fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

နိုင်တဲ့သူကို ကွန်ကရက်ကျူလေးရှင်း လုပ်ပြီးတော့ လက်ဆွဲ နှုတ်ဆက်ရုံပါပဲ

လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲရလဒ်ကိုလည်း လက်ခံမယ်ဆိုတဲ့ဟာ ပြောထားဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သီးခြား မှတ်ချက်ပြုစရာ မရှိပါဘူး။


Want create site? Find Free WordPress Themes and plugins.

ရွေးကောက်ပွဲကျင်းပရန် ၁ ရက်အလို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးရက်တွင် နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်း လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  (ကြံ့ခိုင်ရေးပါတီ) က မြို့နယ်အားလုံးတွင် ကိုယ်စားလှယ်လောင်းများ၊  ပါတီဝင်များ၊ ပါတီဝင်မိတ်ဆွေများနှင့် တွေ့ဆုံပွဲကို နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တပြိုင်နက်တည်း ကျင်းပခဲ့သည်။

ကြံ့ခိုင်ရးပါတီကိုယ်စားပြု နေပြည်တော် ဇေယျာသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ ပြတ်ပြတ်သားသား အနိုင်ရရေး အရှိန်ုဟုန်မြှင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ရွေးကောက်ပွဲ အောင်နိုင်ရေးမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ဌာနချုပ်ရှိရာ ဇေယျာသီရိ မြို့နယ်တွင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တဦး ဖြစ်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဌေးဝင်းကို ၎င်း၏ မိန့်ခွန်းအပြီး ဧရာဝတီသတင်းထောက် ငြိမ်းငြိမ်းက တွေ့ဆုံမေးမြန်းထားပါသည်။

မေး ။    ။ ဒီ ဇေယျာသီရိ မြို့နယ်ကနေ ဘာကြောင့် ပါဝင်ယှဉ်ပြိုင်ရတာလဲ။

ဖြေ ။    ။ ပထမတော့ အန်ကယ့်အနေနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့တဲ့ အတွက် ရန်ကုန်တိုင်း ဒေသကြီး နယ်မြေကနေ ဝင်ပြီး ရွေးချယ်ခံဖို့ ဆုံးဖြတ်ပါတယ်။ နောက်တော့ ဒီဇေယျာသီရိ မဲဆန္ဒနယ်ပေါ့၊ ဒီဟာကတော့ ပြည်ထောင်စုနယ်မြေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ရွေးချယ်ခံမယ့် ပုဂ္ဂိုလ်လိုတယ်လို့ ပါတီဘက်က ပြောလာတဲ့အတွက် ဒါဆိုလို့ရှိရင် ဇေယျာသီရိ မဲဆန္ဒနယ်က ပြည်ထောင်စုနယ်မြေမှာမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အဝန်းအဝိုင်းနဲ့ ဆက်စပ်နေတဲ့နယ်မြေ ဖြစ်တဲ့အတွက် မိမိရဲ့ အရင်နေတဲ့ နေရာနဲ့လည်း သိပ်ပြီးတော့ အလှမ်းကွာဝေးမှု မရှိဘူး၊ နောက်ပြီး ဒီနယ်မြေမှာ ဝင်ပြီး အရွေးခံမယ်ဆိုရင် ဒီနယ်မြေရဲ့ အကျိုးကို ပိုပြီးတော့ ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် ဒီကနေပဲ ဝင်ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တာပါ။

မေး ။    ။ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအနေနဲ့ ရာထူးကြီးကြီး တာဝန်ထမ်းဆောင်ခဲ့သလို အခုလို တပ်နယ်မြေဖြစ်တဲ့ ဇေယျာသီရိမှာ ဝင်ပြိုင်တာက သေချာပေါက် ကိုယ်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ ။    ။ ဒီဟာတော့ ကြိုးစားရပါမယ်။ ဘာကြောင့်လဲဆိုတော့ အခု နယ်မြေထဲမှာ လေ့လာကြည့်လိုက်တော့လည်း အရင် ကျနော်တို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့  အစိုးရ၊ ဥက္ကဋ္ဌ ဦးသိန်းစိန် ဦးစီးတဲ့ အစိုးရအဖွဲ့ကနေ ဒီဒေသရဲ့ နိုင်ငံတော်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးထားတဲ့ဟာထဲမှာ ဒီနယ်ဒေသမှာလည်း ဒီဆောင်ရွက်မှုရဲ့ အောင်မြင်မှုတွေ ရှိနေပြီ ဖြစ်ပါတယ်။ အခြေခံ လိုအပ်ချက်တွေဖြစ်တဲ့ လမ်းတွေ၊ တံတားတွေ လျှပ်စစ်မီးရရှိရေးတွေ၊ ရေရှိရေးတွေ၊ ပညာရေး၊ ကျမ်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အဲဒါတွေက အရှိန်အဟုန်လေး တော်တော်ရနေတာ တွေ့ရပါတယ်။ အဲဒီလုပ်ငန်းတွေကို အန်ကယ့်အနေနဲ့ ဒီဒေသကနေ ရွေးချယ်ခံခဲ့ရရင် ဆက်ပြီးတော့ ဒီဟာတွေ ဒီဒေသဖွံ့ဖြိုးရေး၊ အန်ကယ်တို့ ပြောနေတဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဒီ့ထက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးသွားနိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။    ။ ဇေယျာသီရိမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ဘယ်လောက်ရှိပါလဲ။

ဖြေ ။    ။ အားလုံးစာရင်းအရတော့ ၇၀၀၇၇ ယောက် ရှိပါတယ်။

မေး။    ။ ဒီအထဲမှာ တပ်မတော်သား မဲပေးပိုင်ခွင့်ရှိသူက ဘယ်လောက်လောက်ပါပါလဲ။

ဖြေ။    ။ ၁၈၀၀၀ လောက်ပါပါတယ်။

မေး။    ။ အဲဒီမှာ တပ်မတော်သားတွေကို တခြား မဲဆွယ်စည်းရုံးမှုတွေ လုပ်ခွင့်မရဘူး ဆိုတော့ တပ်မတော်သားတွေ မဲပေးနည်း ပညာရဖို့ မဲပေးနိုင်ဖို့ ကိစ္စရပ်တွေကို ဘယ်လိုမျိုး ဆောင်ရွက် ကူညီပေးခဲ့လဲ။

ဖြေ။    ။ ဒီတပ်မတော်ထဲကတော့ အန်ကယ်တို့အနေနဲ့ သီးခြားဝင်ပြီးတော့ မဲဆွယ်စည်းရုံးလို့ ဘယ်သူမှ မရပါဘူး။ ဒါပေမယ့် တပ်မတော်ထဲကလည်း သူ့ဟာနဲ့သူ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်သွယ်ပြီး သူတို့ဆီမှာ ဒီလို မဲပေးတာနဲ့ ပတ်သက်ပြီး ပညာပေးမှု လုပ်ငန်းတွေကို သူတို့အစီအစဉ်နဲ့ သူတို့ လုပ်ပါတယ်။ အန်ကယ်တို့ဘက်ကတော့ မိမိရဲ့ ကိုယ်ရေးအချက်အလက်ပါတဲ့ စာစောင်လေးတွေ ပို့တာလောက်ပဲ ပို့ပေးပါတယ်။

မေး။    ။ တပ်မတော်သား မဲဆန္ဒပေးပိုင်ခွင့်ရှိသူ စာရင်းက တော်တော်များပါတယ်။ ကိုယ့်ရဲ့ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ စည်းရုံးခွင့်မရတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။    ။ အဲဒါလည်းပဲ အန်ကယ်က တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း တပ်မတော် စည်းရုံးရေး ကော်မတီမှာ အတွင်းရေးမှူးတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်တဲ့အတွက် တပ်မတော်သား အားလုံးနဲ့ရော မိသားစုတွေနဲ့ရော ဆက်စပ်မှုရှိပါတယ်။ ယခင်တုန်းကပေါ့။ ဆက်စပ်မှုရှိပါတယ်။ အဲဒီတုန်းကလည်း ဒီ စည်းရုံးရေးလုပ်ငန်းတွေ လုပ်ထားပြီး ဖြစ်တဲ့အတွက် သိပ်ပြီးတော့တော့ မစိမ်းကြပါဘူး။ တပ်မတော်တရပ်လုံး သိကြမယ်လို့ ထင်ပါတယ်။ ဒီနယ်မြေတင် မဟုတ်ဘူး။ တခြားနယ်မြေတွေလည်း သိကြပါတယ်။

မေး။    ။ နယ်မြေတွေမှာ မဲဆွယ်စည်းရုံးမှုအကြိမ် ၁၀၀ ကျော်လုပ်ခဲ့တယ် ဆိုတော့ ဒီဒေသ ပြည်သူတွေရဲ့ လိုအပ်ချက် ဘာတွေပါလဲ။

ဖြေ။    ။ ခုနက ပြောသလိုပါပဲ။ ဒီ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနဲ့ သူတို့ရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကတော့ အရှိန်အဟုန်လေးတော့ တော်တော်လေး ရနေပြီး အဲဒါကို ရှိပြီးသားလုပ်ငန်းတွေကို အခြေခံပြီး ခုနက ပြောတဲ့ လျှပ်စစ်မီးတို့၊ ရေတို့၊ လမ်းပန်းဆက်သွယ်မှု ချောမွေ့နေတာတို့ အဲဒါကို အခြေခံပြီး ဆက်ပြီး ဒေသဖွံ့ဖြိုးရေးကိစ္စ လုပ်သွားမယ်ဆိုရင် လုပ်နိုင်တဲ့အခြေအနေ ဖြစ်နေပါပြီ။ အဲဒါ ဆက်လုပ်ဖို့ပဲ လိုပါတယ်။

မေး။    ။ တနိုင်ငံလုံးအတိုင်းအတာမှာပဲ ကြည့်ကြည့် ပြိုင်ဘက်ပါတီကြီး နှစ်ခုဖြစ်တဲ့ အတိုက်အခံပါတီနဲ့ လက်ရှိ အစိုးရပါတီ ရှိပါတယ်။ ဒီမှာ မဲဆွယ်စည်းရုံးတဲ့အခါ ကိုယ့်ရဲ့  ပြည်ထောင်စု နယ်မြေ ဖြစ်ပေမယ့်လို့ အတိုက်အခံပါတီကလည်း စည်းရုံးမှုတွေ ရှိနေတယ်။ လူထုထောက်ခံတာတွေ ကြားရတယ်ဆိုတော့ ကိုယ့်အတွက် စိုးရိမ်မှု တစုံတရာ ရှိလား။ စိန်ခေါ်မှုတွေ တွေ့ရလား။

ဖြေ။    ။ သီးခြားတော့ မရှိပါဘူး။ အန်ကယ်တို့ ပါတီဝင်တွေရော၊ ပါတီ့မိတ်ဆွေတွေရော အားလုံးကို ပြောထားပါတယ်။ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ဥပဒေနဲ့အညီ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်ဖို့ အဓိက ကျတယ်။ ဒါကြောင့်မို့ အဲဒီဟာပေါ် မူတည်ပြီး ရပ်တည်ပါတယ်။ တဖက်ကိုလည်း မလိုမုန်းထားတာတွေ မရှိပါဘူး။ မေတ္တာနဲ့ပဲ အားလုံးဆက်ဆံပါတယ်။ ဒါကြောင့်မို့ စိန်ခေါ်မှုလည်း မရှိပါဘူး။ ရွေးကောက်ပွဲ မနိုင်ရရင်တော့ဖြင့် ဘာဖြစ်ပါတော့မယ် ဆိုတာလည်း မရှိပါဘူး။ အဲဒီလိုပဲ စဉ်းစားထားပါတယ်။

မေး။    ။ အတိုက်အခံပါတီကသာ နိုင်သွားမယ်ဆိုရင် ဒီရလဒ်ကို တပ်မတော်က လက်ခံနိုင်မယ်လို့ ယူဆပါသလား။

ဖြေ။    ။ ဒီဟာကတော့ ကျနော်တို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း ပြောထားပါတယ်။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲရလဒ်ကိုလည်း လက်ခံမယ်ဆိုတဲ့ဟာ ပြောထားဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သီးခြား မှတ်ချက်ပြုစရာ မရှိပါဘူး။

မေး။    ။ တကယ်လို့ နိုင်ခဲ့သည်ဖြစ်စေ၊ ရှုံးခဲ့သည် ဖြစ်စေ ဘယ်လိုများ ဆက်လုပ်သွားမယ့် အစီစဉ်ရှိပါလဲ။

ဖြေ။    ။ နိုင်ခဲ့ရင်လည်း ခုနက ပြောတဲ့အတိုင်းပဲ အစိုးရဖွဲ့ထဲအထဲမှာ ပါမယ်။ ပြီးရင် ပေးအပ်တဲ့တာဝန်ကို ကျေကျေပြွန်ပြွန်နဲ့ ဆက်ပြီးတော့ ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။ ရှုံးသွားခဲ့လို့ ရှိရင်လည်း နိုင်တဲ့သူကို ကွန်ကရက်ကျူလေးရှင်း လုပ်ပြီးတော့ လက်ဆွဲ နှုတ်ဆက်ရုံပါပဲ။ ဘာမှ မရှိပါဘူး။

Did you find apk for android? You can find new Free Android Games and apps.