fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

“ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့ ပါဝင်ကူညီပေးကြပါ”

အားလုံး လူတွေက ပြောင်းလဲချင်တယ်။ ကျမတို့လည်း ပြောင်းလဲဖို့ ကြိုးစားတယ်။ ပြောင်းလဲချင်တဲ့ လူတွေ ကျမတို့ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ လူတွေနဲ့ ပူးပေါင်းပြီးတော့ ပါဝင်ကူညီပေးကြပါ လို့ ပြောချင်ပါတယ်။


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ရခိုင်အမျိုးသားပါတီ(ANP)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၇၆ ဦးတွင် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၄ ဦးရှိရာ အမ်းမြို့နယ် ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ရခိုင် အမျိုးသမီး ဒေါ်ခင်လှရီ တယောက်လည်း အပါအဝင် ဖြစ်သည်။

အမ်းမြို့ ကိုယ်စားပြုပြီး ပြည်နယ် လွှတ်တော်အတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ)က ရခိုင်ပြည် နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် ယှဉ်ပြိုင်ရမည့်သူ ဖြစ်သည်။

လူမှုရေးလုပ်ငန်းများဖြင့် လူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲတွင် ပါဝင်ဆောင်ရွက်ချင်စိတ်ကြောင့် နိုင်ငံရေးသမား ဖြစ်လာရ သည် ဆိုသော ဒေါ်ခင်လှရီသည် ရခိုင် အမျိုးသား ပါတီ၏ ဗဟိုကော်မတီဝင် တဦးလည်း ဖြစ်သည်။

အသက် ၄၈နှစ် အရွယ် ဒေါ်ခင်လှရီသည် ANP မှ ပြည်နယ် လွှတ်တော်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ၃၄ ဦးထဲမှ တဦး တည်းသော အမျိုးသမီး ဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) အဖွဲ့ဝင်အဖြစ် ပါတီနိုင်ငံရေးတွင် ပါဝင်လာခဲ့သည်။ ကျောက်ဖြူ တွင် မွေးဖွားကြီးပြင်းခဲ့ပြီး လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ရန်ကုန်တွင် နေထိုင်ခဲ့သည်။ ဒေါ်ခင်လှရီကို ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်းက ဆက်သွယ် မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး ။      ။ ကျောက်ဖြူ ဇာတိဖြစ်ပေမယ့် အမ်းမြို့နယ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဘာကြောင့် ရွေးချယ်ဖြစ်တာလဲ။

ဖြေ ။      ။ ဘာလို့ အမ်းမှာ ဝင်ပြိုင်လဲဆိုတော့ ရခိုင်ပါတီက အမ်းမှာ ဝင်ပြိုင်ခဲ့တယ်ဆိုတာ မရှိခဲ့ဘူး။ ကျမက ရခိုင် အမျိုးသမီး တယောက်အနေနဲ့ ရခိုင်ပါတီ အမ်းမှာ ယှဉ်ပြိုင်မယ်ဆိုတာ ပထမဦးဆုံး လိုချင်တယ်။ အဲဒါကြောင့် ကျမ ဝင်ပြိုင်တာပါ။ အမ်းမှာက အကုန် ရခိုင်လူမျိုးချည်းပါပဲ။ ခရစ်ယာန်၊ ချင်း လူမျိုးကတော့ နည်းနည်း ရှိပါတယ်။

မေး ။      ။ အမ်းမှာက စစ်တပ်အခြေစိုက်မြို့ ဖြစ်တယ်။ အမ်းက ဇာတိမဟုတ်တဲ့အပြင် ANP ရဲ့ ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီက ဗိုလ်ချုပ်ဟောင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းဖြစ်ခဲ့တဲ့ ဦးမောင်မောင်အုန်းလည်း ပြိုင်မှာဖြစ်တော့ ဘယ်လို စိန်ခေါ်မှုမျိုးတွေကို မျှော်လင့်ထားလဲ။

ဖြေ ။      ။ ဇာတိ မဟုတ်ပေမယ့် အမ်းမြို့နယ်က ကျောက်ဖြူခရိုင်မှာပါတဲ့ မြို့နယ်တခုလေ။ ကျမ ကျောက်ဖြူသူက အမ်းကို ယုံကြည် စိတ်ချစွာနဲ့ ကျမသွားပြီး ပြိုင်တာပါ။ အခုအချိန်အထိတော့ အဆင်ပြေပါတယ်။ အေးအေးဆေးဆေးပါ။ ဘာစိန်ခေါ်မှုမှ မရှိပါဘူး။ ပါတီတော်တော်များများကလည်း သူ့နေရာနဲ့သူ ပြိုင်ကြတာပါပဲ။ ကျမနဲ့အဓိက ပြိုင်ဘက်ကတော့ ကြံ့ခိုင်ရေးပါပဲ။ တခြား ကျမနဲ့ ပြိုင်မယ့် ပါတီတွေကတော့ ရခိုင် မျိုးချစ်ပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းပါတီနဲ့ ပေါင်း ၃ ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွေပါ။ အကုန်လုံး ၈ ပါတီပါ။

အဓိကကတော့ ပြည်သူလူထုရဲ့ ခံယူချက်ပါပဲ။ ကျမက ပြည်သူကို ယုံကြည်တယ်။ သူတို့ အခုချိန်က လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိတယ်လေ။ ဘယ်သူမဆို ကိုယ်ကြိုက်တဲ့ ပါတီကို မဲပေးပိုင်ခွင့် ရှိတယ်။ သူတို့ ယုံကြည်တဲ့ပါတီကို သူတို့ မဲထည့်လိမ့်မယ်။ ကျမ ပြည်သူကို ယုံတယ်။

မေး ။      ။ ရွေးကောက်ပွဲမှာ ဒေသခံတွေရဲ့ စိတ်ဝင်စားမှု၊ နောက်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အသိပညာ ဘယ်လောက် ရှိပါလဲ။

ဖြေ ။      ။ ရခိုင်ပြည်နယ်က ဧရိယာ အကျယ်ပြန့်ဆုံးဖြစ်တဲ့ အမ်းမြို့နယ်မှာ အရင်တုန်းကတော့ ရခိုင်ပါတီဆိုတာ မရှိခဲ့ပေမယ့် အခု ပါတီရှိလာတဲ့ အခါ အဲဒီမြို့က ရခိုင်တွေက တော်တော့်ကို ဝမ်းသာကြပါတယ်။ ကျမကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာတွေအတွက် ဘာတွေအရေးကြီးတယ်ဆိုတာ ကျမ ဒီ(စက်တင်ဘာ) ၈ ရက်နေ့ နောက်ပိုင်း (ခရီးတွေထွက်ရင်း) တွေ့ရင် ပြောဖြစ်ပါမယ်။

မေး ။      ။ နိုင်ငံရေးမှာ ပါဝင်ဖြစ်ခဲ့ပုံကို ပြောပြပေးပါ။

ဖြေ ။      ။ နိုင်ငံရေးမှာ ဘာလို့ ပါဝင်လဲဆိုတော့ ကျမက အစတုန်းက လူမှုရေးတွေ လုပ်တယ်။ လူမှုရေးတွေလုပ်ရင်း ကျမတို့ ရခိုင်ပြည်ဖြစ်ဖြစ် မြန်မာနိုင်ငံမှာ တခုလုံးဖြစ်ဖြစ် ပြောင်းလဲဖို့ လိုအပ်နေပြီထင်လို့ ကျမ ဒီနိုင်ငံရေး (လောကထဲ)ကို ဝင်ရောက်လာ တာပါ။ ကျမက ကျောက်ဖြူ ဇာတိ ပါ။ အထက်တန်းအထိ ကျောက်ဖြူမှာပဲ တက်ခဲ့တယ်။ စစ်တွေ ဒီဂရီကောလိပ်မှာ မြန်မာစာ အဓိကနဲ့ ၁၉၉၄ ခုနှစ်မှာ ကျောင်းပြီးပါတယ်။ အိမ်ထောင်ဖက်နဲ့ သားသမီး ၃ ဦး ထွန်းကားပါတယ်။ ၂၀၀၁ မှာ ရန်ကုန်ပြောင်းပြီး ရန်ကုန်-ကျောက်ဖြူ မြို့နယ်အသင်းမှာ သာရေးနာရေးတွေ ဝင်ရောက် လုပ်ကိုင်ပြီး ဗဟို အလုပ်အမှုဆောင် တာဝန်လည်းယူခဲ့ပါတယ်။

အဲဒီနောက် ကျမစိတ်က သာရေးနာရေး လူမှုရေး လုပ်ရုံလောက်နဲ့ မကျေနပ်နိုင်ဘူး။ စောစောက ပြောခဲ့သလို ကျမတို့ ရခိုင်လူထု အပါအဝင် မြန်မာတနိုင်ငံလုံး ပြောင်းလဲဖို့ အချိန်ကျနေပြီ ဆိုတာကို သဘောပေါက်တယ်။ အဲဒါကြောင့် RNDP ကို ၂၀၁၁ ခုနှစ်မှာ ဝင်လိုက်တယ်။ အမျိုးသမီး တယောက်အနေနဲ့ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့တယ်။ ပေးအပ်တဲ့တာဝန်ကိုလည်း မခြွင်းမချန် လုပ်တယ်။ ရခိုင်အမျိုးသမီးများအတွက် အလုပ် အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်တာတွေ လုပ်ကိုင်ခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ သင်တန်းတွေ ဖိုရမ်တွေကိုလည်း တက်ခဲ့တယ်။ ရခိုင် အမျိုးသားပါတီ ရဲ့သံတွဲညီလာခံမှာတော့ ကျမ ဗဟိုကော်မတီ တာဝန်ရခဲ့တယ်။ ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖြစ်လည်း လုပ်ရတယ်။ အခု ရွေးကောက် ပွဲ နီးလာတော့ အမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျမ တမင်ရွေးခဲ့တာပါ။

မေး ။      ။ အမ်းမြို့နယ်မှာ ပါဝင်ယှဉ်ပြိုင်မယ့်အထဲ အမျိုးသမီးလည်းဖြစ်၊ ကိုယ့်ရဲ့ ပြိုင်ဖက် ပါတီကြီးကလူကလည်း စစ်တပ် နောက်ခံရှိသလို ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်တော့ အမ်းမြို့နယ်မှာ ပြိုင်ဖို့ကို အဖွဲ့ကရော ဘယ်လို သဘောထားပေးခဲ့ပါလဲ။

ဖြေ ။      ။ အမ်းမြို့နယ်မှာ ကျမသွားပြီး ပြိုင်ဖို့ဆိုတာ ကျမတို့ပါတီမှာ ဗဟိုကချပေးတယ်ဆိုတာ မရှိပါ။ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေက မြို့နယ်ကလက်ခံမှ ရပါတယ်။ ကျမကို အမ်းမြို့နယ်က လက်ခံတာပါ။

မေး ။      ။ တကယ်လို့ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရရင် လွှတ်တော်မှာ ဘယ်ကိစ္စတွေကို ဦးစားပေး လုပ်သွားမလဲ။

ဖြေ ။      ။ ကျမက ပြည်နယ်လွှတ်တော် ကိုယ်စားပြုပြိုင်မယ့် ANP ကိုယ်စားလှယ် ၃၄ ဦးထဲမှာ တဦးတည်းသော အမျိုးသမီးပါ။ အမျိုးသမီးဖြစ် ပေမယ့် အမ်းမြို့နယ်က အရွေးခံရပြီး လွွှတ်တော်ကိုယ်စားလှယ်ဖြစ်လာရင် ရခိုင် အမျိုးသားတွေအတွက် အပြောင်းအလဲတခုမှာ ပါဝင်ပြီးတော့ အရင် အခြေအနေနဲ့ အခုအချိန်တွေမှာ သိသာအောင် ပြောင်းလဲနိုင်မယ့် လုပ်ငန်းစဉ်တွေကို ကျမ အဓိက ပါဝင်ပြီးတော့ လုပ်ပေးမယ်လို့ ခံယူထား တယ်။ ဖြစ်အောင်လည်း လုပ်မယ်။ ကျမက ဘယ်နှခု(ဘယ်အကြောင်းအရာရယ်)လို့ အသေအချာ မပြောဘူး။ ကျမ တတ်နိုင်တဲ့ဟာကို လုပ်နိုင် ရင် အကုန်လုံးကို လုပ်သွားမယ်။

မေး ။      ။ အမ်းမြို့နယ်က ဒေသခံပြည်သူတွေရဲ့ လိုအပ်ချက် ဘာတွေ တွေ့ရပါသလဲ။

ဖြေ ။      ။ အများကြီးပဲ။ သီးခြား ကမ္ဘာတခုလို ဖြစ်နေတယ်။ ဆက်သွယ်ရေး၊ လမ်း လုံး၀ မကောင်းဘူး။ တယ်လီဖုန်း ဆက်သွယ်ရေးလိုင်းတွေ လုံး၀ မကောင်းဘူး။ လျှပ်စစ်မီးက အမ်းမြို့နယ်တခုပဲ ရှိတယ်။ ကျန်တဲ့နယ်တွေမှာ ဘာမှမရှိဘူး။ လမ်းဘာမှ မကောင်းဘူး။ ဘာတခုမှ မကောင်း ဘူး။

မေး ။      ။ စစ်တပ် အထိုင်များတဲ့နယ်မှာ တပ်မတော်သားတွေဆီက မဲရဖို့ ဘယ်လောက်ထိ သေချာလဲ။

ဖြေ ။      ။ ဟုတ်ကဲ့။ ကျမ ပြောပြီးပြီလေ။ ကျမယုံတယ်။ လူတွေက အပြောင်းအလဲကို ယုံကြည်နေကြပြီ။ နောက်ပြီး လွတ်လပ်စွာ မဲပေးခွင့်ရှိတယ်။ အပြောင်းအလဲကို လိုချင်တဲ့ မြန်မာ့တပ်မတော်သား ပြည်ထောင်စုတပ်မတော်သား၊ ပြည်ထောင်စုအတွက် အလုပ် လုပ်နေသူတွေကိုလည်း သူတို့နှစ်သက်တဲ့ပါတီကို မဲထည့်နိုင်တယ်လို့ ပြောထားပြီးသားဆိုတော့ အပြောင်းအလဲ လိုလားနေတဲ့ လူတွေက သူတို့ကြိုက်တဲ့ပါတီကို မဲထည့် လိမ့်မယ်။ ကျမ ပြည်သူတွေကိုရော မြန်မာ့ တပ်မတော်သားတွေကိုရော ကျမ ယုံတယ်။

မေး ။      ။ မဲဆန္ဒရှင် ပြည်သူတွေကို ပေးချင်တဲ့ Message ကရော။

ဖြေ ။      ။ ခုနက ပြောသလို အားလုံး လူတွေက ပြောင်းလဲချင်တယ်။ ကျမတို့လည်း ပြောင်းလဲဖို့ ကြိုးစားတယ်။ ပြောင်းလဲချင်တဲ့ လူတွေ ကျမတို့ ပြောင်းလဲဖို့ ကြိုးစားနေတဲ့လူတွေနဲ့ ပူးပေါင်းပြီးတော့ ပါဝင်ကူညီပေးကြပါ လို့ ပြောချင်ပါတယ်။   ။

Did you find apk for android? You can find new Free Android Games and apps.