fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

UEC အပေါ် ကျနော် အယုံအကြည် မရှိတော့ဘူး

သူတို့က ကျနော်တို့နဲ့ NLD မဟာမိတ်ဖွဲ့မှာကို တားဆီးဖို့ လုပ်နေတယ်ဆိုတာ ထင်ရှားနေလို့ပါ။ နောက်ပိုင်း UEC အပေါ် ကျနော် အယုံအကြည် မရှိတော့ဘူး


Want create site? Find Free WordPress Themes and plugins.

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တပတ် ၂ ပတ်ပင် မလိုတော့သည့်အချိန်တွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၂ ခုနှင့် ကျေးရွာ ၅၀ တွင် ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ထုတ်ပြန်ကြေညာလိုက် သည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်တွင် မိုင်းရှုးနှင် ကျေးသီးမြို့နယ်များတွင် မြို့နယ် တခုလုံးနှင့် တန့်ယန်းမြို့နယ်မှ ကျေးရွာ ၈ ရွာ၊ ဟိုပင်မြို့နယ်မှ ကျေးရွာ ၄၂ ရွာတို့တွင် ရွေးကောက်ပွဲများ ကျင်းပတော့မည် မဟုတ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ နေရာများအားလုံးသည် လတ်တလောတွင် အစိုးရ တပ်မတော်နှင့် ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း)ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် နေရာများ ဖြစ်ကြသည်။

ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်ကို အင်အားကောင်းသည့် တိုင်းရင်းသားပါတီတခု ဖြစ်သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)က ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၏ ပြိုင်ဘက်ပါတီ ဖြစ်သော ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(SNDP)က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး (SNDP)မှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မဟာ မိတ်ပါတီတခု ဖြစ်သည်။

ထို့ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းထောက် စမ်းယမင်းအောင်က ရှမ်းပြည်နယ်နှင့် ပတ် သက်သည့် နောက်ဆုံး အခြေအနေများကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် ဆွေးနွေး မေးမြန်းထားပါသည်။

မေး ။ ။ ကော်မရှင်ကနေ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပရမယ့် နယ်တွေ ကြေညာထားနဲ့ ပတ်သက်ပြီး ဘယ်လို ထင်ပါ သလဲ။

ဖြေ ။ ။ သူတို့တွေက ကျနော်တို့တွေကို NLD နဲ့ ပေါင်းမှာ စိုးတယ်။ ဝိတ်လျော့တာပေါ့ဗျာ။ သူတို့ကတော့ ရှင်းရှင်းပြောရရင် ဒေါ်စုနဲ့ ကျနော်တို့ပေါင်းမှာ ကြောက်တယ်ပေါ့။ အမျိုးသား လွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့နဲ့ သွားပြီးတော့ ပေါင်းမိမှာ စိုးတယ်ပေါ့နော်။

နာဂစ်တို့ ရခိုင် ရေဘေးတို့ ချင်းပြည်နယ်မှာလဲ ရေမြှုပ်သေးတာပဲဗျာ။ ဘာမှမလုပ်ဘဲနဲ့ အခုဒါလေးနဲ့ပဲ လုပ်တယ်ဆိုတာ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်တယ်။ မတရားဘူးလို့ သတ်မှတ်တယ်လေ။ လက်မခံဘူး။ တိုက်ပွဲ ဖြစ်မယ့်ကိစ္စကို ကော်မရှင်က ဘယ်လိုလုပ်ပြီး ၁၀ ရက် လောက် ကြိုသိတာလဲလို့ မေးချင်ပါတယ်။

ကျေးသီးမှာ ကော်မရှင်ရုံး အတိုက်ခိုက်ခံရပေမယ့် မိုင်းရှုးမှာ ရွေးကောက်ပွဲကို ပယ်ဖျက်ရလောက်အောင် အခြေအနေ မဆိုးဘူးလို့ ကျနော်တို့ပါတီ ကိုယ်စားလှယ်လောင်းက ပြောတယ်။ ဒုက္ခသည်တွေလည်း အိမ်ပြန်နေကြပြီ။ ဟိုပန်မှာလည်း ဘာမှ မဖြစ်ဘူး။

မေး ။ ။ ဒါက SNLD အနေနဲ့ ဘယ်လောက် ထိခိုက်မှု ရှိပါသလဲ။

ဖြေ ။ ။ ၈ နေရာ၊ ၉နေရာ ပါသွားပြီပေါ့။ အမျိုးသားရော၊ ပြည်သူရော၊ ပြည်နယ်ရော။ ရွေးကောက်ပွဲ မစသေးတာတောင် ကျနော်တို့ ဖယ်ထုတ် ခံနေရပြီ။ ရွေးကောက်ပွဲလုပ်တဲ့ အချိန်မှာလည်း တခြားလှည့်စားမှုတွေ လုပ်လိမ့်မယ်။ ရွေးကောက်ပွဲက သူတို့ လိုချင်တယ်လို့ ပြောတဲ့ အားလုံးပါဝင်နိုင်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တော့ဘူး။

မေး ။ ။ အဲဒီနေရာတွေမှာ SNLD က နိုင်ဖို့ သေချာသလောက် ရှိလို့လား။

ဖြေ ။ ။ အရမ်း သေချာနေပြီဗျာ။ SNDP က သူတို့ ရှုံးနိုင်တဲ့ နေရာတွေကို ရွေးကောက်ပွဲ ရွှေ့ဆိုင်းပေးဖို့ ပြောတယ်။ ရွေး ကောက်ပွဲ ကော်မရှင်က ဘာဖြစ်လို့ ကိုယ်တိုင် ကွင်းဆင်းမကြည့်တာလဲ။ သူတို့ ကိုယ်တိုင်ကြည့်ပြီးတော့မှ အတည်ပြုသင့်တယ်။ အခု အဲဒီလို မလုပ်တော့ ကျနောတို့လည်း နစ်နာတာပေါ့။

ကျနော်သာ ကျားဖြူ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ) ဥက္ကဋ္ဌ နေရာမှာသာဆို ဘယ်လိုမှ ကန့်ကွက်မှာ မဟုတ်ဘူး။ ဒီရွေး ကောက်ပွဲရလဒ်က မဲထည့်တယ်ဆိုတာ မွေးရာပါ အခွင့်အရေး၊ ကိုယ်ကြိုက်တဲ့ အစိုးရ၊ ကိုယ်ကြိုက်တဲ့မူ၊ ကိုယ်ကြိုက်တဲ့လူကို ပေးလို့ ရတယ်။ အဲဒီဟာကို သွားကန့်ကွက်တယ်ဆိုရင် ဒီရှမ်းတွေရဲ့ အခွင့်အရေးက ဆုံးရှုံးသွားပြီပေါ့။ သူတို့တွေ ကိုယ်စားလှယ် မရှိဘဲ သွားရ တော့မယ်။ ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ရမယ်။ ဒါမှမဟုတ် နောက်ထပ် ရွေးကောက်ပွဲကို ၅ နှစ် ထပ်စောင့်ရတော့မယ်။

မေး ။ ။ UEC ရဲ့ အခု လုပ်ရပ်အပေါ်မှာ ဘာပြောချင်လဲ။

ဖြေ ။ ။ သူတို့က ပွင့်လင်း မြင်သာပြီး ဘက်လိုက်မှု မပါတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ ကတိပေးခဲ့တယ်။ ကျနော်တို့ မိုင်းရှုး မှာ မဲဆန္ဒရှင်တွေဆီက လက်မှတ် ၅၀၀၀ လောက် စုစည်းပြီး လွိုင်လင်ခရိုင် ကော်မရှင်ရုံးကို ဒီနေ့ ပို့ခဲ့တယ်။ ရွေးကောက်ပွဲ ကျင်းပ ပေးဖို့ တောင်းဆိုထားတယ်။ ဒါပေမယ့် သူတို့ မလုပ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျနော်တို့နဲ့ NLD မဟာမိတ်ဖွဲ့မှာကို တားဆီးဖို့ လုပ်နေတယ်ဆိုတာ ထင်ရှားနေလို့ပါ။ နောက်ပိုင်း UEC အပေါ် ကျနော် အယုံအကြည် မရှိတော့ဘူး။

Did you find apk for android? You can find new Free Android Games and apps.