှာက တိုင်းပြည်ပဲ။ ပြည်သူနာမယ်။

ဒေါ်ဝင်းဝင်းတင့် (Director of City Mart Holdings)

ဒီရွေးကောက်ပွဲက တိုင်းပြည်အတွက် အရမ်းအရေးကြီးတဲ့ကာလဖြစ်ပါတယ်။ အကောင်းဆုံး ရလဒ်တွေ ထွက်လာမယ်လို့လည်း မျှော်လင့်ပါတယ်။ နိုင်ငံတော်ကို တိုးတက်လာဖို့၊လုပ်နိုင်မယ်လို့ မျော်လင့်ထားပါတယ်။ ပြောရရင် မြန်မာနိုင်ငံက တခြားနိုင်ငံတွေနဲ့စာရင် တိုးတက်မှုမှာ အရမ်းကိုနောက်ကျနေပြီ။ တကယ်တိုးတက်ဖို့ လုပ်ဆောင်ရမယ့် အချိန်လည်းရောက်နေပြီ။ အမှန်ဆို နောက်တောင်ကျနေပြီလို့ ပြောလို့ရတယ်။ အစိုးရသစ် ဘယ်သူတက်လာလာ၊ နိုင်ငံတိုးတက်ဖို့ အကောင်းဆုံးလုပ်နိုင်မယ့်သူ ဖြစ်လိုပါတယ်။ နိုင်ငံတိုးတက်ဖို့ဆိုတာမှာ စီးပွားရေးတိုးတက်ဖို့ လုပ်ပေးဖို့လိုပါတယ်။ ဒါကို ဂရုစိုက်ပြီး အကောင်းဆုံးလုပ်ပေးနိုင်မယ့် သူတွေကို မျှော်လင့်ပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့ စီးပွားရေးပေါ်လစီတွေကို ကောင်းကောင်းချမှတ်နိုင်မယ့် အစိုးရတစ်ရပ်ဖြစ်လာဖို့ လိုလားပါတယ်။

ဦးစံသိန်း ( မြန်မာ့နိုင်ငံအသေးစားနှင့် အလတ်စား ဖွံ့ဖြိုးရေးဘဏ် အကြံပေးဟောင်း၊ ဂျာမန်နှင့် ပူးပေါင်းဆောင်ရွက်မှု GIZ ၏ အကြံပေး)

မဲထည့်တယ်ဆိုတာ နိုင်ငံသားတဦးရဲ့ အခွင့်အရေးပဲ။ လက်လွတ်မခံရဘူး။ ရွေးကောက်ပွဲအလွန် စီးပွားရေးကိုပြောရရင် ရွေးကောက်ပွဲ ချောချောမောမော ဖြစ်ဖို့၊ အာဏာလွှဲပြောင်းတာ အဆင်ပြေဖို့ အဲဒီလိုဖြစ်သွားရင် ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့နိုင်ငံ ဖြစ်သွားမယ်။ ဒီလိုဆိုရင် နိုင်ငံတကာကနေ အကူအညီတွေ အခွင့်အလမ်းတွေ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လာလိမ့်မယ်။ ၉၀ ခုနှစ်မှာလည်း စီးပွားရေးက ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး။ အုပ်ချုပ်တဲ့သူနဲ့ပဲ ဆိုင်တယ်။ အဲဒီတုန်းက စစ်တပ်အစိုးရလေ အဲဒီနောက်ပိုင်းမှာ ထိန်းချုပ်မှုတွေ အများကြီး ရှိလာတယ်။ ထိန်းချုပ်မှုရှိလေ ဘဏ္ဍာရေးမှာ အားနည်း လေပဲ။ ဒါပေမယ့် လွှတ်ပေးတိုင်းလည်း တိုးတက်တာ မဟုတ်ဘူး လမ်းကြောင်းမှန်မှန်နဲ့ ဖြေလျှော့ပေးမှ။ အခုနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲအပြီး မှာတော့ ဖြေလျှော့မှုတွေ လုပ်လာခဲ့တယ်။

ဦးသန်းဦး ( ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး )

တကယ်လို့ လက်ရှိ အာဏာရပါတီက ရွေးကောက်ပွဲကာလမှာ တရားမျှတမှု မရှိဘူး မမှန်မကန် ရိုးဖြောင့်မှုမရှိတာတွေ ပါလာလို့ ပြည်သူက မခံနိုင်လို့ ဆူပူသောင်းကျန်းမှုတွေ ဖြစ်ခဲ့မယ်ဆိုရင် ဒါမျိုးကို ကျနော်တို့က တွေးကြောက်တယ်။ ရွေးကောက်ပွဲအလွန်ကာလကို စိုးရိမ်တယ်။ လက်ရှိ အာဏာရအစိုးရကသာ ပွင့်လင်းမြင်သာပြီး ရိုးသားတဲ့ သဘော ရှိမယ်ဆိုရင် ကမ္ဘာအလယ်အမှာ စံပြနိုင်ငံတနိုင်ငံအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်နမယ်လို့ မျှော်လင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမျာက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအဖွဲ့အစည်းတခုဖြစ်လာရင်တော့ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက လက်ရှိ ဆန်စပါးလောကမှာပဲဖြစ်ဖြစ် ပြည်ပနဲ့ အရောင်းအဝယ်လုပ်ရတယ် ကျနော်တို့ရဲ့ ဈေးကွက်တွေက ကျဉ်းမြောင်းတယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ ဖြစ်လာရင် ဈေးကွက်တွေက ပိုကျယ်ပြန့်လာမယ် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာမယ်။ အဂတိကင်းတဲ့ အစိုးရလို့ မျှော်လင့်လို့ ဖြစ်လာရင် ကျနော်တို့ လုံခြုံမယ်။ နိုင်ငံတကာက လာရောက်ရင်းနှီးမယ့်သူတွေကလည်း ဥပဒေကဲ့သို့ အာဏာတည်တဲ့ ဥပဒေတွေနဲ့ တိတိကျကျ လိုက်နာကျမယ်ဆိုရင် ရှေ့လျှောက် ကောင်းတဲ့ လက္ခဏာလို့ ကျတော်တို့က မျှော်လင့်လို့ ရတာပေါ့။ လက်ရှိ ဦးသိန်းစိန် အစိုးရကတော့ ၅နှစ် စီမံခန့်ခွဲတာ ကျနော်တို့ နှစ်သက်တဲ့ အခြေအနေထိ မရောက်ခဲ့ရဘူး။ ဒါပေမယ့် ၂၀၁၅ အလွန်ကိုတော့ ပိုကောင်းတဲ့ အစိုးရမျိုး လိုချင်တယ်။

မြန်မာနိုင်ငံပဲနှမ်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဒုဥက္ကဌ ဦးစိုင်းဘဉာဏ်

၂၀၁၅ ရွေးကောက်ပွဲ တည်ငြိမ်ရင်တော့ စီးပွားရေး အခြေအနေကောင်းနိုင်တယ်။ ဖြစ်မဖြစ်က ပြောလို့မရသေးဘူး။ လွတ်လပ်ရေးရပြီးကာစက ခဏပဲ ဒီမိုကရေစီရခဲ့ပြီး ဆိုရှယ်လစ် စီးပွားရေးဖြစ်ခဲ့တယ်။ တံခါးပိတ်စနစ်ပေါ့။ လုပ်ငန်းတွေ အားလုံးကို နိုင်ငံတော်က ပြည်သူပိုင်လုပ်ခဲ့တော့ ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ မရှိတော့ဘူး စိတ်ဝင်စားမှုလည်း မရှိကြတော့ဘူး။ ဦးနေဝင်းလက်ထပ်မှာ အဆင်းဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ၉၀ပြည့်နှစ် ရွေးကောက်ပွဲမှာ စီးပွားရေးလွတ်လပ်လာဖို့ မဲထည့်ကြတယ် ဒါပေမယ့် အာဏာမလွဲခဲ့ဘူး။ နောက် နဝတ အစိုးရတက်ပြီး တံခါးဖွင့် စီးပွားရေးကိုလုပ်ပေမယ့် မလုပ်တတ်တော့ အစိုးရနဲ့နီးစပ်တဲ့သူတွေက အခွင့်အရေးတွေရပြီး စီးပွားဖြစ်ခဲ့တယ်။ ဒါကို တိုင်းပြည် စီးပွားရေးလို့ မခေါ်ဘူး လူစွမ်းအားအရင်းအမြစ်တွေကို အသုံးချပြီး လုပ်နိုင်မှပါ။ အခုထိလည်း နိုင်ငံတကာနဲ့ စီးပွားရေး ယှဉ်လို့ မရသေးပါဘူး။ နိုင်ငံက ကုန်ကြမ်းပဲ အဓိက လုပ်နိုင်သေးတာ ကြာရင် စီးပွားရေးကျွန်ဖြစ်သွားမှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အလွန် စီးပွားရေးကို ကြည့်မယ်ဆိုရင် ယခင်က စီးပွားရေးလုပ်ငန်းသူတွေနဲ့ နီးစပ်တဲ့သူနိုင်ရင် ဒီအတိုင်းပဲ ပြန်ဖြစ်သွားမယ်။ စီးပွားရေးပြောင်းလဲဖို့က NLD က လုပ်နိုင်စွမ်း မရှိလို့ မလုပ်နိုင်ခဲ့တောင် ၅ နှစ်ပဲ ပြီးရင် ပြန်ပြုတ်ကျနိုင်သေးတယ်။ အခု သူတွေက ထပ်ပြီးတက်လာရင် ပြန်ဆင်းမှာ မဟုတ်တော့ဘူး။

ဦးအေးလွင် ( မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး)

ဥပဒေအရ စိုးမိုးနိုင်တဲ့ စီးပွားရေး ပေါ်လစီတွေဖြစ်လာဖို့ မျှော်လင့်တယ်။ အခုက ဥပဒေအရ စိုးမိုးနိုင်တဲ့ စီးပွားရေး ပေါ်လစီ တွေ အားနည်းလို့ စီးပွားရေးမှာ မသမာမှုတွေဖြစ်နေတယ်။ အထူးသဖြင့် နယ်စပ်တွေမှာ တရားမဝင်မှောင်ခိုတွေ ကြီးမားနေတယ်။ ဥပဒေစိုးမိုးတဲ့ စီးပွားရေးပေါ်လစီတွေ စီးပွားရေးအစီအမံတွေကို လုပ်ဆောင်ပေးနိုင်တဲ့ ကောင်းမွန်သော အစိုးရအဖွဲ့ ပေါ်ပေါက်လာရင် လူမူရေး စီးပွားရေးတွေပါ ကောင်းလာမှာပါ။

(ကျော်ဆုမွန်နှင့် မေစိုးစံ ပူးပေါင်းရေးသားသည်။)

Did you find apk for android? You can find new Free Android Games and apps.