fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
အင်တာဗျူး

ကချင် ချီဖွေတွင် ယှဉ်ပြိုင်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်းနှင့် တွေ့ဆုံခြင်း

ကျနော်တို့တင် မဟုတ်ဘူး။ နိုင်ငံခြားသားတွေ လေ့လာစောင့်ကြည့်ရေးသမားတွေလည်း သွားလို့မရခဲ့ဘူး။ သူတို့ပြောတာ လွတ် လပ် မျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆို ဘာလို့ဒီလူတွေကို အစိုးရက လုံခြုံရေး မပေးနိုင်ခဲ့ရတာလဲ။ လေ့လာစောင့်ကြည့်ရေး ဥရောပ သမဂ္ဂ(EU) အဖွဲ့တွေတောင် သွားလို့မရခဲ့ဘူး။ ဒါက အစိုးရဘက်က မရိုးသားတာဘဲ။


Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် အထူးဒေသ (၁) ရှိ ချီဖွေမြို့နယ်၌ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ ၈ ရက်တွင် မဲမသမာမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ချီဖွေမြို့နယ်အတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နှင့် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၂) တို့၌ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိသွားပြီ ဖြစ်သော်လည်း မဲစာရင်း အတိအကျအား ထုတ်ပြန်ကြေ ညာခြင်း မရှိသေးပေ။

အထူးဒေသ(၁)ရှိ နယ်ခြားစောင့်တပ် ခေါင်းဆောင်၊ ပြည်သူ့စစ် အဖွဲ့၏ နာယကဖြစ်သူ ဦးစခုန်တိန့်ယိန်းသည် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၎င်း၏ သားဖြစ်သူနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ကိုယ်စားလှယ်လောင်းများကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရ သည်။

မဲမသမာမှုများ အပါအဝင် ခြိမ်းခြောက်ခံခဲ့ရမှုတို့နှင့် ပတ်သက်ပြီး ချီဖွေမြို့နယ်၌ NLD ပါတီ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဦးကျော်ကျော်ဦးအား ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။ ဦးကျော်ကျော်ဦးသည် ဦးစခုန်တိန့်ယိန်းနှင့် ယှဉ်ပြိုင် အရွေးခံခဲ့သော ကိုယ်စားလှယ် လောင်း တဦးလည်း ဖြစ်ပါသည်။

မေး။     ။ ချီဖွေမြို့နယ်ရဲ့ မဲစာရင်းရလဒ် အခြေအနေကို သိချင်ပါတယ်။
ဖြေ။     ။ မဲစာရင်းရလဒ်ကတော့ ကျနော်တို့ NLD တွေ ရှုံးပါတယ်။

မေး။     ။ မဲအရေအတွက် ဘယ်လောက်ကွာပါလဲ။
ဖြေ။၊     ။ ကျနော်တို့ မဲစာရင်းကို အတိအကျ မသိရသေးဘူး။ နှစ်ထောင်၊ သုံးထောင်လောက်ကွာပြီး ရှုံးသွားတာပဲ သိပါသေးတယ်။

မေး။     ။ နိုဝင်ဘာလ ၈ ရက် ချီဖွေမြို့နယ်ရဲ့ ရွေးကောက်ပွဲက ဘယ်လိုပြီးဆုံးသွားပါလဲ။
ဖြေ။     ။ ကျနော်တို့ မသိလိုက်ပါဘူး။ ကျနော်တို့ အရင်က အရိုက်ခံခဲ့ရတဲ့ နေရာမှာ ကျနော်တို့ မဲရုံ ကိုယ်စားလှယ်တွေ ထားလို့မရဘူး။ သူတို့က ကျနော်တို့ NLD ပါတီကို မဲပေးတယ်ဆို မဲတွေကို ဆုတ်ဖြဲပြီး နောက်တရွက်မှာ သူတို့ကိုပဲ ပေးရမယ်ဆိုပြီး ပြန် လုပ်ခိုင်းခဲ့တာတွေ ရှိပါတယ်။ ဒါက နိုဝင်ဘာလ ၈ ရက်ရဲ့ အခြေအနေပါ။

မေး။     ။ မဲရုံ ကိုယ်စားလှယ်ထားမယ့် သူတွေကို ဘာ့ကြောင့် ထားလို့မရတာပါလဲ ။
ဖြေ။     ။ မဲရုံတွေမှာထားမယ့် ကျနော်တို့ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက် ကြိမ်းမောင်းတာတွေကို ဦးစခုန်တိန့်ယိန်းတို့ ဘက်က လုပ်ခဲ့တယ်။ NLD ဘက်ကလာရင် မဲရုံမှာ ကိုယ်စားလှယ်လာထားရင် လာတဲ့သူတွေကို သတ်ပစ်မယ်လို့ ပြောထားတယ်။ ဘယ်သူ မှ မလုပ်ရဲတော့ဘူး။ ကျနော်တို့ပြောလည်း ဘယ်လိုမှ မရတော့ဘူး။ ကျနော်တို့ပါတီဝင် အမာခံတွေတောင် ဘယ်လိုမှ မလုပ်ရဲတော့ ဘူး။ သူတို့ဘက်က ရှုံးသွားရင် သတ်ပစ်မှာကြောက်လို့ ဘယ်သူမှ မသွားရဲတော့ဘူး။
ကျနော်တို့တင် မဟုတ်ဘူး။ နိုင်ငံခြားသားတွေ လေ့လာစောင့်ကြည့်ရေးသမားတွေလည်း သွားလို့မရခဲ့ဘူး။ သူတို့ပြောတာ လွတ် လပ် မျှတတဲ့ ရွေးကောက်ပွဲ လုပ်မယ်ဆို ဘာလို့ဒီလူတွေကို အစိုးရက လုံခြုံရေး မပေးနိုင်ခဲ့ရတာလဲ။ လေ့လာစောင့်ကြည့်ရေး ဥရောပ သမဂ္ဂ(EU) အဖွဲ့တွေတောင် သွားလို့မရခဲ့ဘူး။ ဒါက အစိုးရဘက်က မရိုးသားတာဘဲ။

မေး။     ။ NLD မှာ သက်သေရော ရှိပါလား။
ဖြေ။     ။ ကျနော်တို့မှာ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေနဲ့ အခြားသက်သေတွေ ရထားပါတယ်။ မဲရုံမှူးတွေအဖြစ် တာဝန်ယူခဲ့ရတဲ့ သူတွေ လူသက်သေတွေ ရှိပါတယ်။ ဒီ့အပြင် NLD ကို ပုတ်ခတ်ပြောဆိုထားတဲ့ စာရွက်စာတမ်းတွေလည်း ရထားပါတယ်။ ကျနော် တို့ လက်ထဲမှာ ရှိပါတယ်။

မေး။     ။ ချီဖွေတမြို့နယ်လုံးကို သွားလို့မရတာလား။ ဒါမှမဟုတ် ပြည်သူ့စစ်တွေအုပ်ချုပ်တဲ့ နေရာတွေကိုပဲ သွားလို့မရခဲ့တာလား။ ရှင်းပြပါဦး။
ဖြေ။     ။ ဟုတ်ပါတယ်။ ချီဖွေမြို့ပေါ် အဝင်လောက်ကိုတော့ သွားလို့ရခဲ့တယ်။ စုစုပေါင်းမဲရုံ ၃၅ ရုံမှာ ၂၂ ရုံက ပြည်သူ့စစ်တွေ စောင့်တာကြောင့် သွားလို့မရခဲ့ဘူး။ သွားလို့မရတာ နောက်ထပ် ၇ ရုံလည်း ရှိသေးတယ်။ စည်းရုံးရေး ဆင်းတော့လည်း ချီဖွေအဝင် ရွာ ၁၀ ရွာလောက်ပဲ သွားလို့ရခဲ့တယ်။ သွားလို့ မရခဲ့တာ ၃၅ ရွာ ရှိတယ်။

မေး။     ။ ချီဖွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးကရော ဘယ်လိုပြန်ပြောပါလဲ။ သူတို့ကိုရော ပြဿနာတွေ တင်ပြပါသေး လား။
ဖြေ။     ။ သူတို့က ပြည်သူ့စစ်ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းနဲ့ ငွေကြေးအရ ပတ်သက်မှုတွေရှိတယ်။ ဒီတော့ ဘာမှမပြောရဲကြဘူး။ အခုလည်း ဒီကိစ္စတွေကို ဘာမှမပြောကြဘူး။ အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့ မကြိုက်တာဆို မလုပ်ရဲကြဘူး။ ဒီတော့ သူတို့က ဒီပြဿနာကို ဘာမှကိုင်တွယ် မပေးပါဘူး။

မေး။     ။ ဒါဆို ရွေးကောက်ပွဲနေ့မှာ တရားဥပဒေနဲ့မညီဘဲ ဖြစ်သွားခဲ့တဲ့ကိစ္စကို NLD ကိုယ်စားလှယ် တယောက်အနေနဲ့ ဘယ်လို ဆောင်ရွက် မလဲ။
ဖြေ။     ။ ကျနော်တို့ အဖွဲ့ချုပ်ကို ပြောသွားပါမယ်။ အဖွဲ့ချုပ်က ဘယ်လိုလုပ်မလဲဆိုတာပဲ ကျနော်တို့ လိုက်နာပါမယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုက ကျနော်တို့တင်တယ်။ ရွေးကောက်ပွဲ မတိုင်ခင် ပထမတကြိမ် တင်တယ်။ ကျနော်တို့ စည်းရုံးရေး ဆင်း လို့ မရဘူး ပြောတယ်။ သေချာ မဖြေရှင်းပေးဘူး။ ဒုတိယတခေါက် ကျနော်တို့ ရိုက်နှက်ခံခဲ့ရတယ်။ ပစ္စည်းတွေ ဖျက်ဆီးခံခဲ့ရ တယ်။ အဲဒါတွေလည်း ကော်မရှင်က ထိထိရောက်ရောက် ဖြေရှင်းပေးခဲ့တာ မရှိဘူး။ ဒီတော့ပိုဆိုးလာတာပေါ့။ တဖက်ကဘာမှ လုပ် လို့ မရတဲ့ ပုံဖြစ်သွားတာပါ။

မေး။     ။ ဖြည့်စွက် ပြောစရာများရှိရင် ပြောပေးပါ။
ဖြေ။     ။ ဒီဒေသကိုအစိုးရက တရားဥပဒေ မစိုးမိုးအောင် လုပ်ထားတယ်။ အဲဒီဘက်ဒေသတွေမှာ ကြံ့ခိုင်ရေးပဲ အနိုင်ရအောင်လို့ အစိုးရဘက်က ဦးစခုန်တိန့်ယိန်းနဲ့ ဦးစခုန်ယိန်းဆောင် တို့ကို မြှောက်ပေးထားတယ်လို့ပဲ ကျနော်တို့က ယူဆပါတယ်။ သူတို့ မဲအနိုင် ရရှိရေးအတွက် ကြံ့ခိုင်ရေးကလုပ်သွားတဲ့ ကိစ္စတွေလို့ပဲ ပြောချင်ပါတယ်။ ချီဖွေမြို့နယ်ဘက်က ရွေးကောက်ပွဲက တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲပါ။ လွတ်လပ်မှုလည်း မရှိပါဘူး။    ။

Did you find apk for android? You can find new Free Android Games and apps.