fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

“ရွေးကောက်ပွဲ ရလဒ်တွေကို ဘယ်လို ကိုင်တွယ်မလဲ”

ကျနော်တို့ အားလုံး သိထားသလိုပဲ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ခု ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဌာနတွေကို စစ်တပ်က ခန့်အပ်တာ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတ ရွေးချယ်တဲ့ နည်းကလည်း ကွဲပြားခြားနားပါတယ်။


Want create site? Find Free WordPress Themes and plugins.

နိုဝင်ဘာလ ၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ကာလကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသော ရွေးကောက်ပွဲက တနိုင်ငံလုံးမှ မဲရုံများတွင် ချောချောမွေ့မွေ့ ပြီးဆုံးသွားပါသည်။သို့သော် ဇာတ်လမ်းက မပြီးသေးပါ။ ရလဒ်များကို ဆက်တိုက် ထုတ်ပြန်ပေးလိမ့်မည်ဟု မျှော်လင့်ရပြီး အသစ်ရွေးကောက်ခံခဲ့ရသည့် လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်၍ အစိုးရသစ်တခု ဖွဲ့စည်းနိုင်ရေးကတော့ လနှင့်ချီ၍ ကြာမြင့်လိမ့်မည်ဖြစ်သည်။

၂၅ နှစ်အတွင်း မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတမှု အရှိဆုံးဟု ယူဆနိုင်ဖွယ်ရှိသည့် သမိုင်းဝင်ရွေးကောက်ပွဲ ကျင်းပနေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၁၉၉၀ တွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း လျစ်လျူရှုခြင်းခံခဲ့ရသည့် ရွေးကောက်ပွဲ အကြောင်းကို ဝါရင့်စာနယ်ဇင်းသမား တဦးဖြစ်သည့် ဘာတေးလ် လင့်တနာ (Bertil Lintner) နှင့် ဧရာဝတီက ဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို ဆယ်စုနှစ်များစွာ ရေးသားခဲ့သည့် ဘာတေးလ် လင့်တနာက နိုင်ငံရေး အပြောင်းအလဲ အတွက် ခက်ခဲသော သင်ခန်းစာများနှင့် သူ၏ အမြင်များကို ပြောပြခဲ့ပါသည်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် မဲလာပေးတဲ့ မဲရုံမှာ ခင်ဗျားကို ဒီမနက် တွေ့ခဲ့ရပါတယ်။ သူရောက်လာတဲ့အခါ ဝိုင်းပြီး ကြိုဆို ထောက်ခံကြတဲ့သူတွေ အများကြီးကိုလည်း တွေ့ရမှာပါ။ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ခုချိန်အထိတော့ အရမ်းကောင်းတယ်လို့ ကျနော်ပြောရမှာ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူအုပ်ကြီးက အရမ်း ကြီးမားတယ်လို့ ထင်ရပါတယ်။ ကျနော်မြင်ခဲ့ရ၊ ကြားခဲ့ရတာတွေအရ ပြောရမယ်ဆိုရင် NLD တကယ် ကောင်းမွန်စွာ လုပ်နိုင်တော့မယ်လို့ ယူဆလို့ရပါတယ်။ အဲဒါက ရန်ကုန်မှာတင် မဟုတ်ပါဘူး။ ဒီညနေပိုင်းမှာ တိုင်းပြည်ရဲ့ တခြားနေရာက လူတွေနဲ့လည်း ကျနော်တွေ့ခဲ့ပါတယ်။ အခြေအနေက တူတူပါပဲ။

မေး။ ။ ရန်ကုန်မြို့ ဝန်းကျင်က တခြားမဲရုံတွေကိုရော သွားဖို့ အခွင့်အရေး ရခဲ့ပါသလား။

ဖြေ။ ။ မရခဲ့ပါဘူး။ ဒါပေမယ့် ဒီက တခြားမဲရုံတွေအပြင် အထက်မြန်မာနိုင်ငံက မဲရုံတွေမှာရှိတဲ့ ပြည်သူတွေနဲ့ ကျနော် ဆက်သွယ်နိုင်ခဲ့ပါတယ်။ တောင်ကြီးကတော့ NLD ဘယ်လောက် မဲတွေရမယ်၊ ကိုယ်စားလှယ်နေရာ ဘယ်လောက် ရမယ်ဆိုတာ တိတိကျကျ မသိရသေးပါ။ ဒါပေမယ့် ဒီကနဦး လေ့လာမှုတွေအရ တကယ်လို့ သူတို့ (NLD) က လွှတ်တော် အတွင်းမှာ နေရာအများစု သို့မဟုတ် အများစုနီးပါး ရမယ်ဆိုရင်လည်း ကျနော် အံ့သြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ အမှတ်ရသင့်တာက သူတို့အတွက် လက်ရှိ အစိုးရနဲ့ အလားတူ အာဏာမျိုးရှိတဲ့ အစိုးရတခု ဖွဲ့စည်းဖို့ အရမ်းကို ခက်ခဲလိမ့်မယ် ဆိုတာပါပဲ။ ကျနော်တို့ အားလုံး သိထားသလိုပဲ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ခု ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဌာနတွေကို စစ်တပ်က ခန့်အပ်တာ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတ ရွေးချယ်တဲ့ နည်းကလည်း ကွဲပြားခြားနားပါတယ်။ လူများစုမဲနဲ့ ရွေးချယ်တာ မဟုတ်ပါဘူး။ ဒါကြောင့် စစ်တပ်က ဒီနိုင်ငံမှာ အာဏာ အပြင်းဆုံး အဖွဲ့အစည်းတခုအဖြစ် ကာလရှည်ကြာစွာ ရှိနေဦးမှာပဲ။ ဒါကြောင့် တကယ်လို့ NLD က အစိုးရဖြစ်လာခဲ့ရင်တောင်၊ ကျနော် အခုထိ မသိသေးပါဘူး။

မေး။ ။ ဒီနေ့ အခြေအနေအရဆိုရင် NLD အနိုင်ရမယ်လို့ ထင်ပါသလား။

ဖြေ။ ။ ကျနော်က ဗေဒင်ဆရာ မဟုတ်ပါဘူး။ ဒါကြောင့် မပြောနိုင်ပါဘူး။ ဒါက အောင်မြင်မှုကို ခင်ဗျား ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲ ဆိုတာပေါ်မှာ မူတာ်ပါတယ်။ တကယ်လို့ NLD က ကြံ့ခိုင်ရေးထက် အမတ်နေရာပိုရရင်၊ မဲပိုရရင် ကျနော် အံ့သြမှာ မဟုတ်ပါဘူး။ ပြည်သူတွေနဲ့ စကားပြောခြင်း သူတို့ပြောတာတွေ နားထောင်ခြင်း အားဖြင့် ဘယ်ကို သွားနေတယ်ဆိုတာကို သိရပါတယ်။ နိုင်ငံ နေရာ အတော်များများက သတင်းတွေ ကျနော်တို့ရပါတယ်။ ဒါပေမယ့် တကယ်လို့ NLD က နေရာအများစု အနိုင်မရခဲ့ဘူးဆိုရင် လွှတ်တော်ထဲမှာ စစ်တပ်အတွက် ၂၅ ရာခိုင်နှုန်း နေရာ ရှိနေတယ် ဆိုတာကို ကျနော်တို့ အမှတ်ရသင့်ပါတယ်။ ဥပမာ တိုင်းရင်းသား ပြည်နယ်တွေမှာ ဘာတွေဖြစ်နေတယ် ဆို တာကို ကျနော်တို့ မသိသေးပါဘူး။ တောင်ကြီးကတော့ ချွင်းချက်ပေါ့။ တောင်ကြီးက ရှမ်းပြည်နယ်ရဲ့ မြို့တော်ပါ။ နေရာ အနည်းစုကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။

မေး။ ။ ကချင် သို့မဟုတ် ရခိုင်ပြည်နယ်က ပြည်သူတွေနဲ့ရော ဒီနေ့ စကားပြောဖို့ အခွင့်အရေး ရခဲ့ပါသလဲ။

ဖြေ။ ။ ကချင်နဲ့ ရခိုင် ပြည်နယ်တွေနဲ့ စကားမပြောခဲ့ရပါဘူး။ ရှမ်းပြည်နယ် တခုပါပဲ။

မေး။ ။ မဲရုံတွေ မပိတ်ခင် ဘာတွေကို အဓိက စိတ်ပူမိပါသလဲ။

ဖြေ။ ။ ဒီမနက် မဲရုံအပြင်ဘက်မှာ ကျနော်စကားပြောခဲ့ရတဲ့ ပြည်သူ အများအပြားက သူတို့ အလိမ်ခံရတော့မယ်လို့ ယုံကြည်နေကြပါတယ်။ အာဏာပိုင်တွေကပေါ့။ အဓိက ပြဿနာကတော့ အစိုးရကို ဘယ်သူမှ မယုံဘူး။ ဒါကြောင့် တ ကယ်လို့ အစိုးရက မှန်ကန်တာ တစုံတခုလုပ်ရင်တောင် ပြည်သူတွေက မယုံကြဘူး။ အဲဒီနောက်ကွယ်မှာ မရိုးသားတဲ့ အစီအစဉ် တခုခုရှိရမယ်လို့ ထင်ကြတယ်။ ဒါပေမယ့် သူတို့ (အစိုးရ) က လိမ်တော့မယ်လို့တော့ ကျနော် တကယ်မယုံ ကြည်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စွန့်စားမှုကြီးလို့ပါ။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုလိုပါတယ်။ မြန်မာ နိုင်ငံက နိုင်ငံတကာရဲ့ အလယ်မှာ ရပ်တည်နေရတာပါ။ ဒါကြောင့် ကျနော် သက်သေမပြနိုင်ပေမယ့် အစိုးရက ဒီနေ့ကို တတ်နိုင်သမျှ လွတ်လပ်ပြီး ပွင့်လင်းမြင်သာမှု ရှိစေချင်မယ်လို့ ကျနော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အန္တရယ် များလို့ပါ။ သူတို့ အနေနဲ့ မဲပေးတဲ့နေရာမှာ လိမ်ညာခြင်း သို့မဟုတ် မရိုးသားမှုတွေနဲ့ စွန့်စားလို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် စောင့်ကြည့်ရမှာက ရွေးကောက်ပွဲရလဒ်တွေကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာပါပဲ။ ပြောရမယ်ဆိုရင် ဒီဇင်ဘာလကုန် ဒါမှမဟုတ် ဇန်နဝါရီ လလောက်အထိ ကျနော်တို့ သိနိုင်မှာ မဟုတ်ပါဘူး။ အဲဒီ အချိန်လောက်ဆိုရင် နိုင်ငံခြား စာနယ်ဇင်း သမားတွေလည်း ပြန်သွားကြပါပြီ။ တခြားသတင်းတွေ ပြောင်းရေးနေကြပါပြီ။ အခုအချိန်မှာ မြန်မာနိုင်ငံကို လာတဲ့သူတိုင်းက လွတ်လပ်တယ်၊ ဒီမိုကရေစီ ဖြစ်တယ်လို့ သုံးသပ်ပြီးသွားပါပြီ။ ဘာတွေဖြစ်လာမယ်ဆိုတာကို ကျနော်တို့ ဂရုတစိုက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ၁၉၉၀ ကို မှတ်မိမယ်ဆိုရင် အဲဒါက အခုအတိုင်းပါပဲ။ မေလ ၂၇ ရက်မှာ အရမ်းပျော်ခဲ့ကြတယ်။ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတယ်။ တကယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ။ အားလုံး အမှန်တကယ် ပြောင်းလဲတော့မယ်လို့ ပြည်သူတွေ တကယ်ထင်ခဲ့ကြတယ်။ ၂ လကြာတဲ့အခါ၊ ၂ လ တိတိကြာတဲ့အခါ၊ နဝတ အစိုးရက ပါတီတခုကို အာဏာလွှဲပြောင်း မပေးနိုင်ဘူး၊ တခြားပါတီတွေလည်း အမြောက်အများရှိသေးတယ်။ သူတို့ အတွက်လည်း ထည့်သွင်းစဉ်းစားရမယ်လို့ သဘောရတဲ့ ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့တယ်။ ဒါကြောင့် အဲဒီအချိန်က ၄၈၅ ဦးရှိတဲ့ ရွေးကောက်ခံ လွှတ်တော်အစား ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀ နဲ့ သူတို့စိတ်ကြိုက် ရွေးချယ်ထားသူ ၆၀၀ ပါဝင်တဲ့ အမျိုးသား ညီလာခံကို ကျင်းပခဲ့တယ်။ ပြီးတော့ ပြည်သူတွေ စိတ်ပျက် ဒေါသ ဖြစ်ခဲ့ရတာကို ကျနော် မှတ်မိနေပါသေးတယ်။ ဒါပေမယ့် သူတို့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ အခု အချိန်မှာတော့ ဒီလိုဖြစ်လိမ့်မယ်လို့တော့ ကျနော် မထင်ပါဘူး။ ဒီနေ့ ခေတ်အခါမှာ အဲဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး။ မိုဘိုင်းဖုန်းတွေ၊ Facebook နဲ့ လူမှုကွန်ရက်တွေနဲ့ ၁၉၉၀ ခုနှစ်ကထက်စာရင် အများကြီး ပွင့်လင်းလာပါပြီ။ ကျနော်တို့ စောင့်ကြည့်ရမှာက တကယ်လို့ ဒီရွေးကောက်ပွဲမှာ NLD အမှန်တကယ် အနိုင်ရရှိခဲ့မယ်ဆိုရင် သူတို့က NLD ရဲ့ အောင်မြင်မှုကို ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ကျနော်တို့ စောင့်ကြည့်ဖို့ ကျန်နေပါသေးတယ်။

မေး။ ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံမှာ ရှိနေခဲ့ပါသလား။

ဖြေ။ ။ မရှိပါဘူး။ ကျနော်က နိုင်ငံခြားသား စာနယ်ဇင်းသမား တယောက် ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို သတင်းယူခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် အဲဒါက ပြဿနာတခု မဟုတ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အချိန်က ကျနော်တို့မှာ မိုဘိုင်းဖုန်းတွေ မရှိဘူး။ အင်တာနက် မရှိဘူး။ ကျနော်တို့မှာ ရိုးရိုးဖုန်းတွေပဲ ရှိပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ရန်ကုန်က သတင်းတွေကို တနေ့တည်းမှာ အကြိမ်ကြိမ် ရနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ဘန်ကောက်မှာ ဆိုရင် ဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါကြောင့် ကျနော် ဘန်ကောက်မှာနေခဲ့ရပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Bertil Lintner on Burma’s Poll: ‘They Can’t Really Risk It by Cheating’ ကို နိုင်မင်းသွင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.