fbpx
၂၀၁၅ ရွေးကောက်ပွဲ Irrawaddy.org
သတင်း

ချီဖွေမြို့နယ် မဲရုံ ၂၂ ရုံကို ပြည်သူ့စစ်နှင့် အစိုးရတပ် လုံခြုံရေးယူမည်

“အထူးဒေသ (၁) ထဲမှာ မဲရုံတွေမှာ စောင့်မယ့် အထူးရဲတွေက ပြည်သူ့စစ် တပ်သားတွေပါပဲ။ သူတို့က အထူးရဲသင်တန်း သွားတက်ထားတာပါ” ဟု ပြည်သူ့စစ်ခေါင်းဆောင် တဦးက ပြောသည်။


Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ်၊ အထူးဒေသ (၁)၊ ချီဖွေမြို့နယ်၌ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲနေ့တွင် မဲပေးကြမည့် မဲရုံ ၄၅ ရုံအနက် ၂၂ ရုံကို ပြည်သူ့စစ်နှင့် အစိုးရ တပ်မတော်တို့မှ လုံခြုံရေး ယူမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့စစ်နဲ့ တပ်မတော်က ပူးပေါင်းပြီး မဲရုံတွေရဲ့ အပြင်စည်းမှာ စောင့်ပါမယ်။ အတွင်းစည်းမှာ အထူးရဲတွေ ထိန်းသိမ်းလို့ မရတဲ့အခါကျတော့ ထိန်းသိမ်းနိုင်အောင်လို့ပါ” ဟု ချီဖွေမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးလောင်လမ်ခေါင်လွမ်းက ဧရာဝတီကို ပြောသည်။ မဲရုံစောင့်ကြပ်မည့် ပြည်သူ့စစ်နှင့် တပ်မတော် အင်အားမှာ ၁၀၀ ခန့် ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ချီဖွေမြို့နယ်တွင် ပြည်သူ့စစ်နှင့်် တပ်မတော်တို့က မဲရုံအပြင်စည်းတွင် စောင့်ကြပ်မည့်ကိစ္စရပ်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ညွှန်ကြားထားခြင်း မဟုတ်ဘဲ ချီဖွေမြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ချီဖွေမြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတို့က လိုအပ်မည်ဟု ယူဆကာ စီစဉ်ထားခြင်း ဖြစ်သည်ဟုလည်း ဦးလောင်လမ်ခေါင်လွမ်းက ဆိုသည်။

မဲရုံများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့် သင်တန်းပေးထားသော အထူးရဲများအား တရုံလျှင်တဦးစီ စောင့်ကြပ်ရန် တာဝန်ပေးထားပြီး၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် မဲရုံကို စောင့်ကြည့်မည့် အရပ်ဘက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မဲရုံအခြေအနေကို စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

“အထူးဒေသ (၁) ထဲမှာ မဲရုံတွေမှာ စောင့်မယ့် အထူးရဲတွေက ပြည်သူ့စစ် တပ်သားတွေပါပဲ။ သူတို့က အထူးရဲသင်တန်း သွားတက်ထားတာပါ” ဟု ပြည်သူ့စစ်ခေါင်းဆောင် တဦးက ပြောသည်။

ချီဖွေမြို့နယ်သည် ကချင်ပြည်နယ်၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်တပ်တို့၏ ခေါင်းဆောင် ဦးစခုန်တိန့်ယိန်း အုပ်ချုပ်သည့် ဒေသဖြစ်ပြီး ဦးစခုန်တိန့်ယိန်းသည် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန်တို့တွင် တသီးပုဂ္ဂလ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

အထူးဒေသ (၁) တွင် ဦးစခုန်တိန့်ယိန်းအပြင် ၎င်း၏သားဖြစ်သူ စခုန်ယိန်းဆောင်သည်လည်း မဲဆန္ဒနယ် အမှတ် (၂)၊ ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ဦးစခုန်တိန့်ယိန်းသည် ၎င်း၏သားဖြစ်သူ ဦးစခုန်ယိန်းဆောင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ခိုင်ရေးပါတီ) မှ ဦးဇုန်းတိန့်တို့နှင့် မဟာမိတ်ပါတီများအဖြစ် မိတ်ဖွဲ့ပူးပေါင်းပြီး အထူးဒေသ (၁) အတွင်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရသည်။

အထူးဒေသ (၁) ချီဖွေမြို့နယ်သည် အစိုးရ အုပ်ချုပ်ရေးပိုင်း အာဏာသက်ရောက်မှု အားနည်းပြီး အထူးဒေသ (၁) နယ်မြေ ၈၀ ရာခိုင်နှုန်းခန့်သည် ပြည်သူ့စစ်များနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများက စီမံအုပ်ချုပ်ကြကာ ရဲစခန်းများ မရှိသည့်နယ်မြေ ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်က အထူးဒေသ (၁) အတွင်း မဲဆွယ်စည်းရုံးရေး ဆင်းလာသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်းများနှင့် ပါတီဝင်များကို ဦးစခုန်တိန့်ယိန်း အဖွဲ့က ရိုက်နှက်ခြင်း၊ မဲဆွယ်မည့် ပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မဲဆန္ဒနယ်အမှတ် (၂)၊ ချီဖွေမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ပြည်သူလွှတ်တော် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဇုန်းတိန့်နှင့် ကချင်ပါတီမှ အမတ်လောင်းများကို အထူးဒေသ (၁) အတွင်းရှိ ပြည်သူအများစုက မဲပေးကြမည်ဟု ပြောဆိုနေကြသည်။

အထူးဒေသ (၁) အတွင်းရှိ ချီဖွေမြို့နယ်မှ ကျေးရွာများသည် ကျေးရွာတခုနှင့်တခု သွားလာရန်ခက်ခဲပြီး တယ်လီဖုန်း ဆက်သွယ်မှု မရသည့် ဒေသများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့အတွင်း အခြေအနေ တစုံတရာ ပေါ်ပေါက်လာပါက ချက်ခြင်းသိရှိနိုင်ရန် ဒေသတွင်း စကားပြောစက်များကို မဲရုံ ၄၅ ရုံလုံးတွင် တပ်ဆင်ထားပြီး၊ နိုဝင်ဘာလ ၈ ရက်တွင် တာဝန်ရှိသူများကိုလည်း စကားပြောစက်များ ပေးထားမည်ဖြစ်ကြောင်း ဦးလောင်လမ်ခေါင်လွမ်းက ပြောသည်။

ချီဖွေမြို့နယ်အတွင်း ဆန္ဒမဲ ပေးနိုင်သည့် လူဦးရေ ၁ သောင်းကျော်ရှိပြီး၊ အထူးဒေသ (၁) တွင် တပ်မတော်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တို့၏ တပ်စခန်းများအပြင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်များ ရှိကြောင်း ဦးလောင်လမ်ခေါင်လွမ်းက ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.